ရောဂါဝေဒနာများ ပြည့်နှက်နေသည့် သံလွင်

“သံလွင် မြစ်ရေစီးသန်အားကြီးတယ် ဒို့သျှမ်းပြည်အလယ်…လွယ်လွယ်နဲ့ကူးဖြတ်နိုင်မယ်မထင်” ဆိုသည့် တေးဆို စိုင်းDeMoine အသံ တည်တည်ငြိမ်ငြိမ်လေးကလည်း သံလွင်မြစ်အကြောင်းကို လွမ်းဆွတ် သတိရစရာများ ဝမ်းနည်းစရာဖြစ်လာသည်။

“သံလွင်သမီးပျို” သီချင်းသည် သျှမ်းပြည်၏ အသက်သွေးကြောဖြစ်သော သံလွင်မြစ်၏ အလှအပကို ဖော်ကျူးနေသော်လည်း ယနေ့ခတ်ကာလတွင် ထိုသီချင်းသံမှာ ငိုသည်းသံတစ်ခုကဲ့သို့ ပြောင်းလဲနေပြီ ဖြစ်သည်။

သျှမ်းပြည်အတွင်းရှိ မြစ်ချောင်းများတွင် “မြစ်မင်း” ဟု တင်စားခေါ်ဝေါ်ရလောက်အောင် ကြီးကျယ်လှသော သံလွင်မြစ်သည် ယခုအခါ အလှပျက်ရုံသာမက သူ၏ အသက်သွေးကြောထဲတွင် အဆိပ်သင့်မှုများဖြင့် အသက်ငင်နေရပြီ ဖြစ်သည်။

တိဘက်ဒေသ ကုန်းပြင်မြင့်မှ စတင်စီးဆင်းလာသည့် (အရှည် ၂,၈၀၀ ကီလိုမီတာကျော်) သံလွင်မြစ်သည် သျှမ်း၊ ကယား (ကရင်နီ) ၊ ကရင်နှင့် မွန်ပြည်နယ်တို့ကို ဖြတ်သန်းကာ မုတ္တမပင်လယ်ကွေ့ထဲသို့ စီးဝင်သည်။

အရှေ့တောင်အာရှ၏ အရှည်လျားဆုံးနှင့် ဆည်တာတမံများ အနှောက်အယှက်မရှိဘဲ လွတ်လပ်စွာ စီးဆင်းနေသည့် နောက်ဆုံးသော မြစ်ကြီးများထဲတွင် သံလွင်မြစ်သည် တစ်စင်းအပါအဝင် ဖြစ်သည်။

ရှေးလူကြီးများ၏ အဆိုအရ သံလွင်မြစ်သည် အလွန်ကြီးကျယ်မြင့်မြတ်လှသဖြင့် “ရွှေတွေမခင်းထားလျှင် သံလွင်ရေ မစီးဘူး” ဟုပင် တင်စားပြောဆိုကြသည်။

“သံလွင်မြစ်က တကယ်ကို မာန်ကြီးတဲ့မြစ်ဗျ။ လူကြီးတွေ ပြောလေ့ရှိတာ ‘ရွှေမခင်းရင် သံလွင်က မစီးဘူး’ တဲ့။ အဲ့ဒီစကားအတိုင်းပဲ အခုချိန်ထိ သံလွင်မြစ်ထဲမှာ ရွှေတွေရှိနေတုန်း၊ လူတွေလည်း တကောက်ကောက်နဲ့ ရွှေကျင်နေကြတုန်းပဲပေါ့ဗျာ” ဟု သျှမ်းသံတော်ဆင့် အယ်ဒီတာချုပ် ကိုစိုင်းမိဏ်းက ပြောသည်။

ထိုတင်စားချက်အတိုင်းပင် သံလွင်မြစ်ထဲတွင် ယနေ့တိုင် ရွှေများရှိနေသလို သျှမ်းပြည်၏ ဂေဟစနစ်နှင့် ဇီဝမျိုးကွဲများ၊ တိရိစ္ဆာန်များအတွက် အဓိကအားကိုးမှီခိုရာ ဖြစ်ခဲ့သည်။

သို့သော် ထိုရွှေများကပင် ယခုအခါ သံလွင်မြစ်ကို သေတွင်းတူးနေသည့် အကြောင်းအရင်း ဖြစ်လာခဲ့သည်။

အဆိပ်သင့်နေသော အသက်သွေးကြော

သျှမ်းပြည်၏ အဓိက အသက်သွေးကြောတစ်ခုဖြစ်သော သံလွင်မြစ်အတွင်း အန္တရာယ်ရှိ အာဆင်းနစ် အဆိပ်သင့်မှုပမာဏသည် ဘေးကင်းလုံခြုံမှု အဆင့်ထက် (၅) ဆကျော် ပိုမိုမြင့်မားနေကြောင်း စစ်တွေ့ရှိခဲ့သည်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) နှင့် ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်၊ သဘာဝပတ်ဝန်းကျင် သုတေသနဌာနတို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း ကရင်နီပြည်ဖြတ်သန်းစီးဆင်းသော သံလွင်မြစ်ရေကို ဓာတ်ခွဲစစ်ဆေးခဲ့ရာတွင် ယခုကဲ့သို့ စိုးရိမ်ဖွယ်ရာ အခြေအနေကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထိုကြောင့် မြစ်ရေကို တိုက်ရိုက်သောက်သုံးခြင်းနှင့် ရေနေသတ္တဝါများကို စားသုံးခြင်းမပြုရန် IEC က ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်သည်။

