သျှမ်းပြည် ဖယ်ခုံမြို့နယ်တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီနှင့် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့က ကျေးရွာအတွင်းရှိ ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့ ( ဇွန်လ ၂၄ ရက်) ညနေပိုင်း ၅ နာရီဝန်းကျင်တွင် ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်းရှိ လွယ်ပေါကျေးရွာအုပ်စု ဆောင်နန်းခဲကျေးရွာကို စစ်ကြောင်းထိုးတိုက်ခိုက်နေသည့် စစ်ကောင်စီနှင့် PNO တို့က ကျေးရွာအတွင်းရှိပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖယ်ခုံရှမ်းလူငယ်ကွန်ရက် ( PSYN) မှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောရသည်။
“ဇွန်လ ၂၄ ရက်နေ့ ညနေပိုင်း ၅ နာရီဝန်းကျင်လောက်မှာ မီးရှိုးခံရတာပါ။ ရွာကတော့ ကယန်းလူမျိုးတွေနေတဲ့ရွာပါ။ အရင် အိမ်ခြေ ၅၀ ကျော်ရှိတယ်။ ဘယ်လောက်မီးလောင် ပျက်စီးသွားလဲတော့ အတိအကျမပြောနိုင်သေးဘူး။ တိုက်ပွဲကလည်မပြီးသေးဘူး။ လက်နက်ကြီးတွေနဲ့ကလည်း ရမ်းသမ်းပစ်နေတုန်း”ဟု PSYN မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်းရှိ လွယ်ပေါကျေးရွာအုပ်စု ဆောင်နန်းခဲကျေးရွာသည် ယခင်တွင် အိမ်ခြေ ၅၀ ကျော်ရှိပြီး၊ ၂၀၂၂ ခုနှစ်တွင် တိုက်ပွဲများကြောင့် ရွာကို တစ်ကြိမ်ရှို့ခံရခဲ့ပြီး၊ ယခုတွင် ဒုတိယအကြိမ်မီးရှို့ခံခဲ့ရကြောင်း PSYN မှ တာဝန်ရှိသူတစ်ဦးကဆက်ပြောသည်။
စစ်ကောင်စီ နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့က ဖယ်ခုံမြို့ အရှေ့ဘက်ကမ်း ဆောင်နန်းခဲကျေးရွာကို ပြီးခဲ့သည့် ( ဇွန်လ ၂၃ ရက် ) တွင် စစ်အင်းအားဖြည့်တင်းခဲ့ပြီး ညနေပိုင်းအချိန်မှ စတင်၍ တော်လှန်ရေးတပ်ပေါင်းစုတို့ နှင့် တိုက်ပွဲများပြင်းထန်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO အင်အားတို့သည် မိုးဗြဲမြို့ နှင့် ဖယ်ခုံမြို့ တစ်ကြောကို ပြန်လည်ထိန်းချုပ်နိုင်ရန် ပြီးခဲ့သည့် ယခုနှစ်ဆန်းပိုင်းမှစ၍ မြေပြင်ထိုးစစ်ဆင်မှုအပြင် ဝေဟင်လေကြောင်း တိုက်ခိုက်မှုများလည်း ပြုလုပ်နေလျက်ရှိသည်။












Leave a Comments