ပြက္ခဒိန် စာရွက်ဖြင့် စုံ၊ မ ရက်တွက်နေရသူများ

“စုံ၊ မ ယာဉ်မောင်းနှင်ရက်” ကြောင့် ပြက္ခဒိန် စာရွက်တစ်ရွက်ဖြင့် မသူဇာ(အမည်လွှဲ) တစ်ယောက် ခေါင်းစားနေသည်။

မသူဇာတို့ နေအိမ်တွင် မ အက္ခရာ 3A … နံပါတ်ဖြင့် ကားတစ်စီးသာ ရှိထားသဖြင့် သူ့အနေဖြင့် ကလေးကျောင်းကြို၊ ပို့ရန်နှင့် အလုပ်သွားရန်အတွက် ပြက္ခဒိန်ကို ဟိုလှန်၊ ဒီလှန်ဖြင့် နေ့စဉ်ကြည့်နေရသည်မှာ အလုပ်တစ်ခု ဖြစ်လာသည်။

ထို့အပြင် စုံအက္ခရာ ကားမောင်းရမည့် ရက်တွင်လည်း မသူဇာအတွက် ကလေးကို ကျောင်းကြို၊ ပို့ရန်နှင့် အလုပ်သွားရန် တက္ကစီငှားစီးရသည်မှာလည်း ငွေကုန်ပေါက်တစ်ရပ် ဖြစ်ပြန်လေသည်။

“အခုက အလုပ်ကိုဖြစ်လို့ ကိုယ်ကားမမောင်းရတဲ့ရက်ဆိုရင် တက္ကစီငှားရတယ်လေ။ ပိုက်ဆံပိုကုန်တယ်။ နောက်ပြီး စုံရက်လား၊ မရက်လား မှတ်ရတာလည်း အလုပ်ကိုရှုပ်နေတာပဲ” ဟု မသူဇာတစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် ပြောလာသည်။

စစ်ကော်မရှင်ကတော့ စက်သုံးဆီ ချွေတာရေးဆိုသည့် အသစ်ချမှတ်လိုက်သည့် မူဝါဒသည် အလွန်ပင် စိတ်ပျက်စရာ ဖြစ်နေကြောင်းလည်း သူက ဆိုပြန်သည်။

ထိုစုံရက်၊ မ ရက်အလိုက် ခွဲခြားမောင်းနှင်စေသည့် စနစ်သစ်ကြောင့် ကျောင်းသားမိဘများ၊ အခြေခံလူတန်းစားများနှင့် ဈေးသည်များမှာ စားဝတ်နေရေးအတွက် အကျပ်အတည်းနှင့် သွားလာရေးအတွက် တွက်ချက်ရကာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။

အရှေ့အလယ်ပိုင်းဒေသရှိ စစ်ရေးပဋိပက္ခများကြောင့် ကမ္ဘာ့လောင်စာဆီ တင်သွင်းမှုလမ်းကြောင်းများတွင် အဟန့်အတား ဖြစ်ပေါ်နေခြင်းကို အကြောင်းပြ၍ မြန်မာနိုင်ငံအတွင်းရှိ ကိုယ်ပိုင်ယာဉ်များကို စုံ၊ မ နေ့ရက်အလိုက် ခွဲခြားမောင်းနှင်ရန် စစ်ကော်မရှင်က (မတ်လ ၃ ရက်) တွင် ထုတ်ပြန်လိုက်သည်။

“တစ်ခါမှ မကြားဖူးတဲ့ မူဝါဒတွေ ထုတ်လို့ထုတ်၊ လူကို ဘယ်လိုဒုက္ခပေးရမှာလဲဆိုတာ သူတို့ခေါင်းမှာ အမြဲရှိတယ်။ လူတွေ လွယ်ကူအောင် သူတို့မလုပ်ပေးဘူး။ ခက်ခဲအောင်ပဲ လုပ်ပေးကြတယ်” ဟု မသူဇာက ပြောသည်။
အဆိုပါစနစ်ကို မတ်လ ၇ ရက်မှစတင်ကာ အသိပညာပေးကာလအဖြစ် သတ်မှတ်ထားသော်လည်း လာမည့် မတ်လ ၁၄ ရက်နောက်ပိုင်းတွင် အဆိုပါစည်းကမ်းများကို မလိုက်နာပါက ထောင်ဒဏ်အထိ အရေးယူမည့် ပြစ်ဒဏ်များကြောင့် ဒေသခံပြည်သူများအကြား စိုးရိမ်မှုနှင့် ဝေဖန်မှုများ မြင့်တက်နေသည်။