ထိုင်းနိုင်ငံဘက်ခြမ်း မဲဟောင်ဆောင်ခရိုင်ရှိ သံလွင်မြစ်ရေတွင်လည်း အာဆင်းနစ်ပါဝင်မှုသည် ပုံမှန်ထက် (၅) ဆကျော် မြင့်တက်နေသဖြင့် ထိုင်းအာဏာပိုင်များကလည်း အလားတူ တားမြစ်ချက်များ ထုတ်ပြန်ထားပြီး ဖြစ်သည်။

မြစ်ချောင်းအရေး စောင့်ကြည့်သူများ၏ အဆိုအရ သံလွင်မြစ်နှင့် မြစ်လက်တက်များအတွင်း အာဆင်းနစ် ဓာတ်ပျော်ဝင်မှု မြင့်တက်လာခြင်းမှာ မြန်မာနိုင်ငံဘက်ခြမ်းရှိ မြေရှားသတ္တုနှင့် ရွှေတူးဖော်မှု လုပ်ကွက်များကြောင့် ဖြစ်သည်ဟု ဆိုသည်။

ထိုလုပ်ကွက်များမှ စွန့်ပစ်လိုက်သော ဓာတုပစ္စည်းများသည် မြစ်ကြောင်းအတွင်း စီးဝင်ကာ နိုင်ငံဖြတ်ကျော် ညစ်ညမ်းမှုကို ဖြစ်ပေါ်စေလျက်ရှိသည်။

သံလွင်မြစ်၏ ထူးခြားသော သဘောသဘာဝအရ ရေစီးသန်သော်လည်း ကျောက်တုံးကျောက်ခဲ များပြားမှုကြောင့် ရေဝဲများဖြစ်ပေါ်ကာ အနည်အနှစ်များ အထက်သို့ ပြန်စီးတက်လေ့ရှိသည်။

ယင်းဖြစ်စဉ်ကြောင့် သတ္တုတူးဖော်ရေးမှ ထွက်လာသော အဆိပ်အသောက်များသည် ရေနှင့်အတူ မျောပါသွားခြင်းမရှိဘဲ မြစ်ဝှမ်းတစ်လျှောက်ရှိ ရွံ့နွံများနှင့် သဲကျောက်များကြားတွင် ရောနှောကပ်ပါကာ ကိန်းအောင်းနေကြောင်း ပတ်ဝန်းကျင်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ နယ်ပယ်တွင် နှစ်ပေါင်း ၂၀ ကြာ အတွေ့အကြုံရှိသည့် သျှမ်းသဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသနပြုသူတစ်ဦးက ရှင်းပြသည်။

”ဆိုင်ယာနိုက် (Cyanide) ရဲ့ သဘာသဘာဝက အေးတဲ့နေရာကို ကြိုက်တယ်။ သံလွင်မြစ်ရေက အေးတယ်။ အေးတဲ့အတွက် ဆိုင်ယာနိုက်က အေးတဲ့နေရာမှာ ခိုအောင်းနေတာ များတယ်။ ဒါကြောင့် မြစ်ထဲမှာ ဆိုင်ယာနိုက်တွေ ကျန်နေတာဖြစ်တယ်” ဟု ၎င်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းအဆိပ်များမှာ တရုတ်ပြည်အထက်ပိုင်းမှသည် သျှမ်းပြည်အတွင်းရှိ နမ့်ပန်၊ နမ့်ဆင်၊ နမ့်တန်၊ နမ့်တိန်း၊ စသည့် မြစ်လက်တက်များမှတစ်ဆင့် စီးဝင်လာခြင်း ဖြစ်ကြောင်း ဆိုသည်။

“တော်တော်များများ သူ့ရဲ့ မြစ်လက်တက်မျာရှိတဲ့ အညစ်အကြေးတွေ၊ စိုက်ပျိုးရေးထဲမှာ သုံးတဲ့ ဓာတုပစ္စည်းတွေ၊ ကြွက်သတ်ဆေး၊ ပိုးသတ်ဆေးကအစ အဲ့ဒီအရာတွေကနေတစ်ဆင့် သံလွင်မြစ်ထဲကို စီးဝင်တာ။ သံလွင်မြစ်ဝှမ်းတစ်လျှောက်မှာ အသုံးပြုတဲ့ ဓာတုပစ္စည်းတွေနဲ့ သတ္တုတူးဖော်မှု အမျိုးမျိုးကြောင့် သံလွင်မြစ်ရေ အဆိပ်သင့်တာ ဖြစ်တယ်” ဟု ၎င်းက ဆက်ပြောသည်။

ရွှေတူးဖော်ရေးနှင့် သတ္တုသန့်စင်ရေး လုပ်ငန်းများတွင် အလွန်အကျွံ အသုံးပြုနေသည့် အဆိုပါဓာတုပစ္စည်းများသည် ယခုအခါ မြစ်အတွင်းရှိ သက်ရှိဇီဝများကို နေ့စဉ်နှင့်အမျှ သေဆုံးစေကြောင်း ဆိုသည်။

မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် သျှမ်းပြည်အရှေ့ပိုင်းရှိ မြစ်လက်တက်များတွင် လုပ်ကိုင်နေသော မြေရှားသတ္တုနှင့် ရွှေတူးဖော်ရေး လုပ်ကွက်များသည် အဆိုပါညစ်ညမ်းမှု၏ အဓိကအရင်းအမြစ်များ ဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။

မြစ်လက်တက်များမှ သတ္တုတူးဖော်ရေး

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း အထိန်းအကွပ်မဲ့လာသည့် မြေရှားသတ္တုနှင့် ရွှေတူးဖော်ရေး လုပ်ငန်းများကြောင့် မြစ်ရေအတွင်း အားဆင်းနစ် အဆိပ်ပါဝင်မှုသည် ဘေးကင်းလုံခြုံမှုအဆင့်ထက် (၅) ဆကျော် မြင့်တက်လာခဲ့သည်။

