မြန်မာနိုင်ငံ၏ အဓိက အသက်သွေးကြော တစ်ခုဖြစ်သော သံလွင်မြစ်အတွင်း အန္တရာယ်ရှိ အာဆင်းနစ် အဆိပ်သင့်မှု ပမာဏသည် ဘေးကင်းလုံခြုံမှုအဆင့်ထက် ၅ ဆကျော် ပိုမိုမြင့်မားနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) နှင့် ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ် သဘာဝပတ်ဝန်းကျင် သုတေသနဌာနတို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း ကရင်နီ(ကယား)ပြည်နယ်အတွင်း ဖြတ်သန်းစီးဆင်းနေသော သံလွင်မြစ်ရေကို နမူနာယူ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခဲ့ရာတွင် ယခုကဲ့သို့ စိုးရိမ်ဖွယ်ရာ အခြေအနေကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ထိုကြောင့် သံလွင်မြစ်ရေကို တိုက်ရိုက် သောက်သုံးခြင်းနှင့် ရေနေသတ္တဝါများကို စားသုံးခြင်း မပြုရန် IEC က ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားသည်။
သံလွင်မြစ်၏ စိုးရိမ်ဖွယ်ရာ အခြေအနေနှင့် ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး တက်ကြွလှုပ်ရှားသူတစ်ဦး ကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းဟန်လင်းက ဆက်သွယ် မေးမြန်းထားသည်။
မေး ။ ။ သံလွင်မြစ်ထဲမှာ တွေ့ရတဲ့ အာဆင်းနစ်နဲ့ တခြားသော အဆိပ်သင့်နိုင်တဲ့ သတ္တုဓာတ်တွေက ရေထဲမှာတင်မကဘဲ မြစ်အောက်ခြေ အနည်အနှစ်တွေထဲမှာ ဘယ်လောက်ကြာကြာ ကိန်းအောင်းနေနိုင်လဲ။
ဖြေ ။ ။ မြစ်ရဲ့ သဘော သဘာဝအရဆိုရင် အနည်အနှစ် တော်တော်များများက မြစ်အောက်ခြေကနေ အထက်ကို ပြန်စီးတဲ့ သဘောသဘာဝ ရှိတယ်။ သံလွင်မြစ်က အလယ်တည့်တည့်မှာ စီးဆင်းတာ မြန်တယ်၊ ဒါပေမဲ့ ကျောက်တုံးကျောက်ခဲတွေ များတော့ ရေဝဲလိုမျိုး အထက်ကို ပြန်စီးတတ်တယ်။ အဲ့လို အထက်ကို ပြန်စီးတတ်တဲ့ အခါကျတော့ အနည်အနှစ်တွေက မြစ်ဝှမ်းတစ်လျှောက်မှာ ခံနေကြတယ်။
ဒါကြောင့် သတ္တုတွေက မြစ်ဝှမ်းမှာ ခံနေတဲ့ အချိန်ကျတော့ ရွှံ့နွံတွေရော၊ သဲကျောက်တွေရော အဲဒီကြားထဲမှာ ကပ်ပါလာတဲ့အချိန် အကုန်လုံး သန့်စင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့် သူက အနည်အနှစ်တွေနဲ့ပဲ ရောကပ်ပြီး နေနေကြတယ်။ နောက်တစ်ခုက ဘာကြောင့် ဆိုင်ယာနိုက်က သံလွင်မြစ်ထဲမှာ ကိန်းအောင်းနေလဲဆိုတော့ ဆိုင်ယာနိုက်ရဲ့ သဘောသဘာဝအရ အေးတာကို ကြိုက်တယ်။ သံလွင်မြစ်ရဲ့ ရေက အေးတယ်။ အေးတဲ့အတွက်ကြောင့် ဒီဆိုင်ယာနိုက်က အပူဓာတ်ကင်းတဲ့နေရာမှာ ခိုအောင်းနေတာ များတယ်။ ဒါကြောင့် ဆိုင်ယာနိုက်က လက်ရှိ မြစ်ထဲမှာ ကျန်နေတာ ဖြစ်တယ်။
