“တာချီလိတ်မှာ ဖမ်းဆီးမှုတွေရှိရင် လာအိုဘက်ကို ကူးသွားကြတယ်။ လာအိုဘက်မှာ ဖမ်းရင် တာချီလိတ်ဘက်ကို ပြန်ကူးလာကြတယ်”
ဒီဖြစ်ရပ်ကို ပြန်ပြောပြသူကတော့ အသက် ၂၃ နှစ်အရွယ် နန်းတစ် (အမည်လွှဲ) ပါ။
နန်းတစ်ဟာ သျှမ်းပြည်အရှေ့ပိုင်း မြန်မာ-ထိုင်း-လာအို နယ်စပ်ရှိ တာချီလိတ်မြို့မှာ နေထိုင်သူဖြစ်ပြီး “ကျားဖြန့်” လို့ လူသိများတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ လုပ်ကိုင်နေတာ သုံးနှစ်နီးပါး ရှိပြီဖြစ်ပါတယ်။
မြန်မာ၊ ထိုင်းနဲ့ လာအို နိုင်ငံသုံးခုဆုံရာ “ရွှေတြိဂံဒေသ” ကို မဲခေါင်မြစ်က နယ်နိမိတ်အဖြစ် ပိုင်းခြားထားပါတယ်။ တာချီလိတ်မြို့နယ်ကနေ မဲခေါင်မြစ်အတိုင်း စက်လှေနဲ့ ၄၅ မိနစ်ခန့် သွားရင် မြစ်တက်ဖက်ကမ်းမှာရှိတဲ့ လာအိုနိုင်ငံ တုန်ဖိန်း (Ton Pheung) ခရိုင်ကို ရောက်ရှိပါတယ်။
အဲ့နေရာဒေသကို ရွှေတြိဂံ အထူးစီးပွားရေးဇုန်လို့ လူသိများပြီး ၂၀၀၇ ခုနစ်မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဖန်တီးဖို့ ရည်ရွက်ပြီး လာအိုအစိုးရနဲ့ တရုတ်ပိုင် ဟောင်ကောင်မှတ်ပုံတင်ကုမ္ပဏီ (King Romans Group) တို့ ပူးပေါင်း တည်ထောင်ခဲ့ခြင်း ဖြစ်ပါတယ်။

အဲ့ဒီဇုန်ရဲ့ အလယ်ဗဟိုမှာ (Kings Romans) ကာစီနို လောင်းကစားရုံ တည်ရှိပြီး တရုတ်နိုင်ငံသား ဧည့်သည်တွေကို အဓိက ဆွဲဆောင်လျက် ရှိပါတယ်။
လာအိုနိုင်ငံလို့ ဆိုပေမယ့်လည်း လမ်းညွှန်ဆိုင်းဘုတ်တိုင်းမှာ တရုတ်ဘာသာ စကားကို အသုံးပြုတာ၊ ငွေကြေးအနေနဲ့လည်း တရုတ်ယွမ်ငွေကိုသာ သုံးစွဲနေတာတွေကြောင့် တရုတ်နိုင်ငံထဲမှာရှိတဲ့ မြို့တစ်မြို့လို့ ထင်မှတ်မှားရလောက်အောင်ပါပဲ။
ရွှေတြိဂံ အထူးစီးပွားရေးဇုန်ဟာ အပြင်ပန်း ကြည့်ရင်တော့ ခေတ်မီ အဆောက်အဦတွေနဲ့ ဖွံ့ဖြိုးတိုးတက်နေတယ်လို့ ထင်ရပေမယ့်လည်း တကယ်တမ်းမှာတော့ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုနဲ့ တရားမဝင် လုပ်ငန်းတွေ အမြစ်တွယ်နေတဲ့ ဒုစရိုက်နယ်မြေတစ်ခု ဖြစ်နေပါတယ်။
“တရုတ်ပြည်လိုပဲ အဲ့ဘက်က။ တိုက်တွေ အဆောက်အအုံတွေက ကြီး၊ မီးရောင်တွေကလည်း လင်းနေတာပဲ။ အပြင်ကနေ ကြည့်ရင်တော့ စီးပွားရေးဇုန်လို့ ထင်ရပေမယ့် တကယ်တော့ အဲ့မှာက နေရာတကာ ကာစီနို (လောင်းကစား)တွေ၊ ကျားဖြန့်တွေပါပဲ” လို့ နန်းတစ်က လာအိုနိုင်ငံ ရွှေတြိဂံ အထူးစီးပွားရေးဇုန် ဒေသအကြောင်းကို ပြန်ပြောနေတာ ဖြစ်ပါတယ်။