သျှမ်းပြည်အရှေ့ပိုင်း ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာ မိုင်းပေါက်မြို့နယ်တွင် မြေရှားသတ္တု တူးဖော်မှုလုပ်ငန်းများမှာ လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုနှင့် နှိုင်းယဉ်ပါက (၈) ဆအထိ မြင့်တက်လာကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ၂၀၂၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ဂြိုလ်တုဓာတ်ပုံ အထောက်အထားများနှင့်တကွ ထုတ်ပြန်ခဲ့သည်။

အဆိုပါ မြေရှားသတ္တု တူးဖော်မှုလုပ်ငန်းများ မြင့်တက်လာခြင်းကြောင့် သံလွင်နှစ် မဲခေါင်မြစ်ဝှမ်းရှိ ဒေသခံပြည်သူများ၏ ကျန်းမာရေးနှင့် ဂေဟစနစ်ကို ပြင်းထန်စွာ ခြိမ်းခြောက်နေကြောင်း ဆိုသည်။

SHRF ၏ လေ့လာတွေ့ရှိချက်အရ ၂၀၁၅ ခုနှစ်တွင် မိုင်းပေါက်ဒေသ၌ မြေရှားသတ္တုတွင်း ၃ ခုသာ ရှိခဲ့သော်လည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အထိန်းအကွမ်မရှိ တိုးချဲ့လာခဲ့ရာ ၂၀၂၅ ခုနှစ်တွင် သတ္တုတွင်း ၂၆ ခုထက်မနည်း ရှိလာကြောင်း သိရသည်။

အဆိုပါ သတ္တုတွင်းများအနက် အချို့မှာ မြို့ပြလူနေမူဧရိယာနှင့် ၃ ကီလိုမီတာခန့်သာ ဝေးကွာတော့သဖြင့် မြို့နေလူထုအတွက် စိုးရိမ်စရာ ဖြစ်လာကြောင်း SHRF က ထောက်ပြထားသည်။

ကမ္ဘာလုံးဆိုင်ရာ လျှပ်စစ်ကား (EV) ဘက်ထရီနှင့် စမတ်ဖုန်း ထုတ်လုပ်ရေးတွင် မရှိမဖြစ်လိုအပ်သော အဆိုပါ မြေရှားသတ္တု ကုန်ကြမ်းများကို ‘ဝ’ တပ်ဖွဲ့ (UWSA) နှင့် တရုတ်ကုမ္ပဏီများအကြား တိုက်ရိုက်သဘော တူညီမှုဖြင့် တူးဖော်နေခြင်း ဖြစ်နိုင်ကြောင်း SHRF ၏ ပြောရေးဆိုခွင့်ရှိသူ စိုင်းဟော်ရှဲန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“UWSA နဲ့ တရုတ်နိုင်ငံကြား သဘောတူညီချက် တစ်ခုတော့ ရှိလောက်တယ်။ ဒါကြောင့် နေပြည်တော် အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်မလိုဘဲ တရုတ်ကုမ္ပဏီတွေက တူးဖော်ခွင့်ရနေတာပါ” ဟု စိုင်းဟော်ရှဲန်က ပြောသည်။

စစ်ကောင်စီ၏ တရားဝင် သတ္တုတူးဖော်ခွင့်စာရင်းတွင် အဆိုပါလုပ်ကွက်များ ပါဝင်ခြင်းမရှိဘဲ၊ နေပြည်တော်အာဏာပိုင်များ၏ ခွင့်ပြုချက်မလိုဘဲ တရုတ်နိုင်ငံသို့ နယ်စပ်ဖြတ်ကျော် တိုက်ရိုက်တင်ပို့နေခြင်း ဖြစ်နိုင်ကြောင်း SHRF ပြောရေးဆိုခွင့်ရှိသူ စိုင်းဟော်ရှဲန်က ထောက်ပြသည်။

မြေရှားသတ္တုသည် လျှပ်စစ်ကား (EV)၊ လေစွမ်းအင်သုံး တာဘိုင်များ၊ စမတ်ဖုန်း၊ ကွန်ပျူတာနှင့် လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်ရာတွင် အလွန်အရေးပါသည်။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံသို့ မြေရှားသတ္တု တင်ပို့သည့် ထိပ်တန်းနိုင်ငံဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်း တင်ပို့မှု သိသာစွာ တိုးလာကာ ဒေါ်လာ ၄ ဘီလီယံကျော် တန်ဖိုးရှီကြောင်း ISP-Myanmar ၏ ၂၀၂၅ ခုနှစ် ဇူလိုင် ၄ ရက်ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကချင်ပြည်နယ်ရှိ တိုက်ပွဲများကြောင့် တင်ပို့မှုပုံမှန်မဟုတ်သော်လည်း တရုတ်နိုင်ငံသည် အဓိက သန့်စင်ရေး လုပ်ငန်းများအတွက် မြန်မာ့မြေရှားကို မှီခိုနေရဆဲဖြစ်ကြောင်း ဆိုသည်။

မြေရှားသတ္တု လုပ်ကွက်များတွင် “In situ leaching” ခေါ် မြေအောက်ထဲသို့ ဓာတုပစ္စည်းများနှင့် ဆက်စက်များ တိုက်ရိုက်လောင်ထည့်၍ သတ္တုထုတ်ယူသည့် နည်းလမ်းကို အသုံးပြုနေသည်။ ထိုနည်းစနစ်သည် မြေပေါ်မြေအောက် ရေထုကို ဆိုးရွားစွာ ညစ်ညမ်းစေကြောင်း SHRF က ထောက်ပြထားသည်။