ဘာကြောင့် ဆိုင်ယာနိုက်က သံလွင်မြစ်ထဲ ရောက်လာရလဲဆိုတော့ သတ္တု အမျိုးမျိုးကြောင့်၊ ပြီးတော့ မြစ်ဝှမ်းနဲ့ မြစ်လက်တက်တွေမှာ သတ္တုအမျိုးမျိုး ထုတ်လုပ်နေတာ ရှိသလို မြစ်အထက်ပိုင်းက တရုတ်ပြည်မှာ သတ္တုအမျိုးမျိုး ထုတ်လုပ်နေတာ ရှိတယ်။ သံလွင်မြစ် မဟုတ်ရင်တောင်မှ သံလွင်မြစ်ထဲကို စီးဝင်တဲ့ မြစ်ချောင်းတွေ အပါအဝင်ပေါ့။ အဲဒါတွေက ဆင်းသက်လာတဲ့ သတ္တုတွေကြောင့် ဖြစ်တယ်။ ဒါကြောင့်မလို့ အဲဒါတွေအားလုံးက သံလွင်မြစ်ထဲကို စီးဝင်ပြီး ကိန်းအောင်းနေတာ။
ဒါကြောင့် အများကြီး စုပုံလာတဲ့ အချိန်ကျတော့ ထို့အတူ မြစ်ဝှမ်းတစ်လျှောက်မှာ ခိုလှုံနေတဲ့ ငါးတွေက သေကုန်ကြတာပေါ့။ အဲကြောင့် နေ့စဉ် ငါးတွေ အများအပြား သေဆုံးပြီး ပုပ်စော်နံတယ် ဆိုတာက အဲဒီရေကြောင့် သက်ရှိဇီဝတွေ သေကုန်ကြတဲ့ သဘောရှိတယ်။
မေး ။ ။ ဘယ်ဒေသတွေက သတ္တုတူးဖော်ရေး လုပ်ကွက်တွေဟာ မြစ်ရေညစ်ညမ်းမှုအတွက် အဓိက တရားခံ ဖြစ်နေလဲ။ ဥပမာ – သျှမ်းပြည်မြောက်ပိုင်းက မြေရှားသတ္တုလား ဒါမှမဟုတ် အရှေ့ပိုင်းက ရွှေတူးဖော်မှုလား။
ဖြေ ။ ။ သံလွင်မြစ်က ပြောရရင် တရုတ်ပြည်ကနေ စတာပေါ့။ သံလွင်မြစ်က ဟိမဝန္တာ တောင်ပေါ်က တိဘက်ဒေသ ကုန်းမြင့်ကနေ စီးဆင်းလာတယ် ဆိုတော့ တော်တော်များများ တရုတ်ပြည်မှာလည်း သတ္တုတူးဖော်နေတာ၊ ထုတ်ယူနေတာ ရှိတယ်။ ထို့အတူ တရုတ်ပြည်ကနေ စပြီးတော့ မြစ်ချောင်းတလျှောက်ကို မှီခိုပြီးတော့ ထုတ်လုပ်နေတဲ့ လူတွေရှိသလို၊ သူရဲ့ မြစ်လက်တက် (သံလွင်မြစ်ထဲကို စီးဝင်နေတဲ့ မြစ်ချောင်းမှန်သမျှ) သတ္တုတူးဖော်မှုတွေလည်း ပါတယ်။
တစ်ခု တစ်နေရာတည်း ပြောလို့တော့ မရဘူး၊ များသောအားဖြင့် မြစ်ရင်းပိုင်းမှာ သိပ်ထိခိုက်တာ မတွေ့ရဘူး။ မြစ်လယ်ပိုင်းကနေ မြစ်အောက်ပိုင်းအထိ သတ္တုတူးဖော်မှုရဲ့ အညစ်အကြေးတွေနဲ့ အဆိပ်တွေကြောင့် ထိခိုက်တာ တွေ့ရတယ်၊ ဒါပေမဲ့ အဲဒီတစ်ခုတည်းနဲ့တော့ မဟုတ်ဘူး။ ဥပမာ – ကျနော်တို့ မြစ်အထက်ပိုင်းက နမ့်စင်၊ နမ့်ပန်၊ နမ့်တိန်း စသဖြင့်၊ တော်တော်များများ သူ့ရဲ့ မြစ်လက်တက်မှာရှိတဲ့ အညစ်အကြေးတွေ၊ စိုက်ပျိုးရေးထဲမှာ သုံးတဲ့ ဓာတုပစ္စည်းတွေ၊ ကြွက်သတ်ဆေး၊ ပိုးသတ်ဆေးကအစ အဲဒီအရာတွေကနေတဆင့် သံလွင်မြစ်ထဲကို စီးဝင်တာ။
သံလွင်မြစ်ဝှမ်းတလျှောက်မှာ အသုံးပြုတဲ့ ဓာတုပစ္စည်းတွေနဲ့ သတ္တု တူးဖော်မှု အမျိုးမျိုးကြောင့် သံလွင်မြစ်ရေ အဆိပ်သင့်တာ ဖြစ်တယ်။ အဲဒါကြောင့်မို့ တော်တော်များများက သံလွင်မြစ်ထဲမှာ လာစုကြတဲ့အခါ အဆိပ်သင့်တာပေါ့။