နန်းတစ်ဟာ အဲ့ဒီနေရာမှာ ၂ လခန့် အလုပ်လုပ်ခဲ့ဖူးပြီး အလုပ်က စီစဉ်ပေးတဲ့ အခန်းမှာ စုပေါင်း နေထိုင်ခဲ့ရကြောင်း၊ လစာအဖြစ် တစ်လကို တရုတ်ယွမ် ၃,၀၀၀ (မြန်မာငွေ ကာလပေါက်ဈေး ၉ သိန်းကျော်) ရရှိခဲ့ကြောင်း ရှင်းပြခဲ့ပါတယ်။
အဖမ်းအဆီးကြား မြန်မာ-လာအို ကူးချည်သန်းချည် ကျားဖြန့်လုပ်ငန်း
နန်းတစ်ဟာ လာအိုဘက်ခြမ်း ရွှေတြိဂံ အထူးစီးပွားရေးဇုန်မှာ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်ခဲ့တာ ၂ လခန့် ကြာမြင့်ခဲ့ပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ တရုတ်နဲ့ လာအို အာဏာပိုင်တွေရဲ့ ကျားဖြန့်ဖမ်းဆီးမှုတွေကြောင့် မြန်မာနိုင်ငံဘက်ခြမ်း တာချီလိတ်မြို့ကို ပြန်လည် ပြောင်းရွှေ့လာခဲ့ရပါတယ်။
လာအိုနိုင်ငံအတွင်း ကျားဖြန့်ဖမ်းဆီးမှုကလည်း မကြာခဏ ရှိတတ်ပေမယ့် အမှန်တကယ် ပပျောက်သွားခြင်း မရှိပါဘူး။


နန်းတစ်လိုပဲ အသက် ၂၁ အရွယ် စိုင်းဝမ်း (အမည်လွှဲ) မှာလည်း လာအိုဘက်ခြမ်း ရွှေတြိဂံ အထူးစီးပွားရေးဇုန်နဲ့ မြန်မာဘက်ခြမ်း တာချီလိတ်မြို့အကြား ကူးချည်သန်းချည်နဲ့ ယနေ့အချိန်ထိ ကျားဖြန့်လုပ်ငန်းမှာ ပါဝင်လုပ်ကိုင်နေသူ တစ်ဦးပါ။
စိုင်းဝမ်းဟာ သျှမ်းပြည် မိုင်းရှူးမြို့ ဇာတိဖြစ်ပြီး “၁၀၂၇ စစ်ဆင်ရေး” ဖြစ်ပွားပြီး နောက်ပိုင်းမှာ မြန်မာ-ထိုင်းနယ်စပ် သောင်းရင်းမြစ်ကမ်းဘေးမှာ တည်ဆောက်ထားတဲ့ ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်မြို့ရှိ (KK Park) မှာ ကျားဖြန့်လုပ်ငန်းကို စတင်ဝင်ရောက် လုပ်ကိုင်ခဲ့ပါတယ်။
အဲ့ဒီအချိန်တုန်းက စိုင်းဝမ်းတစ်ယောက် အသက် (၁၈) နှစ်သာ ရှိပါသေးတယ်။
ရွှေကုက္ကိုလ်မြို့ရှိ (KK Park) မှာ ခေတ္တဝင်ရောက် လုပ်ကိုင်ခဲ့ပြီးနောက် စီးနင်းဖမ်းဆီးမှုများ မပြုလုပ်ခင်မှာ စိုင်းဝမ်းတစ်ယောက် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ကို ပြောင်းရွှေ့လာပြီး ကျားဖြန့်လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။
“ကျနော် ဒီအလုပ်ကို လုပ်လာတာ သုံးနှစ်ကျော်ရှိပြီ။ အွန်လိုင်းကနေ အင်္ဂလိပ်၊ တရုတ်ဘာသာတွေနဲ့ သုံးပြီး တစ်လကို ပိုက်ဆံဘယ်လောက် ရှာရမလဲဆိုတာ ရှိပါတယ်။ ကျနော်တို့ကတော့ သူတို့သတ်မှတ်ထားတဲ့ Target ရအောင် လုပ်နိုင်ရင်တော့ ပြဿနာမရှိဘူး”လို့ စိုင်းဝမ်း က ကျားဖြန့်လုပ်ငန်းအကြောင်း ရှင်းပြပါတယ်။