မိုင်းပေါက်မြို့ အနောက်ဘက်ရှိ ခါမြစ်မှတစ်ဆင့် သံလွင်မြစ်အတွင်းသို့ ရေဆိုးများ စီးဝင်သလို မြို့အရှေ့ဘက်ရှိ လွေမြစ်မှတစ်ဆင့် မဲခေါင်မြစ်အတွင်းသို့ စီးဝင်သည်။

အဆိုပါ မြစ်နှစ်သွယ်လုံးသည် သျှမ်းပြည်ဒေသခံများ၏ အဓိက မီုခိုရာဖြစ်သဖြင့် အဆိပ်သင့်ရေဆိုးများကြောင့် ကင်ဆာနှင့် အရေပြားရောဂါအပါအဝင် ရေရှည်ကျန်းမာရေး ထိခိုက်မှုများကို ရင်ဆိုင်ရဖွယ် ရှိနေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများက ပြောသည်။

“ဒီမံကိန်းတွေမှာ အဓိက တရားခံကတော့ ခွင့်ပြုပေးတဲ့သူနဲ့ လာလုပ်တဲ့သူပါပဲ။ လာလုပ်တဲ့သူကတော့ သူ့နိုင်ငံမဟုတ်တဲ့အတွက် လာလုပ်မှာပဲ။ ဒါပေမယ့် တကယ်တမ်း မြေပြင်မှာ ထိခိုက်ခံစားရတာကတော့ အဲ့ဒီဒေသမှာ အခြေချနေထိုင်ကြတဲ့ ပြည်သူတွေသာ ဖြစ်ပါတယ်”ဟု သျှမ်းသဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသနပြုသူတစ်ဦးက ထောက်ပြသည်။

အဆိပ်သင့် ညစ်ညမ်းနေသော မြစ်ချောင်းများ

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စစ်ရေး မတည်ငြိမ်မှုများအကြား အခွင့်ကောင်းယူကာ သယံဇာတ တူးဖော်မှုများမှာ မြင့်တက်လာခဲ့သည်။

အထူးသဖြင့် သျှမ်းပြည်အတွင်းရှိ အဓိက မြစ်ကြီးများဖြစ်သော သံလွင်မြစ်၊ နမ္မတူမြစ်နှင့် ရွှေလီမြစ်တို့မှာ ယခင်ကထက် ပိုမိုးဆိုးရွားစွာ အဆိပ်သင့် ညစ်ညမ်းလာခဲ့ကြောင်း SHRF ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က ပြောသည်။

“ကျမထင်တာတော့ နေရာတိုင်းမှာ သတ္တုတူးနေကြတော့ မြစ်တိုင်းလိုပဲ အဆိပ်သင့် ညစ်ညမ်းနေတာ။ သံလွင်မြစ်ရော၊ နမ္မတူဖြစ်ထဲမှာရော တူးနေတာ ရှိတယ်။ ပြီးတော့ ကျမတို့ ရွှေလီမြစ်ထဲမှာလည်း တူးနေတယ်။ မြစ်တွေအကုန်လုံးပါပဲ။ မြစ်တွေ၊ ချောင်းတွေမှာ တူးတာမလွတ်ဘူးလို့ ထင်တာပဲ” ဟု ၎င်းက ပြောသည်။

ယခင်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ အနည်းငယ်မျှ ရှိခဲ့ဖူးသော စစ်ဆေးကြပ် မတ်မှုများသည် အာဏာသိမ်းပြီးနောက်ပိုင်း လုံးဝကွယ်ပျောက်သွားခဲ့ကြောင်း ၎င်းက ဆိုသည်။

ယင်းလစ်ဟင်းမှုကို အခွင့်ကောင်းယူကာ လက်နက်ကိုင်အဖွဲ့အစည်းအချို့နှင့် ကုမ္ပဏီများပေါင်းကာ စက်ယန္တရားကြီးများဖြင့် မြစ်ကြောင်းတစ်လျှောက် ရွှေနှင့် အခြားသတ္တုများကို နေ့ညမပြတ် တူးဖော်လာကြသည်။

မြစ်များအတွင်း သတ္တုအမျိုးမျိုး တူးဖော်မှုများကြောင်း ရေထုညစ်ညမ်းရုံသာမက သတ္တုတူးဖော်ရာတွင် အသုံးပြုသည့် ပြဒါးနှင့် ဆိုင်ယာနိုက် ကဲ့သို့သော အဆိပ်သင့် ဓာတုပစ္စည်းများသည် မြစ်ရေအတွင်း တိုက်ရိုက် စီးဝင်လျက်ရှိသည်။

သျှမ်းပြည်၏ ပထဝီအနေအထားအရ သံလွင်မြစ်သည် တောင်ကုန်းတောင်တန်း မြင့်မားသဖြင့် မြစ်ရေကို တိုက်ရိုက်သောသုံးရန်နှင့် စိုက်ပျိုးရေးအတွက် အသုံးပြုရန် ခက်ခဲသော်လည်း မြစ်အောက်ပိုင်းရှိ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့အတွက်မူ အခြေအနေမှာ အလွန်စိုးရိမ်စရာ ကောင်းသည်။

မြစ်အောက်ပိုင်းတွင် မြစ်ရေနှင့် စိုက်ပျိုးမြေမှာ တပြေးညီနီးပါး ရှိနေသဖြင့် အဆိပ်သင့်မြစ်ရေများသည် စိုက်ပျိုးရေးနှင့် လူထုသောသုံးရေထဲသို့ တိုက်ရိုက်ဝင်ရောက်နိုင်ခြေ ပိုများနေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများက ပြောသည်။