မေး ။ ။ ဒီလို အဆိပ်သင့်မှုက မြစ်ကြောင်းတစ်လျှောက်က ဇီဝမျိုးစုံမျိုးကွဲတွေနဲ့ ငါးမျိုးစိတ်တွေအပေါ်မှာ ဘယ်လိုမျိုး ပြန်မရနိုင်တဲ့ ပျက်စီးမှုမျိုးတွေ ဖြစ်စေလဲ။
ဖြေ ။ ။ ကျနော် သံလွင်မြစ်တစ်လျှောက် ခရီးသွားခဲ့တဲ့ အချိန်တုန်းကတော့ အရင်တုန်းက သံလွင်မြစ်ထဲမှာ ငါးတွေ တော်တော်ပေါတယ်။ ကျနော် အွန်လိုင်းပေါ်မှာ တင်ထားတဲ့ ငါးမျိုးစိတ်တွေ ရှိတယ်။ အခု အဲဒီငါးတွေက မြစ်ထဲမှာ ရှာလို့မတွေ့တော့ဘူး။ ဒါကြောင့် ငါးမျိုးစိတ်တွေတော့ ပြုန်းမှာပါပဲ၊ ဒါပေမဲ့ အားလုံးသေကုန်မှာတော့ မဟုတ်ဘူးပေါ့။
လွတ်တဲ့အကောင်ကလည်း လွတ်မှာ သေချာတယ်။ ထို့အတူ မြစ်ဖျားပိုင်းက ထိခိုက်မှု မရှိတော့ တော်ရုံတန်ရုံ အဲဒီငါးတွေတော့ ဆင်းဆင်းတက်တက် လုပ်ကြမှာပဲ၊ အားလုံးတော့ ပြုန်းမှာ မဟုတ်ဘူး။ ဥပမာ – ငါးမျိုးစိတ် ၅,၀၀၀ လောက်ရှိရင် ၃,၀၀၀ လောက်တော့ ပြုန်းမှာသေချာတယ်။ အဲလိုမျိုးတော့ ကျနော်တို့ တွေ့ရပါလိမ့်မယ်။
မေး ။ ။ အဆိပ်သင့်နေတဲ့ မြစ်ရေကို သုံးပြီး စိုက်ပျိုးထားတဲ့ သီးနှံတွေနဲ့ အဲဒီမြစ်ထဲက ငါးတွေကို စားသုံးမိတဲ့အခါ လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ဇီဝဓာတု စုစည်းမှုဖြစ်စဉ်က ဘယ်လောက်အထိ အန္တရာယ်ကြီးမားသလဲ။
ဖြေ ။ ။ ဆိုင်ယာနိုက်ရဲ့ သဘောသဘာဝက မီးနဲ့မနေဘူး၊ ဒါကြောင့် ကောင်းကောင်း ချက်ပြုတ်စားသောက်ရင် ရတယ်။ ဆိုင်ယာနိုက်က အပူရတာနဲ့ တခြားနေရာကို ပျံသန်းသွားပြီ။ ဥပမာ – ပြဒါးတိုင်လိုမျိုးပေါ့၊ ပြဒါးတိုင်တွေထဲမှာ ဆိုင်ယာနိုက်ရှိတယ်လေ။ ကျနော်တို့ အပူက ဘယ်လောက် အတိုင်းအတာရှိလဲ သိချင်ရင် အဖျားတိုင်းတဲ့အခါမှာ တွေ့ရလိမ့်မယ်၊ ပြဒါးက ပြေးသွားတာ။ ပြဒါးတိုင် ကျကွဲတာနဲ့ ဆိုင်ယာနိုက်က ပျောက်သွားပြီ။
အဲဒီဆိုင်ယာနိုက်တွေရဲ့ ဂုဏ်သတ္တိက အပူနဲ့ မနေဘူး၊ အပူနဲ့ အဝေးဆုံးနေရာမှာ သွားနေတယ်။ ဒါကြောင့် တခြားသတ္တုလိုမျိုး ဥပမာ – ရွှေတူးဖော်တဲ့နေရာမှာ ဆိုင်ယာနိုက် သုံးကြတယ်၊ မြေရှားသတ္တုလည်း တခြားဟာနဲ့ သန့်စင်ဖို့ ရှိတယ်။ ပြဒါးက ရွှေကို ဖမ်းယူတာရှိတယ်၊ သူ့မှာ ရွှေကို တလုံးတခဲ ဖမ်းယူနိုင်တဲ့ ဂုဏ်သတ္တိရှိတယ်။
ဒါပေမဲ့ တခြားသတ္တုတွေကျတော့ အဲလိုမျိုး မဟုတ်ဘူး၊ ဥပမာ – ကျောက်မီးသွေးဆိုရင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကင်ဆာဖြစ်ဖို့ ပိုများတယ်။ သိပ္ပံနည်းကျ ပြန်တွက်ရင်တော့ ရှေ့က ကျနော်ပြောသလိုမျိုး သံလွင်မြစ်ရေ အဆိပ်သင့်တာက တော်တော်များများ ပြဒါးကြောင့် ဖြစ်တာ များတယ်။ အဲဒါကြောင့် တအားအေးတဲ့ နေရာမှာ သွားခိုအောင်းနေတဲ့အချိန်၊ ပြီးတော့မှ အဲဒီရေနေသတ္တဝါတွေက အဲတာတွေကို သွားစားမိရင် သေကုန်မှာပဲ။ သူက အဲလို သဘောသဘာဝ ရှိတဲ့အတွက်ကြောင့် လူတွေ ဘယ်လောက် စားမိမလဲ ဆိုတာကျတော့ ပြောရခက်တယ်။