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့အတွင်း အစစ်အဆေး တင်းကြပ်လာတာ ဒါမှမဟုတ် ဖမ်းဆီးမှုသတင်းတွေ ကြားရရင် စိုင်းဝမ်းတို့ အုပ်စုဟာ ခေတ္တရပ်နားကာ လာအိုနိုင်ငံဘက်ကို ရွှေ့ပြောင်းပြီး အဲ့ဒီဘက်မှာရှိတဲ့ သူဌေးနဲ့ ချိတ်ဆက်ကာ ကျားဖြန့်လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ကြရတယ်လို့ ဆိုပါတယ်။


ကျားဖြန့်လုပ်ငန်းဟာ အခြား သူတပါးရဲ့ ငွေကြေးကို လိမ်လည်ရယူတဲ့ အလုပ်ဆိုတာ သိရှိထားပေမယ့် စိုင်းဝမ်း တစ်ယောက်ကတော့ အဲ့ဒီလုပ်ငန်းရဲ့ သံသယနဲ့ စိတ်အနှောင့်အယှက်တွေကြား ဆက်လက် အသက်မွေးဝမ်းကြောင်း ပြုနေရပါတယ်။
ဒါ့ကြောင့် စိုင်းဝမ်းတို့လိုပဲ လူငယ်တွေအနေနဲ့ ကျားဖြန့်လုပ်ငန်းဟာ မကောင်းတဲ့ လုပ်ငန်းဖြစ်ပေမယ့် တစ်လကို ဝင်ငွေပုံမှန်ရရှိပြီး မိသားစုဝမ်းရေးကို ထောက်ပံ့နိုင်တာကြောင့် မျက်စိမှိတ် သည်းခံ လုပ်ကိုင်နေရပါတယ်။
“ဒီမြန်မာဘက်မှာ ဖမ်းတဲ့သတင်းကြားရင် ခဏရပ်၊ လာအိုဘက်ရွှေ့။ လာအိုဘက်မှာ ဖမ်းတော့ ဒီ(တာချီလိတ်)ကို ပြန်ဝင်ရတယ်။ ကျားဖြန့်က မကောင်းဘူးဆိုပေမယ့် ကျနော်တို့မိသားစု ဝမ်းရေးအတွက် အဆင်ပြေတယ်။ ဝင်ငွေမရှိရင် ဘယ်သူမှ မကူညီဘူး” လို့ သူက စိတ်မကောင်းစွာ ပြောလာပါတယ်။
ရွှေတြိဂံဒေသရှိ ကျားဖြန့်လုပ်ငန်းမှာ တစ်လကို ဒေါ်လာ တစ်သောင်းခွဲ ရှာဖွေပေးရပြီး လစာအဖြစ် ဘတ်သုံးသောင်း (မြန်မာကျပ်ငွေ ကာလပေါက်ဈေး သိန်း ၃၀ ကျော်) ကျော် ရရှိကြောင်း၊ Target ကျော်ပါက အပိုဆုကြေးလည်း ထပ်လောင်းရရှိကြောင်း စိုင်းဝမ်းက ပြောပါတယ်။
ကျားဖြန့် အွန်လိုင်းလိမ်လည်မှုတွေကို ပြုလုပ်ရာမှာ အဓိကအားဖြင့် အနောက်နိုင်ငံသားတွေ အသုံးပြုလေ့ရှိတဲ့ (WhatsApp) ကို အသုံးပြုပြီး အင်္ဂလိပ်ဘာသာနဲ့ ဆက်သွယ်ပြောဆို လိမ်လည်ရကြောင်း သူက ရှင်းပြပါတယ်။
ဘာသာစကား ကျွမ်းကျင်မှုအလိုက် လစာတိုးပေးတဲ့အတွက် ကျားဖြန့်လုပ်ကိုင်သူ လူငယ်တချို့ဟာ တရုတ်ဘာသာ ပြန်လည်လေ့လာနေကြသလို တချို့လည်း အင်္ဂလိပ်ဘာသာကို အဆင့်မြင့် လေ့လာနေကြကြောင်း စိုင်းဝမ်းက လက်ရှိအခြေအနေကို ရှင်းပြနေပါတယ်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ လာအိုနိုင်ငံအတွင်း ဖမ်းဆီးမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် စိုင်းဝမ်းတစ်ယောက် မြန်မာနိုင်ငံဘက်ခြမ်း တာချီလိတ်မြို့ကို ပြန်လည် ပြောင်းရွှေ့လာခဲ့ပါတယ်။