ငါးမျိုးစိတ် ပြုန်းတီးမည့် အန္တရာယ်

ငါးမျိုးစိတ်ပေါင်း ၂၀၀ ကျော် မှီတင်းနေထိုင်ရာ သံလွင်မြစ်၏ ထူးခြားချက်မှာ လေးပုံတစ်ပုံသော ငါးမျိုးစိတ်များသည် ကမ္ဘာပေါ်တွင် အခြားမည်သည့် နေရာ၌မျှ မရှိခြင်းပင် ဖြစ်သည်။

သံလွင်မြစ်သည် နိုင်ငံသုံးနိုင်ငံမှ ဌာနတိုင်းရင်းသားတို့အတွက် ရေသောက်မြစ်သာမက အစားအစာ ဖူလုံရေးနှင့် လူမှုစီးပွားဘဝတို့၏ အရင်းအမြစ်လည်း ဖြစ်သည်။

သို့သော်လည်း သံလွင်မြစ်ရေ အဆိပ်သင့်မှု၏ နောက်ဆက်တွဲအဖြစ် သံလွင်မြစ်ဝှမ်းတစ်လျှောက်ရှိ ဇီဝမျိုးစုံမျိုးကွဲများမှာလည်း အကြီးအကျယ် ထိခိုက်နေသည်။

ယခင်က ပေါများလှသော သံလွင်ငါးမျိုးစိတ်များသည် ယခုအခါ ရှာဖွေရခက်သွားပြီ ဖြစ်ကြောင်း သျှမ်းသဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသနပြုသူတစ်ဦးက ပြောသည်။

“ကျနော် သံလွင်မြစ်တစ်လျှောက် ခရီးသွားခဲ့တဲ့ အချိန်းတုန်းကတော့ အရင်တုန်းက သံလွင်ငါးတွေ တော်တော်ပေါတယ်။ ကျနော် အွန်လိုင်းပေါ်မှာ တင်ထားတဲ့ ငါးမျိုးစိတ်တွေ ရှိတယ်။ အခု အဲ့ဒီငါးတွေက မြစ်ထဲမှာ ရှာလို့မတွေ့တော့ဘူး” ဟု ၎င်းက ပြောသည်။

နေ့စဉ်နှင့်အမျှ ငါးများအစုလိုက်အပြုံလိုက် သေဆုံးကာ မြစ်ဝှမ်းတွင် ပုပ်စော်နံနေခြင်းမှာ သံလွင်မြစ်၏ သက်ရှိဇီဝစနစ် ပျက်စီးနေပြီဖြစ်ကြောင်း ပြသနေသည့် သတိပေးခေါင်းလောင်းသံပင် ဖြစ်သည်။

“အာလုံးတော့ ပြုန်းမှာမဟုတ်ဘူး။ ဥပမာ – ငါးမျိုးစိတ် ၅,၀၀၀ လောက်ရှိရင် ၃,၀၀၀ လောက်တော့ ပြုန်းမှာ သေချာတယ်” ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ကလည်း သံလွင်မြစ်အတွင်းမှ ရေနေသတ္တဝါများကို စားသုံးခြင်း မပြုရန်၊ မဖြစ်မနေ စားသုံးရပါက အဆိပ်အတောက် အများဆုံး စုဝေးရာ ဦးခေါင်းနှင့် အတွင်းကလီစာများကို လုံးဝမစားရန် တိုက်တွန်းထားသည်။

ထို့အတူ ထိုင်းနိုင်ငံ ညစ်ညမ်းမှုထိန်းချုပ်ရေးဌာနကလည်း အရေးပေါ် တိုင်းတာစစ်ဆေးမှုများ ပြုလုပ်နေပြီး ဘန်ကောက် သမာဆက်တက္ကသိုလ်မှ ပညာရှင်းများကလည်း မြန်မာသတ္တုတွင်းများကြောင့် ဖြစ်ပေါ်လာသည့် အဆိုပါညစ်ညမ်းမှုအပေါ် နှစ်နိုင်ငံအစိုးရချင်း အရေးတကြီး ညှိနှိုင်းအရေးယူရန် တိုက်တွန်းထားကြသည်။

တိတ်တဆိတ် တည်ဆောက်နေသော ရေအားလျှပ်စစ် စီမံကိန်းများ

သံလွင်မြစ်တစ်လျှောက်တွင် တရုတ်နိုင်ငံ၌ (၁၃) ခုနှင့် မြန်မာနိုင်ငံ၌ (၇) စုစုပေါင်း ဆည် (၂၀) တည်ဆောက်ရန် အဆိုပြုထားသည်။

သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်းများကို ယခင်စစ်အစိုးရလက်ထက်နှင့် အရပ်သားအစိုးရ လက်ထက်များတွင် စတင်စီစဉ်ခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် ၂၀၁၆ ခုနှစ် မတိုင်မီကပင် ထိုဆည်စီမံကိန်းများကို ဆောင်ရွက်ရန် အဆိုပြုထားခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံဘက်တွင် ၂၀၁၆ ခုနှစ်မှစ၍ စီမံကိန်းအချို့ ဆိုင်းငံထားသော်လည်း မြန်မာနိုင်ငံဘက်တွင် အခြေအနေ ရှုပ်ထွေးနေသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ပဋိက္ခများ ပြင်းထန်နေချိန်တွင် တရုတ်နှင့် ထိုင်း ရင်းနှီးမြှုပ်နှံသူများသည် ဆည်စီမံကိန်းများကို အကောင်အထည်ဖော်ရန် အခွင့်ကောင်းကို စောင့်ကြည့်နေကြသည်။

