သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့ ကျောင်းထိုင်ဆရာတော် တစ်ပါးနှင့် ကပ္ပိယတို့ကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် ကျူးလွန်ခဲ့သော ပျားစစ်ကြောင်း တပ်သားတစ်ဦးကို ကြားကာလအစီအမံအရ ဖွဲ့စည်းထားသည့် ကရင်နီပြည် ပြည်နယ်တရားရုံး၌ တရားစွဲဆိုထားကြောင်း သတင်းသိရသည်။
ပြီးခဲ့သည့် မတ်လ ၄ ရက် ညနေ ၄ နာရီဝန်းကျင်က ဖယ်ခုံမြို့နယ် နာဟီးကျေးရွာအုပ်စု အုံတိုင်းကျေးရွာတွင် ဖယ်ခုံမြို့ ရှမ်းပိဋကတ်ကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးဓမ္မသာရနှင့် ကပ္ပိယ စိုင်းအိုက်ပီးတို့ကို သျှမ်းတောင်အခြေစိုက် ပျားစစ်ကြောင်းမှ ရဲဘော်မောင်ဘလတ်က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
ထိုသေဆုံးမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ကရင်နီပြည်ရဲဌာန အမှတ် (၁၁) ရဲစခန်း (ပ) ၂/ ၂၀၂၅ ရာဇတ်သတ်ကြီး ဥပဒေပုဒ်မ -၃၀၂ ဖြင့် ဧပြီ ၁ ရက်နေ့တွင် စတင်အမှုဖွင့် စစ်ဆေးခဲ့ပြီး ပျားစစ်ကြောင်းမှ တပ်သားတစ်ဦးကို ဧပြီ ၁၁ ရက်နေ့တွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ -၃၀၂ အရ ပြည်နယ်တရားရုံး၌ တရားစွဲတင်ပို့ထားကြောင်း သိရသည်။
“KSP ကအခု အမှုတည်ဆောက်ပြီး တရားစွဲတင်ထားတုန်း ဖြစ်ပါတယ်ဗျ။ ပြစ်ဒဏ်တွေ ချမှတ်တာ မရှိသေးပါဘူး” ဟု ကရင်နီပြည်ရဲဌာန ဒုတိယ ရဲချုပ် (၂) ကိုဘိုဘိုက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ရာဇတ်သတ်ကြီး ဥပဒေပုဒ်မ – ၃၀၂ (၂) အရ မည်သူမဆို အခြားအချက်မျိုး၌ လူသတ်မှုကျူးလွန်လျှင် ထိုသူကို တသက်တကျွန်း ဒဏ်ဖြစ်စေ၊ ဆယ်နှစ်ထိ အလုပ်ကြမ်းနှင့် ထောင်ဒဏ်ဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
ထို့အပြင် ရာဇတ်သက်ကြီး ဥပဒေပုဒ်မ -၃၀၂ (၁) အရ တသက်တကျွန်း ကျနေစဉ် လူကိုသတ်လျှင် (သို့မဟုတ်) တင်ကူးကြံရွယ်ချက်နှင့် လူကို သတ်လျှင် (သို့မဟုတ်) ထောင် (၇) နှစ်ကျနိုင်သည့် အမှူကျူးလွန်နေစဉ် လူကိုသတ်လျှင် (သေဒဏ်) ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
သို့သော် ဖယ်ခုံမြို့ ဦးဇင်းနှင့် ကပ္ပိယတို့ကို ပစ်ခတ်သတ်ဖြတ်မှုတွင် အပြစ်ရှိကြောင်းထင်ရှားသည့် ရဲဘော် မောင်ဘလတ်တစ်ဦးတည်းကိုသာ ဧပြီလ ၁၁ ရက်နေ့တွင် တရားစွဲဆိုထားကြောင်း သိရသည်။












Leave a Comments