“အခုလာအိုမှာ လုပ်နေတဲ့သူတွေ တာချီလိတ်ကို ပြန်လာကြပြီ။ ဒီရက်ပိုင်း တာချီလိတ်မှာ တိတ်တဆိတ် ပြန်လုပ်နေတယ်။ အခုဆိုရင် ကျားဖြန့် လုပ်ဖူးတဲ့ သူတွေကိုပဲ သူတို့ ယူတော့တယ်။ လူငယ်တွေကတော့ အများဆုံးပဲ” လို့ စိုင်းဝမ်းက လက်ရှိ ကျားဖြန့်လုပ်ငန်း လည်ပတ်မှု အခြေအနေကို ပြောလာပါတယ်။
တာချီလိတ်မှာ ပြန်လည် ခြေရှုပ်နေတဲ့ ကျားဖြန့်
မြန်မာ-ထိုင်းနယ်စပ်ရှိ သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ဟာ အရင်ကတည်းက ထိုင်းနိုင်ငံရဲ့ လျှပ်စစ်မီး၊ ထိုင်းဆက်သွယ်ရေးကွန်ရက် ဖုန်းဆင်းမ်ကတ်တွေနဲ့ အင်တာနက် ဝန်ဆောင်မှုတွေကို အားထားအသုံးပြုရတဲ့ နယ်စပ်မြို့ တစ်မြို့ ဖြစ်ပါတယ်။
ဒါပေမယ့် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ ကျားဖြန့် ငွေလိမ်လုပ်ငန်းတွေကို ပံ့ပိုးနေတဲ့ နေရာ (၅) ခုကို လျှပ်စစ်မီး၊ အင်တာနက်နဲ့ လောင်စာဆီ ထောက်ပံ့မှုတွေကို ဖြတ်တောက်မယ်လို့ ထိုစဉ်က ထိုင်းနိုင်ငံဝန်ကြီးချုပ်ဖြစ်သူ Paetongtarn Shinawatra (ပေထုန်တန် ရှင်နာဝပ်) က “ကျမတို့ ထိုင်းပြည်သူတွေကို ကာကွယ်စောင့်ရှောက်ရမယ်” လို့ ပြောကြားခဲ့ပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ အစပိုင်းမှာ စတင်ဖြတ်တောက်ခဲ့ပါတယ်။
ထိုင်း-မြန်မာ နယ်စပ်ရှိ အဲ့ဒီ (၅) နေရာထဲမှာ သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်လည်း ပါဝင်ခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်းမှာ တာချီလိတ်မြို့နယ် မြို့မီးလင်းရေးကော်မတီက လျှပ်စစ်မီး ပြန်လည်ရရှိစေဖို့အတွက် လာအိုနိုင်ငံကနေ လျှပ်စစ်ဓာတ်အားလိုင်းတွေနဲ့ မီးကြိုးတွေကို အစားထိုး ချိတ်ဆက်ခဲ့ပြီး ကျားဖြန့်လုပ်ငန်းတွေနဲ့ အခြားသော တရားမဝင် လောင်းကစားလုပ်ငန်းတွေကို ဆက်လက်လည်ပတ် လုပ်ကိုင်နေကြပါတယ်။
ထိုင်းနိုင်ငံဘက်က အွန်လိုင်းကျားဖြန့် ငွေလိမ်လည်မှုတွေကို တားဆီးပိတ်ပင်ဖို့ ဘယ်လောက်ပဲ ကြိုးပမ်းနေပေမယ့် လက်တွေ့အခြေအနေမှာ ကျားဖြန့်လုပ်ငန်းတွေ ပျောက်ကွယ်သွားခြင်း မရှိဘဲ ပိုမိုကျယ်ပြန့်လာကာ ပုံစံမျိုးစုံနဲ့ လုပ်ကိုင်လာကြကြောင်း တာချီလိတ်မြို့ရှိ အသက် ၃၈ နှစ်အရွယ် ကုန်သည်တစ်ဦးဖြစ်သူ နန်းလျန်း ပြောပြပါတယ်။