ကင်ဆာ ဖြစ်၊ မဖြစ် စစ်တမ်းကောက်ယူဖို့လည်း မလွယ်ဘူး။ လူတွေ ကင်ဆာ ဖြစ်တာကလည်း အကြောင်းအမျိုးမျိုးကြောင့် ရှိတယ်လေ။ ဒီ ရေအဆိပ်သင့်မှုကြောင့် လူတွေ ဖြစ်ဖို့ဆိုတာ ပြောရခက်တယ်၊ ဒါပေမဲ့ အရေပြားရောဂါလိုမျိုးတော့ တွေ့ရမှာပေါ့။ နောက်တစ်ခုကတော့ အဲဒီမြစ်ဝှမ်း တလျှောက်မှာ မွေးမြူနေတဲ့ ငါးတွေ၊ တိရစ္ဆာန်တွေတော့ သောက်မိရင် သေကောင်းသေနိုင်တယ်။
ဥပမာ – နွားက အဲဒီရေကို သွားသောက်လို့ သေသွားတယ်။ လူတွေက အဲဒီနွားကို ချက်ပြုတ်စားသောက်တဲ့အချိန် ဆိုင်ယာနိုက်က အဲဒီနွားထဲမှာ နေနေမှာ မဟုတ်တော့ဘူး၊ အဲဒီအမဲသားထဲမှာ နေနေမှာမဟုတ်တော့ဘူး။ သူက အပူရတာနဲ့ ထွက်သွားပြီ၊ အဲဒါကြောင့် ကျနော်တို့ ပြန်တွက်ရင် ပြောလို့မရဘူး။ ဒါပေမဲ့ အများဆုံး သေမှာက အဲဒီမြစ်ဝှမ်းမှာ နေနေတဲ့ တိရစ္ဆာန်တွေတော့ အသက်ဆုံးရှုံးမယ်၊ ထို့အတူ သံလွင်မြစ်ထဲမှာရှိတဲ့ ငါးမျိုးစိတ်တွေ ဆုံးရှုံးမှာတော့ သေချာတယ်။ ဘယ်လောက်ထိ ဆုံးရှုံးမလဲ ဆိုတာကျတော့ ပြောရခက်တယ်။ ဒါပေမဲ့ အရင်တုန်းက တွေ့တဲ့ သံလွင်မျိုးရင်းငါးတွေ မရှိသလောက်ပဲ၊ ပျောက်သွားတာ များတယ်။
မေး ။ ။ ရေရှည်မှာ ဒေသခံတွေအနေနဲ့ ဘယ်လိုမျိုး နာတာရှည်ရောဂါတွေကို ရင်ဆိုင်ရနိုင်ခြေ ရှိလဲ။
ဖြေ ။ ။ အခု ကောင်းတာတစ်ခုက သံလွင်မြစ်မှာ နီးတဲ့ရွာတွေ ရေသန့်သောက်တာ များတယ်။ ရေသန့်တွေ လုပ်ကြတယ်၊ ရွာပေါ်မှာ မူတည်ပြီး ရေသန့်စက် အကြီး၊ အသေးတွေ လုပ်ပြီး ရောင်းကြတာ ရှိတယ်။ အဲဒါကြောင့်မို့ သောက်သုံးရေနဲ့ ပတ်သက်ရင် လူတော်တော်များများ ထိခိုက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကားလမ်း မပေါက်တဲ့ နေရာတွေမှာရှိတဲ့ လူတွေကျတော့ ထိခိုက်မှု ရှိကောင်းရှိနိုင်တယ်။ ဒါပေမဲ့ ဆေးစစ်ချက်က သွားရောက်နိုင်မှာ မဟုတ်ဘူး။
ကင်ဆာရောဂါ ဖြစ်တာ၊ မဖြစ်တာကတော့ အဲဒီရေကို အသုံးပြုတဲ့အပေါ်မှာ မူတည်တယ်။ မြစ်ဝှမ်းတလျှောက် စိုက်ပျိုးရေး လုပ်ကြတယ်၊ ရေချိုးကြတယ် ဆိုရင်တော့ ဖြစ်မှာမဟုတ်ဘူး၊ ဒါပေမဲ့ အဲဒီရေကို သောက်သုံးရင်တော့ ဖြစ်နိုင်ခြေများတယ်။ အခုခေတ်မှာ တစ်ခုကောင်းတာက ဆိုလာရေသန့်တွေ များတယ်။ ပြီးတော့ ရေသန့်အိုးတွေလုပ်ပြီး ရောင်းကြတာ ရှိတယ်။ မြို့လောက်တော့ ဈေးမကြီးဘူးပေါ့။ တစ်လုံး ၅၀၊ ၁၀၀ လုပ်ရောင်းတာ ရှိတယ်။ အဲဒီအခြေအနေကြောင့် ကင်ဆာရောဂါ ဖြစ်၊ မဖြစ်တော့ ပြောရတာ ခက်တယ်။