သျှမ်းပြည်အတွင်းရှိ ၁,၄၀၀ မဂ္ဂါဝပ်ထွက်ရှိမည့် ကွမ်းလုံဆည်၊ ၁,၂၀၀ မဂ္ဂဝါဝပ်ရှိ နောင်ဖာဆည်နှင့် ၇,၀၀၀ မဂ္ဂဝါပ်ရှိ မိုင်းတုံဆည်တို့မှာ ‘ဝ’တပ်ဖွဲ့ (UWSA) ထိန်းချုပ်ရာ နယ်မြေများနှင့် နီးစပ်နေသည်။

အထူးသဖြင့် မိုင်းတုံဆည် မီမံကိန်းကြောင့် သျှမ်းပြည်တောင်ပိုင်းရှိ လူပေါင်း ၃၀၀,၀၀၀ နီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

တန့်ယန်းမြို့နယ် သံလွင်မြစ်ပေါ်တွင် တည်ဆောက်ထားသည့် တရုတ်၏ နောင်ဖာရေကာတာ စီမံကိန်းအတွက် ‘ဝ’တပ်ဖွဲ့ (UWSA) က လမ်းခင်းပေးခြင်းနှင့် အကူအညီ ဆောင်ရွက်မှုများရှိနေကြောင်း သျှမ်းပြည် ရင်းနှီးမြှုပ်နှံမှုနှင့် လေ့လာစောင့်ကြည့်ရေးအဖွဲ့ (SSFIM) က ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။

SSFIM ၏ ထုတ်ပြန်ချက်အရ UWSA သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် တန့်ယန်းမြို့ကို ထိန်းချုပ်ပြီးနောက် တရုတ်၏ ရေကာတာ စီမံကိန်းများအတွက် တိတ်တဆိတ် လုံခြုံရေးယူပေးကာ လမ်းခင်းပေးနေကြောင်း သိရသည်။

၂၀၂၄ ခုနှစ် သြဂုတ်လ ဒုတိယပတ်အတွင်းက တရုတ်စီးပွားရေးလုပ်ငန်းရှင် ၁၂ ဦး နောင်ဖာစီမံကိန်းသို့ လာရောက်စဉ် UWSA က လုံခြုံရေး အပြည့်အဝယူပေးခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောင်ဖာစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သော မန်တုံရေကာတာကိုလည်း UWSA က တိတ်တဆိတ် တည်ဆောက်ခွင့်ပြုထားကြောင်း ဂြိုလ်တုဓာတ်ပုံ မှတ်တမ်းများအရ SSFIM က ထောက်ပြထားသည်။

အဆိုပါစီမံကိန်းသည် တရုတ်အစိုးရပိုင် Hydrochina နှင့် စစ်ကောင်စီ၏ ခရိုနီကုမ္ပဏီ IGE တို့ ဖက်စပ်လုပ်ကိုင်ခြင်းဖြစ်ပြီး တော်လှန်ရေးကာလအတွင်း လက်နက်ကိုင်အဖွဲ့အစည်းများ၏ “သယံဇာတ စီးပွားရေး” အပေါ် အားကိုးလာမှုကို ပြသနေသည်။

သံလွင်မြစ်ပေါ် ရေကာတာ စီမံကိန်းများနှင့် ပတ်သက်၍ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ ပြောခွင့်ရသူ ဦးညီရမ်းကို သျှမ်းသံတော်ဆင့်က ဆက်သွယ်ပေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

၂၀၂၄ ခုနှစ် သြဂုတ်လလယ်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ မြန်မာပြည်ခရီးစဉ်အတွင်း တရုတ်စီမံကိန်းများနှင့် ဝန်ထမ်းများကို အကာအကွယ်ပေးရန် တောင်းဆိုခဲ့ခြင်းသည် နောင်ဖာကဲ့သို့သော ရေကာတာစီမံကိန်းများကို အရှိန်မြှင့်ရန် တွန်းအားဖြစ်စေခဲ့သည်။

တရုတ်အနေဖြင့် ၎င်း၏ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (BRI) အတွက် လျှပ်စစ်ဓာတ်အား လိုအပ်နေချိန်တွင် မြန်မာပြည်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်ကောင်စီတို့မှာ တရုတ်၏ ထောက်ခံမှုရရှိရေးအတွက် သဘာဝပတ်ဝန်းကျင်ကို အရင်းအနှီးပြုကာ “စီမံကိန်းများကို လုံခြုံရေးပေးသူ” များအဖြစ် ပြိုင်ဆိုင်လုပ်ဆောင် လာကြသည်။

နောင်ဖာစီမံကိန်းအပါအဝင် သံလွင်မြစ်ပေါ်ရှိ ရေကာတာများကို ဒေသခံလူထုက နှစ်ပေါင်းများစွာ ကန့်ကွက်လာခဲ့သော်လည်း ယခုအခါ လက်နက်ကိုင်အဖွဲ့အစည်းများ၏ ကိုယ်ကျိုးစီးပွားနှင့် နိုင်ငံရေး အပေးအယူများကြားတွင် လူထုအသံမှာ မှေးမှိန်နေရသည်။

သယံဇာတလုပွဲကြီး

သျှမ်းပြည်၏ လက်ရှိပဋိပက္ခများသည် နိုင်ငံရေးနှင့် လူမျိုးရေးအရင်းခံသည်ဟု ဆိုကြသော်လည်း မြေပြင်တွင်မူ ဒေါ်လာဘီလီယံချီတန်သည့် သယံဇာတများကို ထိန်းချုပ်နိုင်ရေးက အဓိကဖြစ်လာနေသည်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင် ဦးဝင်းမျိုးသူက “မြန်မာပြည်ကတော့ သယံဇာတကျိန်စာသင့်နေတာ။ သစ်တွေကုန်သွားတာတောင် သတ္တုတွေ ကျန်နေသေးတယ်။ သတ္တုကနေရတဲ့ ဝင်ငွေက ၂၀၂၂ မှာ ၆ ဘီလီယံအထိ ရှိလာပြီး တရုတ်ကို ဓာတ်ငွေ့ရောင်းရတာထက် ၂ ဆ ပိုများနေပြီ” ဟု ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက သျှမ်သံတော်ဆင့်နှင့် သီးသန့်အင်တာဗျူးတွင် ပြောဆိုထားသည်။