“ရှေ့နှစ်လလောက်က ဒီမှာ (တာချီလိတ်) ကျားဖြန့်တွေ မတွေ့ရဘူး။ အခုပြန်တော့ ဟိုတကွက် ဒီတကွက် တပိုင်တနိုင်နဲ့ ပြန်လုပ်နေကြတယ်။ အရင်လို တိုက်ခန်းတစ်ခုထဲ လူအများကြီး စုဝေးပြီး လုပ်တာ မဟုတ်တော့ဘူး။ ကိုယ့်အခန်းမှာ ကိုယ်နေပြီး လုပ်ကြတာမျိုး ဖြစ်လာတယ်” လို့ နန်းလျန်းက လက်ရှိ တာချီလိတ်မြို့မှာ ကျားဖြန့်လုပ်ငန်း အခြေအနေကို ပြောပြလာပါတယ်။
လက်ရှိမှာ လာအိုနိုင်ငံဘက်က ရွှေ့ပြောင်းလာတဲ့ ကျားဖြန့်လုပ်ကိုင်သူတွေဟာ တာချီလိတ်မြို့ ရပ်ကွက်အသီးသီးမှာ အဖွဲ့လိုက် အိမ်တွေငှားရမ်းကာ တိတ်တဆိတ် လုပ်ကိုင်နေကြကြောင်း တာချီလိတ်မြို့ ဒေသခံများက ဆိုပါတယ်။

“အခုနောက်ပိုင်း ကျားဖြန့်တွေက ပေါ်တင် လှုပ်ရှားတာ မရှိဘူး။ တစ်ဖွဲ့ကို ၄ ယောက်၊ ၅ ယောက်လောက် စုပြီး တိတ်တိတ်လေး လုပ်နေကြတာ”လို့ တာချီလိတ်ဒေသခံတစ်ဦးဖြစ်တဲ့ စိုင်းကောင်း က ပြောပါတယ်။
စစ်အာဏာမသိမ်းခင် ကာလက တာချီလိတ်မြို့ဟာ ထိုင်းဘာသာစကား၊ ထိုင်းယဉ်ကျေးမှုနဲ့ ထိုင်း အစားအသောက်တွေ လွှမ်းမိုးရာကနေ လက်ရှိအချိန်မှာ တရုတ်ဘာသာစကား၊ တရုတ်ယဉ်ကျေးမှုနဲ့ တရုတ်အစားအသောက်တွေ ပိုမိုလွှမ်းမိုးလာကြောင်း ဒေသခံတွေက ပြောကြပါတယ်။
“အရင်က တာချီလိတ်မှာ ထိုင်းပစ္စည်း၊ ထိုင်းစာတွေ များတယ်။ အခုနောက်ဆိုရင် ကျားဖြန့်နဲ့အတူ တရုတ်စာ၊ တရုတ်စကားတွေ ပိုလွှမ်းမိုးလာတယ်။ နေရာတိုင်း တရုတ်စာတွေ တွေ့ရတော့ မသိရင် တရုတ်နယ်စပ်လိုပါပဲ” ဟု အသက် ၄၅ နှစ်အရွယ် စိုင်းကောင်းက ပြောပါတယ်။
တာချီလိတ်မြို့တွင်း ကျားဖြန့် အွန်လိုင်းငွေလိမ်လည်မှုနဲ့ ပတ်သက်ပြီး စစ်တပ်လက်အောက်ခံ ဌာနဆိုင်ရာ တာဝန်ရှိသူတွေက သိရှိထားပေမယ့်လည်း လိုင်းကြေး (ငွေကြေး လာဘ်ပေးဆောင်ထားမှု) များကြောင့် ထိရောက်စွာ အရေးယူနိုင်ခြင်း မရှိဘဲ မျက်ကွယ်ပြု လုပ်ခွင့်ပေးထားတဲ့သဘော ဖြစ်နေကြောင်း စိုင်းကောင်းက ဆိုပြန်ပါတယ်။
ကျားဖြန့် (အွန်လိုင်းငွေကြေးလိမ်လည်မှု) နိုင်ငံရေး