“အလုပ်က နေ့တိုင်းသွားရတာ၊ ဆိုင်ကယ်က တစ်စီးပဲရှိတယ်။ မသွားရတဲ့ရက်က ပိုက်ဆံမရတော့ဘူး။ စားဝတ်နေရေးက ပိုခက်လာတာပေါ့” ဟု တောင်ကြီးမြို့မှ နေ့စားအလုပ်သမားတစ်ဦးက ၎င်း၏ အခက်အခဲကို ပြောပြသည်။

ထို့အပြင် စက်သုံးဆီဝယ်ယူရာတွင်လည်း ယာဉ်မောင်းလိုင်စင်ရှိမှသာ ရောင်းချပေးရန် ညွှန်ကြားထားခြင်းကြောင့် လိုင်စင်မဲ့ယာဉ်များကို အသုံးပြုနေသည့် ဒေသခံဈေးသည်များမှာ ဆီဝယ်ယူရန် ခက်ခဲနေကြောင်း သိရသည်။

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် အဆိုပါစည်းကမ်းကို ချိုးဖောက်ပါက ရာဇသတ်ကြီးပုဒ်မ ၁၈၈ အရ အလုပ်မဲ့ထောင်ဒဏ် (၁) လ သို့မဟုတ် ငွေဒဏ် (၂) သောင်းကျပ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်သွားမည်ဟု သတိပေးထားသည်။

တောင်ကြီးမြို့တွင် မတ်လ ၁၄ ရက်နေ့မှစ၍ အဆိုပါသတ်မှတ်ချက်များ အကြုံးဝင်မည်ဖြစ်ပြီး တည်ဆဲဥပဒေအရ အရေးယူသွားမည်ဟု ဆိုသည်။

သို့သော်လည်း အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ် (လိုင်းကား)၊ အငှားယာဉ် (Taxi)၊ လျှပ်စစ်ယာဉ် (EV)၊ လူနာတင်ယာဉ်၊ နိဗ္ဗာန်ယာဉ်နှင့် စည်ပင်အမှိုက်သိမ်းယာဉ်များကို နေ့စဉ်မောင်းနှင်ခွင့် ပြုထားသည်။

ကျောင်းကြိုပို့ယာဉ်များနှင့် စက်ရုံဝန်ထမ်း ကြိုပို့ယာဉ်များမှာမူ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါရှိပါက မောင်းနှင်ခွင့်ရမည်ဟု ထုတ်ပြန်ထားသော်လည်း ကျောင်းကြိုပို့ယာဉ်ဟူသော အဓိပ္ပာယ်ဖွင့်ဆိုချက်အပေါ် မိဘများအကြား ဒွိဟဖြစ်နေဆဲ ဖြစ်သည်။

ကိုယ်ပိုင်ယာဉ်ဖြင့် ကျောင်းပို့ရမည့် မိဘများအတွက် ယာဉ်နံပါတ် စုံ၊ မ ကန့်သတ်ချက်ကြောင့် သွားလာရေး အခက်အခဲ ကြုံတွေ့နေရကြောင်း ကျောင်းသားမိဘတစ်ဦးက ပြောသည်။