မေး ။ ။ မြစ်ရေက အဆိပ်သင့်နေပြီဆိုရင် ဒေသခံတွေအတွက် ဘေးကင်းတဲ့ အစားထိုး ရေအရင်းအမြစ် ရှာဖွေဖို့ တော်တော်လေး ခက်ခဲသွားမယ့် အခြေအနေရှိလား။
ဖြေ ။ ။ တော်တော်လေးတော့ အခက်တွေ့ကြမှာပဲ။ ဒါပေမဲ့ များသောအားဖြင့် သံလွင်မြစ်ကို အမှီသဟဲ ပြုနေတဲ့ လူဦးရေနဲ့ ပတ်သက်ရင် အောက်ပိုင်းက ပိုများတယ်။ ဥပမာ – ဖာပွန်တို့၊ ဘားအံတို့ဘက်ကနေ ပြီးတော့ မွန်ပြည်နယ်အထိက အဲဒီသံလွင်မြစ်ရေကို အသုံးပြုတာ များတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သျှမ်းပြည်လိုမျိုး တောင်တွေ မမြင့်ဘူး၊ ချောင်းရေလိုမျိုးပဲ။ သူ့ရဲ့ဘောင်ကမ်းပါးက စိုက်ပျိုးမြေနဲ့ သိပ်ပြီး မကွာတော့ဘူး အဲဒီမြစ်အောက်ပိုင်းကျတော့။
မြစ်အထက်ပိုင်းကျတော့ စုပ်ထုတ်ဖို့၊ စုပ်တက်ဖို့ မလွယ်ဘူး။ သူက တောင်တွေနဲ့ ဝိုင်းရံထားတော့ သူ့ရဲ့ဘောင် ဖြစ်တာလေ။ ပထဝီအနေအထားနဲ့ ကြည့်မယ်ဆိုရင် အဲဒါတစ်ခုကတော့ ကွာတယ်။ မြစ်အောက်ပိုင်းက လူတွေအတွက်တော့ စိုးရိမ်စရာပေါ့။ မြစ်အထက်ပိုင်းကျတော့ အဲဒီရေကို သောက်သုံးနိုင်မှာလည်း မဟုတ်ဘူး၊ စိုက်ပျိုးရေးအတွက်ကလည်း သိပ်ပြီး အသုံးမပြုနိုင်ကြပါဘူး။
မေး ။ ။ ထိုင်းအစိုးရရဲ့ အခုလက်ရှိ ရေအရည်အသွေး စောင့်ကြည့်စစ်ဆေးမှုတွေက အဆိပ်သင့်မှုကို ကာကွယ်ဖို့ လုံလောက်မှု ရှိရဲ့လား၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သူတွေရဲ့ အမြင်ကိုလည်း သိပါရစေ။
ဖြေ ။ ။ ရေကတော့ ကာကွယ်ဖို့တော့ ဖြစ်နိုင်ပါတယ်။ အခု ရေကိုပြန်သန့်စင်တဲ့ ကိရိယာ ခေတ်မီတယ်။ ဥပမာ – အင်းလေးကန်ထဲက ရေတွေ အဆိပ်မသင့်အောင်၊ အညစ်အကြေးတွေ မများအောင်ဆိုပြီး ဂျာမနီက လာပြီးတော့ အင်းလေးကန်ကို ရေသန့်အောင် လုပ်တဲ့ဟာရှိတယ်။ ကျနော်တို့ ညောင်ရွှေကနေ ဆင်းသွားရင် သင်္ဘောတွေနဲ့ သူတို့စက်တွေနဲ့ ထောင်နေတာ ရှိတယ်။ ပြီးတော့ ညောင်ရွှေမရောက်ခင်မှာ ရေစစ်ကန်တွေ လုပ်ထားတာ ရှိတယ်။
ခေတ်မီတဲ့ နည်းပညာနဲ့ လုပ်ရင်တော့ ရေက ၁၀၀ ရာခိုင်နှုန်း မသန့်ရင်တောင်မှ အဆိပ်အတောက် နည်းသွားအောင်တော့ သူကလုပ်နိုင်ခြေရှိတယ်။ ဒါပေမဲ့ ကျနော်တို့ ဖြစ်ပုံက ဒီလိုပေါ့၊ ဥပမာ – မြစ်ရေက အဆိပ်သင့်ရင် မြစ်ရေက ကြီးတယ်လေ။ ပြီးတော့ ရှည်တယ် ၁၈၀၀ ကျော် ကီလိုမီတာ ရှိတဲ့အခါကျတော့ တော်တော်များများ မြစ်ရေကို Eco-system နဲ့ ဆက်နွယ်ရင် တခြားထိခိုက်မှု ကွင်းဆက်က များတယ်။