ကျားဖြန့် အွန်လိုင်းငွေလိမ်လည်မှု အရေးဟာ မြန်မာနိုင်ငံတင်သာမက ကမ္ဘာတဝှမ်းရှိ လူထုကို ခြိမ်းခြောက်နေတဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု ပြဿနာဖြစ်သလို နိုင်ငံရေးကစားကွက်အဖြစ် အသုံးချခံနေရတဲ့ ပုံသဏ္ဍာန် ဖြစ်နေတယ်လို့ နိုင်ငံရေးသမားတွေက ထောက်ပြ ပြောဆိုလာကြပါတယ်။
“ကျားဖြန့် အမြစ်ဖြတ်ရေး၊ စစ်အာဏာရှင် ဖြုတ်ချရေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှာ ညီနောင်မဟာမိတ် (၃)ဖွဲ့ ဖြစ်တဲ့ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ခေါ် ကိုးကန့်တပ်ဖွဲ့ (MNDAA) နဲ့ အာရက္ခတပ်တော် (AA) တို့က “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့ပါတယ်။
မြန်မာ-တရုတ် နယ်စပ်ကနေ စတင်ခဲ့တဲ့ အဲ့ဒီလို စစ်ရေးဖော်ဆောင်မှုတွေကို အင်တိုက်အားတိုက် ပြုလုပ်ခဲ့ပေမယ့်လည်း အွန်လိုင်းကျားဖြန့် ငွေလိမ်လည်မှုကြီးက ဆက်လက် ရှိနေဆဲပါ။
ညီနောင်မဟာမိတ်တပ်ဖွဲ့တွေ၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)နဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေက တရုတ်နိုင်ငံရဲ့ မျက်နှာသာ ရလိုမှုကြောင့် ကျားဖြန့်ခေါင်းဆောင်တွေနဲ့ လုပ်ငန်းလည်ပတ် လုပ်ကိုင်နေသူတွေကို အပြိုင်အဆိုင် ဖမ်းဆီးမှုတွေ ပြုလုပ်ပြီး တရုတ်အာဏာပိုင်တွေထံ လွှဲပြောင်းပေးအပ်မှုတွေ မကြာခဏ ပြုလုပ်နေကြောင်း တွေ့နေရပါတယ်။
တစ်ဖက်မှာလည်း “ဝ” တပ်ဖွဲ့ (UWSA) အရာရှိဟောင်း ကျားဖြန့်ဂိုဏ်းခေါင်းဆောင် နှစ်ဦးကို တရုတ်နိုင်ငံက ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၂ ရက်ကတည်းက ဖမ်းဝရမ်းထုတ်ခဲ့ပြီး ဖမ်းမိရင် တရုတ်ယွမ် တစ်သိန်းမှ ငါးသိန်းအထိ ဆုကြေးပေးမယ်လို့ ကြေညာခဲ့ပေမယ့် လက်ရှိအချိန်ထိ ဖမ်းဆီးရမိကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။

ဒါ့အပြင် တရုတ်အာဏာပိုင်တွေကလည်း ကျားဖြန့် အွန်လိုင်းလိမ်လည်မှုတွေနဲ့ ဆက်နွှယ်တဲ့ ခေါင်းဆောင်တချို့ကို သေဒဏ်ချမှတ် အရေးယူခဲ့ပေမယ့်လည်း ကျားဖြန့်လုပ်ငန်းတွေဟာ ဆက်လက် ကြီးထွားနေဆဲဖြစ်ပြီး ဒီကိစ္စတွေဟာ နိုင်ငံရေးလှည့်ကွက်တစ်ခုသာ ဖြစ်နိုင်ကြောင်း သျှမ်းပြည်မြောက်ပိုင်း နိုင်ငံရေးလေ့လာသူ အမျိုးသားတစ်ဦးက မှတ်ချက်ပြုလိုက်ပါတယ်။
“၁၀၂၇ စစ်ဆင်ရေး” နောက်ပိုင်းမှာ မြန်မာနိုင်ငံရှိ မြို့နယ် ၃၄ ခုအတွင်းမှာ ကျားဖြန့်လုပ်ငန်း ၇၅ ခုထက်မနည်း အသစ် ထပ်တိုးလာခဲ့ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ့ (ISP-Myanmar) ရဲ့ ဇန်နဝါရီ ၁၄ ရက်ထုတ် မြန်မာ့အခြေပြစစ်တမ်းမှာ ဖော်ပြထားပါတယ်။