“အခုက ပညာပေးကာလ၊ ၁၄ ရက်နောက်ပိုင်း စုံ၊ မ နေ့ရက်အလိုက် မထွက်ရင် ဖမ်းမယ်လို့ ပြောတာပဲ။ ဘယ်ပုံစံနဲ့ လာမလဲမသိဘူး။ ၁၂ တန်းစာမေးပွဲကလည်း မနက်ဖြန်စမှာ၊ ကျောင်းကြိုပို့တာ ဘယ်လိုလုပ်ကြမယ် မသိပါဘူး။ တက္ကသိုလ်စာမေးပွဲကလည်း ၁၆ ရက်နေ့၊ အတော်ဂွကျတာပဲ” ဟု ကျောင်းသားမိဘတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ထိုင်းနှင့် တရုတ်နိုင်ငံတို့မှ စက်သုံးဆီများကို အဓိကမှီခိုနေရသည့် မြဝတီ၊ တာချီလိတ်နှင့် မူဆယ်မြို့များတွင် ဆီဝယ်ယူရန် တန်းစီနေရရုံသာမက ဆီဆိုင်များက ရောင်းချပေးသည့် ပမာဏကိုပါ ကန့်သတ်လိုက်ကြောင်း ဒေသခံများက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် စက်သုံးဆီဆိုင်များမှာ နေ့တစ်ဝက်သာ ဖွင့်လှစ်ပေးပြီး ဆိုင်ကယ်တစ်စီးလျှင် ထိုင်းဘတ်ငွေ ၅၀ ဖိုးနှင့် ကားတစ်စီးလျှင် ဘတ်ငွေ ၅၀၀ မှ ၁,၀၀၀ ဖိုးခန့်သာ ရောင်းချပေးတော့ကြောင်း တာချီလိတ်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“တာချီလိတ်မှာတော့ တန်းစီရတယ်၊ လိုသလောက်မရပေမဲ့ တစ်ရက်စာ တစ်စီးတော့ ဖူလုံသွားတာပဲ။ ခရီးရှည်ကားသမားတွေအတွက်တော့ ခက်တာပေါ့။ ဆီဆိုင်တွေက နေ့တစ်ဝက်ပဲ ရောင်းတယ်” ဟု တာချီလိတ်မြို့ခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တာချီလိတ်မြို့ရှိ ဆီဆိုင်များမှာ နံနက်ပိုင်း ခဏသာ ဖွင့်လှစ်ပေးသဖြင့် ဒေသခံများမှာ ဆီဝယ်ယူရန်ပင် ခက်ခဲနေကြောင်း သိရသည်။

လတ်တလောတွင် အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်နှင့် လူနာတင်ယာဉ်များကို ကင်းလွတ်ခွင့် ပေးထားသော်လည်း ကိုယ်ပိုင်ယာဉ်ဖြင့် သွားလာရသည့် ကျောင်းသားမိဘများ၊ နေ့စားအလုပ်သမားများနှင့် ဈေးသည်များမှာ စက်သုံးဆီ ပြတ်လပ်မှုနှင့် စုံ၊ မ စနစ်၏ ကြားတွင် ဘဝရပ်တည်ရေးနှင့် သွားလာရေးအတွက် ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်တွင် စက်သုံးဆီဈေးကျဆင်းလာသော်လည်း ရပ်ကွက်၊ ကျေးရွာမှောင်ခို စျေးကွက်၌ ဈေးမြင့်နေဆဲ

0
သျှမ်းပြည်တောင်ပိုင်းရှိ တောင်ကြီး၊ အောင်ပန်း၊ ပင်းတယနှင့် ရွာငံမြို့များတွင် စက်သုံးဆီဈေးနှုန်းများ ကျဆင်းလာသော်လည်း မှောင်ခိုစျေးကွက် ဆက်လက်စျေးမြင့်တက်နေသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် မေလ ၁ ရက်မှစတင်၍ မြို့ပေါ်စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၅,၀၀၀ ဝန်းကျင်သာရှိလာပြီး လိုသလောက် ဝယ်ယူနိုင်သည့်အခြေအနေဖြစ်လာကြောင်း သိရသည်။ သို့သော် ရပ်ကွက်ထဲနှင့် ကျေးရွာအများစုတွင်...

