တာချီလိတ်မြို့ပေါ် ခိုးဝင်လာသည့် နိုင်ငံခြားသား ကျားဖြန့် ၄၀၀ နီးပါး ဖမ်းဆီးရမိ

“ရွှေတြိဂံ ဒေသ” သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်သို့ ခိုးဝင်လာပြီး ကျားဖြန့် အွန်လိုင်းလုပ်ငန်း လာရောက်လုပ်ကိုင်သည့် နိုင်ငံခြားသား ၄၀၀ နီးပါးနှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ယမန့်နေ့ (မတ်လ ၃ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် (၂)၊ မယ်ခေါင်(၂)လမ်းတွင် ဖွင့်လှစ်ထားသည့် “ အပြည်ပြည်ဆိုင်ရာ ဟိုတယ်”တွင် နေထိုင်ပြီး ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်သော နိုင်ငံခြားသား (၃၉၃)ဉီးကို စစ်ကော်မရှင်ဘက်က ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ဖမ်းဆီးခံရသည့် နိုင်ငံခြားသား (၃၉၃)ဉီးထဲတွင် တရုတ်နိုင်ငံသား အမျိုးသား (၂၈၉)ဉီး၊ အမျိုးသမီး (၈)ဉီး၊ မလေးရှားနိုင်ငံသား အမျိုးသား (၃၁)ဉီး၊ အမျိုးသမီး (၇)ဉီး၊ ဗီယက်နမ်နိုင်ငံသား အမျိုးသား(၄၆)ဉီး၊ အမျိုးသမီး (၁၁)ဉီး၊ ဖိလစ်ပိုင်နိုင်ငံသား အမျိုးသမီး (၁)ဉီး တို့ ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“အခုဖမ်းမိတာက နိုင်ငံခြားသားတွေပဲ။ ဒီလူတွေက ဘယ်ကနေဝင်လာလဲ၊ ဒီလူတွေက ဒီဟိုတယ်မှာ နေတာ ဘယ်လောက်ကြာပြီလဲ ဆိုတာ တာချီလိတ်က ရဲတွေ မသိဘူးဆိုတာ မဖြစ်နိုင်ဘူး။ လဝကတွေလည်း ငွေရတုန်း လွတ်ထားတာ၊ အခုက ဘာနဲ့ညှိလို့ ဖမ်းလဲမသိဘူး” ဟု တာချီလိတ်ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ထို “အပြည်ပြည်ဆိုင်ရာ ဟိုတယ်”သည် စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်နောက်ပိုင်း ဖွင့်လှစ်လာသည့် ဟိုတယ်ဖြစ်ပြီး၊ ထိုဟိုတယ်သည် ကျားဖြန့်လုပ်ကိုင်သော နိုင်ငံခြားသားများသာ အဓိက နေထိုင်သည့်နေရာဖြစ်ပြီး ခရီးသွား ဧည့်သည် လာရောက် တည်းခိုသူ မရှိကြောင်းလည်း ၎င်းဟိုတယ်သို့ ပစ္စည်းသွားရောက်ပို့ပေးဖူးသည့် အမျိုးသမီးတစ်ဉီးက ပြောသည်။

တာချီလိတ်မြို့ ခိုးဝင် နိုင်ငံခြားသား ကျားဖြန့်များ

“အဲ့ဟိုတယ်က အရမ်းကြီးတယ်၊ အတွင်းထဲလည်း တော်တော်ကျယ်တယ်။ သာမန်လူတွေ တည်းတာ မတွေ့ဖူးဘူး။ ကျမ တစ်ခါ အွန်လိုင်းလုပ်နေသူကို ပစ္စည်းသွားပို့ဖူးတယ်။ အပြင်လူတွေ ဝင်ဖို့က ခက်ခဲတယ်” ဟု ၎င်းအမျိုးသမီးက ဆိုသည်။

အဆိုပါ နိုင်ငံခြားသား (၃၉၃)ဉီးသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နှောင်းပိုင်းကာလ လာအိုနိုင်ငံတွင် ကျားဖြန့် အွန်လိုင်းလိမ်လည်မှုကို လာအိုနိုင်ငံမှ အာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးမှုကြောင့် မြန်မာနိုင်ငံဘက်ခြမ်းသို့ ပြောင်းရွှေ့လာသည့် သူများလည်း ဖြစ်နိုင်ကြောင်း အသက် (၄၀)အရွယ်ရှိ တာချီလိတ်ဒေသခံ အမျိုးသမီးက ဆိုသည်။

ထို “ အပြည်ပြည်ဆိုင်ရာ ဟိုတယ်”ကို တာချီလိတ်မြို့ ဒေသခံ အခေါ်အဝေါ်အရ ‘ဝ’ ရုံးဟုလည်း ခေါ်ဝေါ်ကြကြောင်း၊ ဟိုတယ်ခြံသည် အမြဲတမ်းပိတ်ထားပြီး တရုတ်နိုင်ငံသားများ အဝင်အထွက် လုပ်နေသည့် နေရာတစ်ခုလည်း ဖြစ်ကြောင်း ၎င်းအမျိုးသမီးက ပြောပြသည်။

“တာချီလိတ်က ကျားဖြန့်တွေက လာအိုဘက်ဖမ်းရင် ဒီဘက်ပြောင်းလာ၊ ဒီဘက်ခြမ်းဖမ်းရင် လာအိုဘက် ပြောင်းနေပဲ။ အခု ဖမ်းလိုက်ရင် နည်းနည်း ပြန်ငြိမ်သွားမယ်။ ပြီးရင် ပြန်ပေါ်လာတာပဲ” ဟု ၎င်းအမျိုးသမီးက ထပ်လောင်းပြောသည်။