ယင်းအဖိုးတန်သတ္တုများမှာ သျှမ်းပြည်တွင် အများဆုံးရှိနေသဖြင့် သယံဇာတကျိန်စာမှာ ဆက်လက်ရှိနေဦးမည် ဖြစ်ကြောင်း ဆိုသည်။

လက်ရှိ စစ်ရေးအခြေအနေများသည် “လူမျိုးရေးတစ်ခုတည်း မဟုတ်တော့ဘဲ သယံဇာတတွေပါ ရအောင် အဓိကသိမ်းယူတဲ့ သယံဇာတလုပွဲကြီး ဖြစ်နေတယ်” ဟု သူက သုံးသပ်သည်။

အထူးသဖြင့် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း နယ်မြေစိုးမိုးမှု ပြောင်းလဲလာခြင်းမှာ “သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ မဟုတ်ဘဲ၊ ထပ်တူးဖို့အတွက် လက်ပြောင်းလက်လွှဲ လုပ်နေတဲ့ ကာလဖြစ်နေတယ်” ဟု
သဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာရှင် ဦးဝင်းမျိုးသူက ပြောသည်။

ယင်းအချက်ကို သက်သေပြနေသည်မှာ တန့်ယန်းမြို့နယ်ရှိ နောင်ဖာရေကာတာစီမံကိန်းတွင် ‘ဝ’ တပ်ဖွဲ့ (UWSA) က တရုတ်စီးပွားရေးလုပ်ငန်းရှင်များကို လုံခြုံရေးပေးကာ လမ်းခင်းပေးနေသည့် ဖြစ်ရပ်ပင် ဖြစ်သည်။

ထိုသို့သော အခြေအနေကို ပညာရှင်များက “Ceasefire Economy” (စစ်ပွဲစီးပွားရေး) ဟု ခေါ်ဆိုကြသည်။

ဦးဝင်းမျိုးသူက “ပုဂ္ဂလိက အကျိုးစီးပွားတွေလည်းပါနေတော့ ပညာရှင်တွေကတော့ (ceasefire economy) လို့ ခေါ်တယ်” ဟု ဆိုကာ ယင်းကို ဆီခိုးထုတ်ရမှ ကျေနပ်သည့် ကားဒရိုင်ဘာတစ်ဦး၏ ဥပမာဖြင့် နှိုင်းယှဉ်ပြသည်။

“ပုဂ္ဂလိကအကျိုးစီးပွားတွေကြောင့် ဆီမခိုးလိုက်ရရင် မနေနိုင်သလိုမျိုး သယံဇာတတွေကို ဆက်ထုတ်နေကြတော့ နောက်ဆုံးမှာ လူထုပဲ အဆိုးဆုံးထိခိုက်ခံစားနေရတယ်” ဟု သူက ရှင်းပြသည်။

အကျိုးဆက်အားဖြင့် ဤသယံဇာတလုပွဲကြီးကြောင့် တိုင်းပြည်က အခြေအနေအဆိုးဆုံးအထိ ထိုးဆင်းသွားပြီ ဖြစ်ပြီး အထူးသဖြင့် သျှမ်းဒေသတွေကတော့ ဒီသယံဇာတလုပွဲရဲ့ ဆိုးကျိုးကို အဆိုးဆုံးခံစားနေရခြင်း ဖြစ်ကြောင်း ဦးဝင်းမျိုးသူက သတိပေးပြောကြားထားသည်။

မြန်မာနိုင်ငံအတွင်းရှိ သတ္တုတွင်းလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးနေမှုကို ရပ်တန့်စေလိုသော်လည်း လက်ရှိနိုင်ငံရေးနှင့် စီးပွားရေးအခြေအနေများကြောင့် လက်တွေ့တွင် ရပ်တန့်ရန် ခက်ခဲနေကြောင်း ချင်းမိုင်တက္ကသိုလ်၊ ပတ်ဝန်းကျင်သိပ္ပံပညာရှင် လက်ထောက်ပါမောက္ခ ဒေါက်တာ ဝမ်း ဝီရိယ (Asst. Prof. Dr. Wan Wiriya) က ပြောသည်။

“ကျနော်ရဲ့ အိပ်မက်ထဲမှာတော့ ဒါတွေကို ရပ်တန့်စေချင်တာပေါ့။ ဒါပေမယ့် လက်တွေ့မှာတော့ ဒါက မဖြစ်နိုင်သလောက်ပါပဲ။ စစ်ပွဲတွေ ရပ်တန့်နိုင်မှ ဒါတွေလည်း ရပ်နိုင်ပါလိမ့်မယ်” ဟု အာဂျန် ဝမ်းဝီရိယက ပြောသည်။

ကမ္ဘာ့ဈေးကွက်တွင် ရှားပါးမြေဒြပ်စင် (Rare Earth) များ အရေးပါနေခြင်းနှင့် ရွှေဈေးနှုန်း အဆမတန် မြင့်တက်နေခြင်းတို့ကြောင့် သတ္တုတွင်းလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများကို ရပ်တန့်လိမ့်မည်မဟုတ်ကြောင်း ၎င်းက သုံးသပ်သည်။

