ဒီကနေ့ ဖေဖော်ဝါရီလ ၁ ရက် ၂၀၂၆ မှာ စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တာ ၅ နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ စစ်ကော်မရှင်က အာဏာသိမ်း အစ ၆ လ ကနေ ၁ နှစ်အတွင်း ရွေးကောက်ပွဲ ပြန်ကျင်းပပေး မယ်လို့ ကတိပေးခဲ့ပေမယ့် အချိန်ဆွဲလာခဲ့ရာ ၅ နှစ်အကြာမှသာ အပိုင်းလိုက်ခွဲပြီး ရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ အာရှဆိုင်ရာကိုယ်စားလှယ် တိန့်ရှီဂျွန်း ပြောကြားချက်တွေအရ ဒီရွေးကောက်ပွဲဟာ တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ရဲ့ သဘောတူညီချက်အရ အကောင်အထည် ဖော်နိုင်ခဲ့တာကို ဂုဏ်ယူပါတယ်လိုႉဆိုပါတယ်။ ဒီ့အတွက် တရုတ်ရဲ့ ဖိအားသာမပါရင် အခုထိ ရွေးကောက်ပွဲ ဖြစ်လာဦးမှာ မဟုတ်ဘူးဆိုတာ ထင်ရှားနေပါတယ်။
မြေပြင်အခြေအနေကို ကြည့်ရင်လည်း တော်လှန်ရေးအင်အားစုတွေ မရှိတဲ့ မြို့နယ် တိုက်ပွဲ မဖြစ်တဲ့မြို့နယ်ဆိုတာ မရှိသလောက်ဖြစ်နေလို့ရွေးကောက်ပွဲကို ၃ ပိုင်းခွဲပြီး ကျင်းပခဲ့ရပါတယ်။
ပထမအဆင့်မှာ ပြည်ထောင်စုတဝှမ်းလုံး ကျင်းပတဲ့ ၁၀၂ မြို့နယ် အနက် သျှမ်းပြည်မှာ ၁၂ မြို့နယ်၊ ဒုတိယအဆင့်မှာ မြို့နယ် ၁၀၀ အနက် သျှမ်းပြည်မှာ ၁၇ မြို့နယ်၊ နောက်ဆုံးအဆင့်မှာလဲ ၆၃ မြို့နယ် ကျင်းပဖို့ လျာထားပေမယ့် ၆၁ မြို့နယ်သာ ကျင်းပနိုင်ခဲ့ပြီး အဲ့ဒီ့အနက် သျှမ်းပြည်က၉ မြို့နယ်သာပါဝင်ပါတယ်။ သျှမ်းပြည်မှာ မြို့နယ် ၁၇ ခုက ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့ပါဘူး။
ဒါပေမယ့် ဒီရွေးကောက်ပွဲဟာ မြို့ပေါ်ရပ်ကွက်တွေမှာပဲ အပေါ်ယံ ကျင်းပနိုင်ခဲ့တာဖြစ်ပြီး ကျေးလက်ဒေသ နဲ့ နယ်စပ်ဒေသတွေမှာ မကျင်းပနိုင်ခဲ့တဲ့အတွက် ပြည်သူသန်းပေါင်းများစွာဟာ သူတို့ရဲ့ မဲပေးပိုင်ခွင့် ဆုံးရှုံးခဲ့ရ ပါတယ်။ ဒီလို မဲမပေးရတာထက် ပိုတဲ့ နာကျင်စရာ ဆုံးရှုံးမှုတွေကိုလားရှိုးမြို့ခံ Singal Momဖြစ်တဲ့ အမျိုးသမီးတစ်ဉီးက အခုလို ရင်ဖွင့်ပါတယ်။
“၁၀၂၇ စစ်ဆင်ရေးကြောင့် အိမ်လည်း ဗုံးထိလို့ ပျက်စီးသွားပြီ အိမ်ပြန်မဆောက်နိုင်သေးဘူး။ စစ်ဘေးလည်းရှောင်ရ ဝမ်းရေးလည်း ရှာဖွေရဆိုတော့ ဘာရွေးကောက်ပွဲမှ စိတ်မဝင်စားဘူး။ နယ်မြေ သိမ်းနိုင်ပါတယ်ဆိုတဲ့ တပ်ကလည်း ဘာမှ မကူညီတဲ့အပြင် စစ်ကောင်စီထံ လားရှိုးကိုပြန်အပ်ပေးတယ်ဆိုတော့ စိတ်ကုန်တယ်”