“အပြည်ပြည်ဆိုင်ရာ ဟိုတယ်”တွင် ဖမ်းမိသည့် ကျားဖြန့်အွန်လိုင်း ဆက်စပ်ပစ္စည်းများမှာ ကွန်ပျူတာ ၁၇၄ လုံး၊ CPU ၇၀ လုံး၊ Starlink (စတားလင့်ခ်) အင်တာနက်စက် ၉ လုံး၊ ဖုန်းမျိုးစုံ ၂၃၃ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထိုဖမ်းဆီးထိန်းသိမ်းထားသည့် အွန်လိုင်းကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူ နိုင်ငံခြားသားများကို လုပ်ထုံးလုပ်နည်းများနှင့် အညီ ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး လွှဲပြောင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ သိမ်းဆည်းရမိသည့် စက်ပစ္စည်းများကိုလည်း ထပ်မံ အသုံးမပြုနိုင်စေရန် စနစ်တကျ ဖျက်ဆီးသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ယမန်နေ့ (မတ်လ ၃ ရက်) တွင် အမေရိကန် စုံစမ်းစစ်ဆေးရေးဗျူရို (FBI)မှ အရှေ့တောင်အာရှတွင် လုပ်ရှားနေသည့် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို နှိမ်နှင်းရန် အတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ရုံးခွဲတွင် အခြေစိုက်ပြီး ထိုင်းအာဏာပိုင် အဖွဲ့အစည်းများ၊ ဒေသတွင်း မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း လူမှုမီဒီယာတို့တွင် ထုတ်ပြန်ခဲ့သည်။

ထိုင်းနိုင်ငံဘက်ကလည်း ဒေသတွင်း၌ လည်ပတ်နေသော နယ်စပ်ဖြတ်ကျော်ပြီး အွန်လိုင်း ငွေကြေးလိမ်လည်မှု ကွန်ရက်များကို နှိမ်နင်းရန်အတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်လုပ်ဆောင်နေကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၄ ရက်)တွင်လည်း တာချီလိတ်မြို့ ဆေးခန်းရပ်ကွက်ရှိ ရောင်နီဦးဝန်း အတွင်း စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ဝင်ရောက် စီးနင်းခဲ့ရာ ကျားဖြန့်အွန်လိုင်းလုပ်ငန်းလုပ်ကိုင်သည့် တရုတ်နိုင်ငံသား ၁၀၀ ကျော် ဖမ်းဆီးရမိခဲ့သည်။

သျှမ်းပြည်အတွင်းလုပ်ရှားနေသည့် ကျားဖြန့် အွန်လိုင်းလုပ်ငန်းရှိသည့်နေရာများကို စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက မကြာခဏ ဝင်ရောက်စီးနင်း ဖမ်းဆီးမှုများ ပြုလုပ်နေသော်လည်း လက်ရှိချိန်ထိ ပပျောက်သွားခြင်းမရှိသေးကြောင်း သိရသည်။

လက်ရှိအချိန်တွင် ကျားဖြန့် အွန်လိုင်းလုပ်ငန်းများသည် နိုင်ငံတကာ၏ နှိမ်နင်းမှုများ ရှိနေသော်လည်း မြန်မာနိုင်ငံ၏ ဝေးလံခေါင်ဖျားသော နယ်မြေများ အထူးသဖြင့် သျှမ်းပြည်ရှိ တောတွင်းဒေသများ နှင့် နယ်စပ်ဒေသအချို့တွင် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်သူ့စစ်များ၏ အကာအကွယ်ဖြင့် ဆက်လက်လည်ပတ်နေဆဲ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် တရုတ်လူမျိုးအပါအဝင် ကျားဖြန့်သမား ၅၆ ဉီး ထပ်မံဖမ်းခံရ

0
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၅ ဦးအပါအဝင် စုစုပေါင်း ၅၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (စက်တင်ဘာ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ရှိ ဝမ်ကောင်းရပ်ကွက်အတွင်း အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာကို စစ်ကောင်စီတပ်တို့...

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...

“အမြစ်ပြတ်ရှင်းလင်းခြင်း” ယုံတမ်းစကား – မြန်မာ့ကျားဖြန့်အင်ပါယာ နှင့် မြေအောက်နိုင်ငံတော်

0
ကျားဖြန့်နှင့် ငွေလိမ်လုပ်ငန်းများအကြောင်း သျှမ်းသံတော်ဆင့် (Shan Herald Agency for News) နှင့် ခေတ်သစ်မီဒီယာတို့၏ လတ်တလော အစီရင်ခံစာများသည် သတင်းခေါင်းကြီးပိုင်းများ ဖြစ်လာခဲ့သည်။ ကျားဖြန့်ကို အမြစ်ပြတ်ချေမှုန်းလိုက်ပြီဆိုသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) ၏ ပြောကြားချက်သည် ယုံကြည်နိုင်မည်လား သို့မဟုတ် တရုတ်နိုင်ငံက...

တာချီလိတ်တွင် စစ်သားအယောင်ဆောင်ကာ လူငယ်များကို ဖမ်းဆီးနေသည့် အဖွဲ့ကို ဖမ်းမိ

0
သျှမ်းပြည်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် စစ်သားအယောင်ဆောင်ကာ လမ်းပေါ်တွေ့ လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေသည့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဩဂုတ်လ ၃၀ ရက်) နံနက်အစောပိုင်းတွင် တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုရှိ မယ်ဟုတ်တံတား၌ ရှောင်တခင်...