လက်ရှိတွင် သူသည် မြန်မာနိုင်ငံဘက်မှ သတ္တုတွင်းလုပ်ငန်းများကြောင့် နမ့်ခုတ် (Kok River) နှင့် မယ်ဆိုင်မြစ်များအတွင်း သတ္တုဆိပ်သင့်နေမှုကို အဓိကထား စောင့်ကြည့်လေ့လာနေသူ ဖြစ်သည်။

သဘာဝဘေးကပ်ဆိုးကြီး

အာရှတိုက်၏ နောက်ဆုံးသော လွတ်လပ်စွာ စီးဆင်းနေသည့် မြစ်ကြီးတစ်စင်းဖြစ်သော သံလွင်မြစ်သည် ယခုအခါ ပြည်ပရင်းနှီးမြှုပ်နှံသူများ၏ သတ္တုတူးဖော်မှုများ၊ ရေအားလျှပ်စစ်ဆည်စီမံကိန်းများ၊ ရေလွှဲစီမံကိန်းများနှင့် ရာသီဥတုပြောင်းလဲမှုဒဏ်တို့အကြား အကြပ်အတည်းနှင့် ရင်ဆိုင်နေရသည်။

ပတ်ဝန်းကျင်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ နယ်ပယ်တွင် နှစ်ပေါင်း ၂၀ ကြာ အတွေ့အကြုံရှိသည့် သျှမ်းသဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသနပြုသူတစ်ဦးက လက်ရှိမြစ်ချောင်းများ ပျက်စီးလာမှုနှင့် ပတ်သက်၍ ယခုကဲ့သို့ သတိပေးပြောကြားခဲ့သည်။

“ကျနော်တို့ နာဂစ်မတိုင်ခင်ကတည်းက ပြောခဲ့တယ်၊ ဒီထက်ပိုဆိုးလာလိမ့်မယ်ဆိုပြီးတော့။ အခုတော့ ငလျင်၊ ရေကြီးမှု၊ မြေပြိုမှုနဲ့ မြစ်ချောင်းတွေ ရေခန်းခြောက်တာတွေ တစ်ခုပြီးတစ်ခု ဖြစ်လာနေပြီ” ဟု ၎င်းက ဆိုသည်။

အထူးသဖြင့် မဲခေါင်မြစ်တွင် သင်္ဘောငယ်များပင် သွားလာ၍မရတော့ဘဲ ရပ်တန့်ထားရသည့် အခြေအနေမှာ သံလွင်မြစ်အတွက် ရှေ့ပြေးနိမိတ်ပင် ဖြစ်သည်။

၎င်းက ဆက်လက်၍ ၂၀၂၄ ခုနှစ်အတွင်း လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကို အခြေခံကာ ၂၀၃၀ ပြည့်နှစ်တွင် သဘာဝဘေးကပ်ဆိုးကြီးတစ်ခု မလွှဲမသွေ ပြန်လည်ကျရောက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။

“၂၀၂၄-၂၀၂၅ ကို သတ်မှတ်လိုက်မယ်ဆိုရင် ၂၀၃၀ မှာ နောက်တစ်ကြိမ် ထိခိုက်မှုတွေ ပြန်တွေ့ရလိမ့်မယ်။ ဒါက မလွှဲမသွေ တွေ့ရမယ့် သဘာဝဘေးကပ်ဆိုးကြီး ဖြစ်တယ်” ဟု ၎င်းက သတိပေးသည်။

သံလွင်မြစ်သည် တိုင်းရင်းသားညီအစ်ကိုများ မှီတင်းနေထိုင်ရာ စားနပ်ရိက္ခာ ရှာဖွေရာနှင့် ရိုးရာယဉ်ကျေးမှုများ စီးဆင်းရာလမ်းဖြစ်သည်။

ဤလမ်းကို ဖွံ့ဖြိုးရေးအမည်ခံကာ စီးပွားရေးအရောင်များ ခြယ်သပြီး ဆည်တားပိတ်ဆို့ခြင်းသည် ဒေသခံတို့၏ အနာဂတ်ကို ဖျက်ဆီးခြင်းပင် ဖြစ်သည်။

“ဒို့သွေးချင်းဆုံတဲ့လမ်း” သည် ယခင်ကထက် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။

“ဒို့သွေးချင်းဆုံတဲ့လမ်းဟာ အရင်ကထက် အခက်ဗွေလည်၊ အရောင်တွေ ခြယ်ဆေးဆိုးမခံသင့်ဘူး…”

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သဘာဝဘေးကပ်ဆိုးကြီး ပိုဆိုးလာမည်

0
မြန်မာနိုင်ငံ၏ အဓိက အသက်သွေးကြော တစ်ခုဖြစ်သော သံလွင်မြစ်အတွင်း အန္တရာယ်ရှိ အာဆင်းနစ် အဆိပ်သင့်မှု ပမာဏသည် ဘေးကင်းလုံခြုံမှုအဆင့်ထက် ၅ ဆကျော် ပိုမိုမြင့်မားနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) နှင့် ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ် သဘာဝပတ်ဝန်းကျင် သုတေသနဌာနတို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ်...

နိုင်ငံရေး ရှုပ်ထွေးမှုကြားက နမ္မတူ ရေကာတာ

0
စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ သျှမ်းပြည်အတွင်းရှိ ရေကာတာ စီမံကိန်းကို ပြန်လည်စတင်လာသလို ရေကာတာ စီမံကိန်းကြောင့် ရွှေ့ပြောင်းရမယ့် ကျေးရွာ ပြည်သူတွေကိုလည်း စစ်ကောင်စီ အုပ်စုမှ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိကြကြောင်းကို သျှမ်းပြည် မြစ်ချောင်းများ ကွန်ယက်အဖွဲ့က ပြောဆိုလိုက်ပါတယ်။ လက်ရှိ သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြစ်ပေါ်မှာ အကြီးစား ရေကာတာ...