ကွင်းဆက်များတဲ့အချိန်ကျတော့ သစ်တောပိုင်းဆိုင်ရာတွေ၊ စိုက်ပျိုးရေးပိုင်းဆိုင်ရာတွေ၊ ပြီးတော့ ရေက ပင်လယ်ထဲ စီးဝင်တော့ သဘာဝအရ ရေငွေ့အဖြစ် ပြောင်းလဲသွားတာ ရှိတယ်။ ဒါကြောင့် ဒီစက်ဝိုင်းအားလုံးက အဆိပ်အတောက်တွေ အဲမှာထွက်လာရင် ဥပမာ – ကမ္ဘာကြီးရဲ့ အိုဇုန်းလွှာကို သွားထိတာရော၊ ကမ္ဘာကြီးရဲ့ မှန်လုံအိမ်အာနိသင် ပိုပြီးအပူချိန် တက်လာအောင် ဖြစ်လာတယ်။
နောက်တစ်ခုက အဲဒီအငွေ့တွေကြောင့် သဘာဝ ပတ်ဝန်းကျင် အားလုံးက ကမောက်ကမ ဖြစ်တယ်၊ အဲဒါက တစ်ပိုင်းဖြစ်တယ်။ သစ်တောပျက်တာ တစ်ပိုင်းဖြစ်တယ်။ ပြီးတော့မှ အဆိပ်ဂတ်စ်တွေ လုပ်တဲ့အချိန်ကျတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ရော၊ ဝါတာအောက်ဆိုဒ်ရော ပါသွားတဲ့ အခါကျတော့ အားလုံးက အချင်းချင်း ဓာတ်ပြုတဲ့ အချိန်ကျတော့ ကျနော်တို့ ကမ္ဘာကြီးရဲ့ သဘာဝပတ်ဝန်းကျင်ကို ဆိုးဝါးအောင် အကုန်လုံး ပြောင်းလဲပစ်စေနိုင်တယ်။
မိုးရာသီ မဟုတ်ရင်တောင်မှ မိုးကရွာတယ်၊ မိုးရာသီ မရောက်လည်း မိုးကရွာတယ်။ ပြီးတော့ နွေရာသီ မရောက်သေးဘူး၊ အအေးဓာတ်ရှိတဲ့နေရာက အေးနေသေးတယ်။ ရေလွှမ်းတဲ့နေရာက လွှမ်းနေတယ်၊ ရေကြီးတဲ့နေရာလည်း ကြီးနေတယ်။ ရာသီဥတုက ဆောင်းရာသီမှာ နှစ်လလောက် အေးတဲ့နေရာ ရှိတယ်။ အရင်တုန်းက အအေးဓာတ်က လေး၊ ငါး လလောက်ရှိတယ်။ သူ့ရဲ့ ရာသီက ပြောင်းပြန်တွေ ဖြစ်လာတဲ့အချိန်ကျတော့၊ ဒီလိုမျိုးဖြစ်အောင် ဖြစ်ဖို့ကလည်း ရေတွေ အဆိပ်သင့်တာလည်း ပါတယ်။ ဒါမှမဟုတ် တစ်ခုနည်းနည်းစီ အားလုံးစုပေါင်းတဲ့ အချိန်ကျတော့ ဒီလိုမျိုး ဖြစ်လာတာပေါ့။
မေး ။ ။ အကယ်၍ မိုင်းတွင်းတူးဖော်မှုတွေကို ဒီနေ့မှာပဲ ချက်ချင်းရပ်လိုက်မယ်ဆိုရင် သျှမ်းပြည်ရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ မြစ်ချောင်းတွေ နဂိုအတိုင်း ပြန်ဖြစ်ဖို့ ဘယ်လောက်ကြာကြာ အချိန်ယူရမလဲ။
ဖြေ ။ ။ အဲဒါကတော့ နိုင်ငံတစ်နိုင်ငံရဲ့ လုပ်ငန်းစဉ်ပေါ်မှာ မူတည်တယ်။ လုပ်နည်းလုပ်ဟန်နဲ့ အစီအစဉ်ပေါ်မှာ မူတည်တယ်။ ရပ်၊ မရပ်ကတော့ ပြောလို့မရဘူး။ ဒါပေမဲ့ ကျနော်တို့ ဒီဟာကိုတူးရင် အဆိပ်အတောက် မဖြစ်အောင် ဘယ်လိုမျိုး ကာကွယ်ကြမလဲ၊ ပြီးတော့ အညစ်အကြေးတွေကို ဘယ်လိုစွန့်ပစ်ကြမလဲ။ ပြီးတော့ လူတွေကို မထိခိုက်အောင် ဘယ်လိုမျိုး လုပ်မလဲ။ ထို့အတူ မြစ်ကြီးတွေကို စီးမဝင်အောင် ဘယ်လိုမျိုး လုပ်ကြမလဲ။ အဲဒါတွေကလည်း အရေးကြီးတယ်။