“၁၀၂၇ စစ်ဆင်ရေး” မတိုင်ခင်မှာ သျှမ်းမြောက်ဒေသ လောက်ကိုင်၊ ပန်ဆန်းနဲ့ မိုင်းလားဒေသတွေမှာ အခြေစိုက် လှုပ်ရှားနေကြတဲ့ ကျားဖြန့်လုပ်ငန်းတွေဟာ သျှမ်းပြည်နယ်အလယ်ပိုင်း ဟိုပုံး၊ လဲချား၊ နမ့်စန်မြို့နယ်တွေနဲ့ ရန်ကုန်၊ မန္တလေးတို့လို မြို့ကြီးများကို ရွှေ့ပြောင်းလှုပ်ရှား လာခဲ့ကြကြောင်းလည်း ISP-Myanmar စစ်တမ်းမှာ ဖော်ပြထားပါတယ်။
“ကျားဖြန့်ကြောင့် “၁၀၂၇ စစ်ဆင်ရေး” ဖြစ်ခဲ့တယ်။ လူထုအိုးအိမ်တွေလည်း ပျက်စီးတယ်၊ လူတွေလည်း သေတယ်။ အဲ့ခေါင်းဆောင်တွေလည်း ဖမ်းမိတယ်၊ ဒါပေမယ့် ကျားဖြန့်က ရှိမြဲ ရှိနေတုန်းပဲ” ဟု လားရှိုးမြို့နေ နိုင်ငံရေးသမားတစ်ဦးက ဆိုပါတယ်။
ကမ္ဘာ့သမိုင်းမှာ မူးယစ်ရာဇာလို့ နာမည်ကြီးတဲ့ “ခွန်ဆာ”ကို ဖမ်းဆီးဖို့ ကြိုးစားခဲ့သလို မူးယစ်ရာဇာ “နော်ခမ်း”ကိုလည်း တရုတ်အာဏာပိုင်တွေ ဖမ်းဆီးပြီး သေဒဏ် ပေးခဲ့ပေမယ့်လည်း မူးယစ်ဆေးဝါး ပြဿနာ ပပျောက်သွားခြင်း မရှိသလို ကျားဖြန့်ခေါင်းဆောင်ကိုလည်း ဖမ်းဆီးသေဒဏ်ချမှတ်ပေမယ့်လည်း မပျောက်ကွယ်သွားကြောင်း သျှမ်းသံတော်ဆင့် အယ်ဒီတာ့စကားဝိုင်းမှာ အယ်ဒီတာချုပ် စိုင်းမိဏ်းက မှတ်ချက်ပြုခဲ့ပါတယ်။

“မူးယစ်ဆေးဝါး ပပျောက်ဖို့ဆိုပြီး မူးယစ်ရာဇာတွေကို ဖမ်းတယ်၊ သေဒဏ်ပေးတယ်။ မူးယစ်ဆေးက ပပျောက်မသွားဘူး။ အလားတူပဲ ကျားဖြန့်ခေါင်းဆောင်တွေကို ဖမ်းပြီး သေဒဏ်ပေးခဲ့တာပဲ။ ကျားဖြန့်ကလည်း ပိုကြီးလာတာပဲလေ၊ မပျောက်ဘူး”လို့ သျှမ်းသံတော်ဆင့် အယ်ဒီတာချုပ် စိုင်းမိဏ်းက မှတ်ချက်ပြုပါတယ်။
အလားတူပဲ ရွှေတြိဂံဒေသဖြစ်တဲ့ မြန်မာ၊ လာအို၊ ထိုင်း အပြင် ကမ္ဘောဒီးယား နိုင်ငံတွေမှာ ကြီးထွားနေတဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုကြီးတွေနဲ့ ဆက်နွှယ်တဲ့ တရုတ်ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ အမေရိကန်အစိုးရက ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီကြေညာချက်အရ အမေရိကန် ပြည်ထောင်စု ကိုလမ်ဘီယာခရိုင် ရှေ့နေချုပ် Jeanine Ferris Pirro ဉီးဆောင်ပြီး တရားရေးဌာနနဲ့ ဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေဖြစ်တဲ့ Federal