ဒီလို ပြည်သူတွေရဲ့ ငိုရှိုက်သံတွေကြားမှာ ကျင်းပတဲ့ ရွေးကောက်ပွဲပြီးသွားပြီဖြစ်လို့ လာမယ့် ရက်ပေါင်း ၆၀ အတွင်းမှာ စစ်ဝတ်စုံချွတ် သမ္မတသစ် တက်လာမယ့် အစိုးရသစ်ကို မြင်တွေ့ရတော့မှာပါ။ တရုတ်ရဲ့ ဖိအားကြောင့် ဖြစ်လာနိုင်တဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေမှာလဲTNLA၊ MNDAA နဲ့ UWSA အပါအဝင် မြောက်ပိုင်းမဟာမိတ် (FPNCC) အဖွဲ့ဝင်တွေ ပါဝင်လာနိုင်ခြေ ရှိပါတယ်။
အာဏာသိမ်း ၅ နှစ်တာအတွင်းမှာ ဒီအဖွဲ့တွေရဲ့ အင်အားက သိသိသာသာ ကြီးထွားလာခဲ့ပေမယ့် သျှမ်းပြည်သူတွေ အတွက်တော့ တိုက်ပွဲကြောင့်အကျိုးအမြတ်ထက် အရှုံးတွေက ပိုများနေပါတယ်။
သျှမ်းမြောက်အခြေစိုက် သျှမ်းလက်နက်ကိုင်အဖွဲ့ (SSPP) အနေနဲ့ မြောက်ပိုင်းမဟာမိတ်တွေနဲ့ ပူးပေါင်းပြီး တောင်ပိုင်းသျှမ်းတပ် (RCSS) ကိုသျှမ်းမြောက်ကနေ တိုက်ထုတ်ခဲ့တဲ့အတွက် သျှမ်းလူမျိုးအချင်းချင်း ကြားမှာ မျက်နှာပျက်စရာတွေ ဖြစ်ခဲ့ရပါတယ်။
ထို့အပြင် မဟာမိတ်တွေကို ဦးစားပေးခဲ့ပေမဲ့ MNDAA နဲ့ TNLA တပ်တွေက SSPP ကို မဟာမိတ်အစစ်အမှန်လို ဆက်ဆံခြင်းမရှိဘဲ သန္နီမြို့ နဲ့နမ့်ခမ်းမြို့ထဲကလို ဒေသတွေကနေ ဖယ်ရှားခိုင်းတာဟာ သမိုင်းမှာ အမည်းစက် အဖြစ် ကျန်ရစ်ခဲ့တာအမှန်ပါပဲ။
တခြားအဖွဲ့တွေက မူးယစ်ဆေးဝါးနဲ့ ကျားဖြန့်ပြဿနာတွေကို နိုင်ငံရေး၊ စစ်ရေး အခွင့်အလမ်းအဖြစ် အသုံးချပြီး နယ်မြေတွေ သိမ်းပိုက်ကာအနာဂတ်အတွက် ပြင်ဆင်သွားချိန်မှာ သျှမ်းအင်အားစုတွေ ကတော့ အချင်းချင်း အားပြိုင်မှုတွေကြားမှာ နစ်မွန်းနေဆဲပါ။
အခု လွှတ်တော်ထဲရောက်သွားမယ့် အမတ်တွေနဲ့ အစိုးရသစ်ဟာ ဘာတွေများ လုပ်နိုင်ဦးမှာလဲ။ စစ်ကောင်စီဘက်ကတော့ ဒီရွေးကောက်ပွဲကိုအကြောင်းပြပြီး သူတို့ကိုယ်သူတို့ တရားဝင်အစိုးရအဖြစ် ဟန်ပြကာ ပြည်သူ့အိုးအိမ်တွေကို ဗုံးကြဲဖို့နဲ့ လူသတ်ဖို့ “တရားဝင်လိုင်စင်” ရလိုက်သလိုမျိုး ဆက်လက်ပြုမူနေဦးမှာလားဆိုတာ စိုးရိမ်စရာပါ။
ဒါကြောင့် အခုအချိန်ကစပြီး ကိုယ့်အတ္တတွေကို ဘေးဖယ်ထားကာ တောင်/မြောက်၊ အထက်/အောက် မခွဲခြားဘဲ အင်အားစုအားလုံး စုစည်းနိုင်မှသာ စစ်အာဏာရှင်ကို အားမပေးရာရောက်ပြီး ကြုံတွေ့ရတဲ့ အခက်အခဲတွေကိုလဲ ကျော်လွှားနိုင်မှာ ဖြစ်ပါကြောင်းသံတော်ဆင့်အပ်ပါတယ်။
လူထုအသံ သျှမ်းသံတော်ဆင့်အသံ












Leave a Comments