ပြီးရင် သတ္တုတွေကို တူးရင် ဘယ်လောက်ထိ အတိုင်းအတာထိ တူးမလဲ၊ ဘာအတွက်ကြောင့် တူးမလဲ။ ကုန်ကြမ်းတွေပဲ ရောင်းနေတော့မလား၊ ကုန်ချောအဖြစ်ကော မလုပ်တော့ဘူးလား။ ကုန်ကြမ်းပဲ ရောင်းနေမယ်ဆိုရင် ဈေးနည်းတယ်၊ ကျနော်တို့အတွက် မကာမိဘူး။ ကုန်ချောလုပ်မယ်ဆိုရင်တော့ ဥပမာ – ခနောက်စိမ်း တူးဖော်မယ်ဆိုရင် မြေရှားသတ္တုလိုပေါ့ ကုန်ကြမ်းအဖြစ်ပဲ ရောင်းမယ်ဆိုရင် ဈေးပေါပေါပဲ ရတယ်။ သူတို့က ကုန်ချောပြန်လုပ်တဲ့ အချိန်ကျတော့ ဈေးများများရတယ်။ အင်ဂျင်စက်တို့ ဘာတို့ ပြန်လုပ်တဲ့အချိန်ပေါ့။
ပြီးတော့ မြေရှားသတ္တုတွေက လျှပ်စစ်ကားတို့၊ လျှပ်စစ်မော်တော် ဆိုင်ကယ်တို့မှာ အသုံးပြုမယ့် ဘက်ထရီက ခဲပြားတွေပေါ့။ အဲဒါကြောင့် ကျနော်တို့ ဘယ်လိုစီမံခန့်ခွဲမလဲ၊ ဘယ်လိုမျိုး နည်းပညာနဲ့ ဒီဟာကိုပြန်ပြီး ရအောင်လုပ်မလဲ၊ ပြီးတော့ ဒီဟာတွေကို ကုန်ကြမ်းအဖြစ် မတင်တော့ဘဲနဲ့ ကုန်ချောအဖြစ် ဘယ်လိုလုပ်မလဲ။ ထို့အတူ တူးနေတဲ့အချိန်မှာ အညစ်အကြေးတွေကို ဘယ်လို စီမံခန့်ခွဲမလဲဆိုတဲ့ဟာ အဲဒီနည်းပညာနဲ့ ချမှတ်တဲ့ အစီအစဉ်နဲ့ ဥပဒေတွေ လိုအပ်တယ်။
နောက်ထပ် ကျနော်တို့ ဘယ်လောက် အတိုင်းအတာထိ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ကြမလဲ၊ ကောင်းအောင် ဘယ်လိုလုပ်ကြမလဲဆိုတာ အရေးကြီးတယ်။ အဲဒါတွေရှိရင် နှစ်ပေါင်း ဘယ်လောက် ကြာမလဲဆိုတာ တွက်လို့ရတယ်။ အခုကျတော့ အဲဒါတွေ တစ်ခုမှမရှိတဲ့ အချိန်ကျတော့ မြန်မြန်ဆန်ဆန်နဲ့ ပျက်စီးတာ တွေ့ရလိမ့်မယ်။
မေး ။ ။ မြေရှားသတ္တု တူးဖော်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ပတ်ဝန်းကျင်ကပ်ဘေးအတွက် ဘယ်သူ့မှာ အဓိက တာဝန်ရှိသလဲ။ မိုင်းတွင်းလုပ်ငန်းရှင်လား၊ ခွင့်ပြုပေးနေတဲ့ လက်နက်ကိုင်အဖွဲ့တွေလား၊ ဒါမှမဟုတ် ဝယ်ယူသုံးစွဲတဲ့ နိုင်ငံတကာ ကုမ္ပဏီတွေလား။
ဖြေ ။ ။ အကုန်လုံးကတော့ ပါတယ်။ ပထမကတော့ ဖွင့်ပေးတဲ့လူပေါ့၊ ဒုတိယကတော့ လာလုပ်တဲ့သူ။ သူကတော့ လာလုပ်မှာပဲ၊ ဘာဖြစ်လို့လဲဆိုရင် သူ့နိုင်ငံ မဟုတ်ဘူးလေ။ ဒါပေမဲ့ ထိခိုက်တာတော့ အဲဒီနိုင်ငံမှာ နေတဲ့သူတွေပေါ့။ ဒါကြောင့် ဘယ်သူ့မှာ အဓိက တာဝန်ရှိလဲဆိုရင် လာလုပ်တဲ့သူနဲ့ ခွင့်ပြုပေးတဲ့သူပေါ့။ လက်ရှိ အနေအထားအရ ပြောရရင် တရုတ်နိုင်ငံတို့လိုမျိုး၊ အမေရိကန်နိုင်ငံတို့လိုမျိုးပေါ့။
ထိုင်းနိုင်ငံလိုမျိုးဆိုရင် ပေးမတူးဘူးလေ၊ တခါတလေ အစိုးရက လုပ်ချင်ပေမယ့် ထိုင်းပြည်သူလူထုတွေက လက်မခံဘူး။ တတိယအချက်က ပြည်သူလူထုအပေါ်မှာ မူတည်တယ်။ ပြည်သူလူထုတွေအနေနဲ့ မကြိုက်ရင် မကြိုက်တဲ့အကြောင်း၊ ထိခိုက်ရင် ထိခိုက်တဲ့အကြောင်း ပြောနိုင်ခြေရှိတယ်။ ဒါပေမဲ့ လူထုတွေ တော်တော်များများက ဆုံးဖြတ်ချက်ချတဲ့နေရာမှာ မပါဝင်နိုင်ကြဘူး။ အဓိက တရားခံကတော့ ခွင့်ပေးတဲ့သူအပေါ်မှာ မူတည်တယ်။