Bureau of Investigation (FBI)၊ US Secret Service (USSS) နဲ့ Drug Enforcement Administration (DEA) အဖွဲ့တွေက “ အွန်လိုင်းငွေလိမ် စင်တာများ နှိမ်နင်းရေးတပ်ဖွဲ့” (Scam Center Strike Force-SCSF) ကို ဖွဲ့စည်းလိုက်ပါတယ်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်စွဲနဲ့ စစ်ကော်မရှင်ဘက်ကလည်း အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေး ကြီးကြပ်မှု ဗဟိုကော်မတီကို အဖွဲ့ဝင် ၁၆ ဦးနဲ့ ဖွဲ့စည်းကာ ဥက္ကဋ္ဌအဖြစ် စစ်ကော်မရှငလက်အောက်ခံ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ကို တာဝန်ပေးခဲ့ပါတယ်။
“အခုဆိုရင် ကျားဖြန့်တိုက်ဖျက်ရေး အဖွဲ့တွေ အသီးသီးဖွဲ့ကြတယ်။ ဒါပေမယ့် ကျားဖြန့်ကတော့ ရှိနေတုန်းပဲ။ ဒီဂိုဏ်းတွေရဲ့နောက်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေ၊ စစ်တပ်ကလူတွေ မပါရင် ရှင်းလင်းနိုင်တာ ကြာပြီ” လို့ လားရှိုးမြို့နေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးက ထောက်ပြပြောဆိုပါတယ်။
ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာနိုင်ငံအတွင်း စစ်ရေးပဋိပက္ခကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေး ကျဆင်းမှု၊ အလုပ်အကိုင်ရှားပါးမှုနဲ့ ပညာရေးကို ဆက်လက်မသင်ယူနိုင်တဲ့ လူငယ်တွေကို မက်လုံး မျိုးစုံပေးကာ မြူဆွယ်နေတဲ့ လုပ်ငန်းကွန်ရက် တစ်ခုဖြစ်လာပြီး လိမ်လည်မှု နည်းလမ်းတွေလည်း ပုံစံအမျိုးမျိုးနဲ့ ပြောင်းလဲလာနေကြောင်း သူက ဆိုပါတယ်။
“ကျားဖြန့် လုပ်နေတဲ့သူတွေက အခုဆိုရင် အစုလိုက် မနေတော့ဘူး။ အိမ်တွေမှာနေပြီး တပိုင်တနိုင် လုပ်နေကြပြီ၊ လိမ်နည်းတွေကလည်း အဆင်မြင့်လာပြီ” လို့ တာချီလိတ်မြို့နေ စိုင်းကောင်းက လက်ရှိ ကျားဖြန့်လုပ်ငန်း လည်ပတ်မှု အခြေအနေကို ပြောလာပါတယ်။
ကျားဖြန့် လုပ်ကိုင်နေသူ စိုင်းဝမ်းကလည်း “ဒီအလုပ်က ငွေရလွယ်တယ်။ အခြားမှာ လုပ်ရင် ကျနော်တို့ ဒီလောက်ငွေမရသလို ကျောင်းကလည်း မပြီးတော့ အလုပ်ရှာရခက်တယ်။ အခုလို ခေတ်ကာလနဲ့ ဆိုရင်တော့ ဒီလုပ်ငန်းကို လုပ်ချင်တဲ့လူငယ်တွေ များတယ်။ လိမ်လည်မှုဆိုတာ သိရက်နဲ့ လုပ်ကြတာပဲ” လို့ စိတ်မကောင်းစွာ ပြောဆိုလိုက်ပါတယ်။
စိုင်းဆိုင်အိုက် ပါဝင်ရေးသားသည်။











Leave a Comments