လေယာဉ်ခရီးစဉ်များ ရုတ်တရက်ဖျက်သိမ်းမှုကြောင့် ခရီးသွားလုပ်ငန်းရှင်များ ဆုံးရှုံးမှုကြီးမား

0
လောင်စာဆီဈေး မြင့်တက်မှုကြောင့် ထိုင်းနှင့် ပြည်ပလေကြောင်းလိုင်းများက လေယာဉ်ခရီးစဉ်များကို ရုတ်တရက် ဖျက်သိမ်းနေခဲ့ကြောင်း သတင်းရရှိသည်။​ ထိုဖျက်သိမ်းမှုကြောင့် ခရီးသွားလုပ်ငန်းရှင်များမှာ ဟိုတယ်နှင့် ခရီးသွားစရိတ်များ ဆုံးရှုံးနေရသဖြင့် အစိုးရက ကြားဝင်ဖြေရှင်းပေးရန် ထိုင်းခရီးသွားလုပ်ငန်းကိုယ်စားလှယ်များအသင်း (TTAA) က တောင်းဆိုကြောင်း ဘန်ကောက်ပို့စ်တွင် ဖော်ပြသည်။ ယခုလအတွင်း Thai AirAsia X၊ Vietjet...

စက်သုံးဆီ ကန့်သတ်ရောင်းချမှုကြောင့် မိုင်းလား-ကျိုင်းတုံ ကားခ ဈေးနှုန်းမြင့်တက်လာ

0
သျှမ်းပြည် အရှေ့ပိုင်းတွင် စက်သုံးဆီဈေးနှုန်းမြင့်တက်ပြီး အကန့်သတ်ဖြင့် ဝယ်နေရခြင်းကြောင့် မိုင်းလား - ကျိုင်းတုံ ကားခများ ဈေးနှုန်းမြင့်တက်လာကြောင်း စုံစမ်းသိရသည်။ လက်ရှိ အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကြောင့် စက်သုံးဆီစျေး ပြဿနာဖြစ်လာပြီး စျေးနှုန်းမြင့်တက်လာသည့်အပြင် စက်သုံးဆီ ရှားပါးမှု ဖြစ်လာသည့်အတွက် မိုင်းလား-ကျိုင်းတုံ ပြေးဆွဲနေသည့် ကားများသည် တနေ့လျှင့်...

စက်သုံးဆီပြဿနာကြောင့် ကွတ်ခိုင်-မန္တလေး အရေးပေါ်လူနာပို့ခ ကျပ်သိန်း ၂၀ ထိရှိလား

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့မှ အရေးပေါ်လူနာများကို မန္တလေးမြို့အထိ သယ်ယူပို့ဆောင်ရာတွင် ကုန်ကျစရိတ် ကျပ်သိန်း ၂၀ အထိ ရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်မြောက်ပိုင်းရှိ ကွတ်ခိုင်မြို့ကို “၁၀၂၇ စစ်ဆင်ရေး” အတွင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)...

စက်သုံးဆီရှားပါးမှုကြောင့် ပရဟိတကားများ ဆီမထည့်နိုင်၊ လူနာချက်ချင်းသွားမခေါ်နိုင်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်း စက်သုံးဆီ ရှားပါးလာမှုကြောင့် ပရဟိတ အရေးပေါ်လူနာတင်ယာဉ်များသည် စက်သုံးဆီ အလွယ်တကူ မထည့်နိုင်တော့ဘဲ လူနာကိုလည်း ချက်ချင်းသွားရောက်မခေါ်နိုင်တော့ကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည်အပါအဝင် မြန်မာတစ်နိုင်ငံလုံးနီးပါး ရင်ဆိုင်နေရသည့် စက်သုံးဆီပြတ်လပ်မှု ပြဿနာနှင့် ကုန်ဈေးနှုန်းမြင့်တက်လာမှု အပါအဝင် အဘက်ဘက်မှ ပိုမိုကြပ်တည်း ခက်ခဲလာသည့်အခြေအနေထိ ရောက်ရှိလာသည်။ ထိုသို့ စက်သုံးဆီပြတ်လပ်မှုနှင့်...