မေး ။ ။ အခုလို အဆိပ်သင့်မှုတွေကို အချိန်မီ မတားဆီးနိုင်ရင် နောက်ထပ် ၅ နှစ်၊ ၁၀ နှစ်အတွင်း သျှမ်းပြည်ရဲ့ သဘာဝပတ်ဝန်းကျင်က ဘယ်လို အခြေအနေထိ ဆိုးရွားသွားနိုင်လဲ။
ဖြေ ။ ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးမှာ ကျနော် ဒီအလုပ်လုပ်လာတာ နှစ်ပေါင်း ၂၀ ရှိပြီ။ ၅ နှစ်တစ်ကြိမ် ကျနော် မီဒီယာတွေရဲ့ အင်တာဗျူးပေါ်မှာ ပြောလေ့ပြောထရှိတဲ့ စကားတွေ အများကြီး ရှိပါတယ်။ စစချင်း ကျနော်တို့ နာဂစ်တွေ့တဲ့အချိန်၊ နာဂစ်မရောက်ခင် ကျနော်တို့ ပြောပါတယ်၊ ဒီထက် ပိုဆိုးလာလိမ့်မယ် ဆိုပြီးတော့။ အဲဒီ နာဂစ်ပြီးတာမှ ငလျင်လှုပ်တာ ထပ်ပါလာတယ်။ ပြီးတော့ ရေကြီးမှု၊ မီးလောင်မှု၊ မြေပြိုမှု ဆက်ပါလာတယ်။ ထို့အတူ ရေခန်းခြောက်တာ၊ အဲဒီကတည်းက ကျနော်တို့ ပြောခဲ့တာ တစ်ခုပြီးတစ်ခု ဆက်ပြီး ဖြစ်လာတာပဲ။
ပြီးခဲ့တဲ့ နှစ်တွေတုန်းကဆိုရင် ကိုဗစ်ကာလကလွဲလို့ ရေကြီးမှုတွေ၊ ရေခန်းခြောက်မှုတွေက ကျနော်တို့ တွေ့ရတယ်။ တချို့နေရာတွေမှာ သောက်ရေမရှိဘူး၊ တချို့နေရာတွေမှာ လှေသွားလို့ မရဘူး။ တချို့မြစ်ချောင်းတွေ လှေတွေ ရပ်ထားရတယ်။ မဲခေါင်မြစ်တို့ဆိုရင် သင်္ဘောငယ်လေးတွေ ပြေးဆွဲလို့ မရတော့ဘူး။ ပြီးတော့ လယ်မြေတွေ ပျက်စီးတာ၊ စိုက်ထားတဲ့ စပါးတွေဆိုရင် သျှမ်းပြည်အရှေ့မှာရော အလယ်ပိုင်းဒေသ တော်တော်များများမှာရော ရေမရရှိတဲ့အတွက် ပျက်သွားတာများတယ်။
ထို့အတူ ဒီနှစ်ထဲမှာ စိုက်ပျိုးစရိတ်နဲ့ စိုက်တဲ့လူတွေ၊ ပြီးတော့ နွေဦးရိတ်သိမ်းမယ့်ဟာတွေ မိုးကျတော့ ပျက်စီးတာများတယ်။ အလုံးကလည်း မကြီး၊ အသီးကလည်း မကြီး၊ လှလည်း မလှ၊ ကောင်းလည်း မကောင်းတော့ နိုင်ငံခြား တင်ပို့ဖို့ မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူးဆိုတဲ့ အခါကျတော့ အသီးတွေက ဈေးပေါပေါနဲ့ပဲ ရောင်းရတယ်။ ဥပမာ – ထိုင်းနိုင်ငံ လိမ္မော်သီး တစ်လုံး ၃ ဘတ်တို့ ဖြစ်လာတာလေ၊ ဒါတောင် မြန်မာပြည်မပြောနဲ့ ထိုင်းတောင် ဖြစ်လာနေပြီ။
ထိခိုက်မှုကတော့ တစ်နှစ်ထက် တစ်နှစ် မတွေ့ရပေမယ့် ငါးနှစ်တစ်ကြိမ် ပြန်ကြည့်တဲ့အခါကျတော့ ပိုပိုဆိုးရွားလာတာကို တွေ့ရတယ်။ ၂၀၂၅ ခုနှစ်တုန်းကလည်း မြေငလျင်ကြီး လှုပ်တော့ ထိခိုက်မှုများတယ်။ ဒီကနေ စပြီးတော့ ၂၀၂၆-၂၀၂၇-၂၀၂၈-၂၀၂၉-၂၀၃၀ မှာ တစ်ခါ ပြန်တွေ့ရလိမ့်မယ်၊ ၂၀၃၀ မှာ တစ်ခါပြန်တွေ့ရလိမ့်မယ်။ သဘာဝ ဘေးအန္တရာယ်ကတော့ သူ့ကို ထိခိုက်မှုများလာရင် ကျနော်တို့ ဒီဟာတွေ တွေ့ရလိမ့်မယ်၊ ဒါက မလွှဲမသွေ တွေ့ရမယ့် သဘာဝဘေးကပ်ဆိုးကြီး ဖြစ်တယ်။












Leave a Comments