“အလဲထိုးသူကနေ ကြိုးဝိုင်းပေါ် ဆရာတစ်ယောက်”

“လက်ဝှေ့ကြိုးဝိုင်းထဲမှာ ပြိုင်ဘက်ကို အလဲထိုးဖို့ထက် ပိုခက်ခဲတာက ဘဝရဲ့ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားဖို့ပါပဲ”

ဒါကတော့ ထိုင်းနိုင်ငံမှာ ချင်းမိုင်မြို့မှာ ကိုယ်ပိုင်မွေ့ထိုင်း လက်ဝှေ့ရုံဖွင့်လှစ်ပြီး မျိုးဆက်သစ်တွေကို သင်ကြားပေးနေတဲ့ လားရှိုးဇာတိသား မွေ့ထိုင်းလက်ဝှေ့ကျော် စိုင်းလောဝ်ငင်းရဲ့ ဘဝခံယူချက်ပဲ ဖြစ်ပါတယ်။

အသက် ၇ နှစ်အရွယ်ကတည်းက မွေ့ထိုင်းလက်ဝှေ့ကို စိတ်ဝင်စားခဲ့တဲ့ စိုင်းလောဝ်ငင်းဟာ ထိုင်းနိုင်ငံအနှံ့ ကြိုးဝိုင်းပေါင်းများစွာမှာ ဆုဖလားပေါင်းများစွာကို သိမ်းပိုက်နိုင်ခဲ့သူပါ။

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ကနေ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မှာ နှစ်ပေါင်းများစွာ အခြေချခဲ့ပြီးနောက် အခုအခါမှာတော့ ချင်းမိုင်မြို့မှာ အောင်မြင်တဲ့ မွေ့ထိုင်းလက်ဝှေ့ဆရာ တစ်ယောက်အဖြစ် ရပ်တည်နေပြီ ဖြစ်ပါတယ်။

ထိုင်းမွေ့ထိုင်း ဆရာ စိုင်းလောဝ်ငင်း

စိုင်းလောဝ်ငင်းရဲ့ ငယ်ဘဝဟာ တခြားကလေးတွေလို မသာယာခဲ့ပါဘူး။ သူများကလေးတွေ မိဘနဲ့ ရေခဲမုန့်စား၊ ဂိမ်းကစားနေချိန်မှာ သူကတော့ နံနက် ၅ နာရီဆိုတာနဲ့ လမ်းပေါ်မှာ ပြေးနေရပါပြီ။

“အရင်က ဘောလုံးကန်ရတာ ဝါသနာပါတယ်။ ဒါပေမယ့် ဘောလုံးကန်ရင် ပိုက်ဆံကုန်တယ်။ လက်ဝှေ့ထိုး ရင်တော့ ပိုက်ဆံရတယ်လေ” လို့ သူက ပြောပါတယ်။

မိဘတွေမှာ ပိုက်ဆံမရှိလို့ ဝယ်မပေးနိုင်တဲ့ ဂိမ်းစက်တွေ၊ ကစားစရာတွေအစား သူဟာ လက်ဝှေ့အိတ်ကိုပဲ အဖော်ပြုခဲ့ရပါတယ်။ ဒီဆင်းရဲ နွမ်းပါးမှုကပဲ သူ့ကို ကြံ့ခိုင်တဲ့ လက်ဝှေ့သမားတစ်ယောက် ဖြစ်လာစေဖို့ တွန်းအားပေးခဲ့တာပါ။

စိုင်းလောဝ်ငင်းရဲ့ မွေ့ထိုင်းလက်ဝှေ့သက်တမ်း ၂၀ ကျော် ကာလအတွင်းမှာ တစ်ခါမှ မရှုံးဖူးခဲ့တဲ့ မှတ်တမ်းတစ်ခု ရှိခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီအောင်မှုကပဲ သူ့ကို မာန်တက်စေခဲ့ပါတယ်။

“ငါတော်တယ်၊ ငါတတ်တယ်ဆိုပြီး မာန်တက်မိတော့ လေ့ကျင့်ခန်းတွေ သေချာမလုပ်ဖြစ်တော့ဘူး။ အဲ့ဒါနဲ့ပဲ ပွဲတစ်ပွဲမှာ ပြိုင်ဘက်ကို နိုင်ပေမယ့် ကျနော် လက်ဆစ်ကျိုးပြီး တစ်နှစ်လောက် နားလိုက်ရတယ်” လို့ သူက ဝန်ခံပါတယ်။

ဒီဖြစ်ရပ်က သူ့ကို အောင်မြင်မှုဆိုတာ အစဉ်အမြဲ ထိန်းသိမ်းရသလို ကိုယ့်ကိုယ်ကိုယ် နှိမ့်ချဖို့လည်း သင်ပေးခဲ့ပါတယ်။

မွေ့ထိုင်း လက်ဝှေ့သမားတစ်ယောက်အတွက် ပုခုံးပြုတ်တာ၊ လက်ဆစ်ကျိုးတာကအစ မျက်ခုံးကွဲတာအဆုံး သူဟာ စိန်ခေါ်မှုပေါင်းများစွာကို ရင်ဆိုင်ခဲ့ပါတယ်။

ဒါပေမယ့် စိုင်းလောဝ်ငင်းအတွက်တော့ ဒါတွေဟာ ပြဿနာမဟုတ်ပါဘူး။

“အလုပ်တိုင်းမှာ ပြဿနာရှိပါတယ်။ အဲ့ဒီပြဿနာကို ရင်ဆိုင်မလား၊ ထွက်ပြေးမလားဆိုတာပဲ အရေးကြီးတယ်။ ပြဿနာကြုံတိုင်း ထွက်ပြေးနေရင် ဘယ်တော့မှ အဆုံးသတ်နိုင်မှာ မဟုတ်ဘူးလို့” သူက ပြတ်ပြတ်သားသား ပြောပါတယ်။

ယခုအခါ စိုင်းလောဝ်ငင်းဟာ ချင်းမိုင်မြို့မှာ ကိုယ်ပိုင်မွေ့ထိုင်းလက်ဝှေ့ရုံဖွင့်လှစ်ပြီး နိုင်ငံတကာက သင်တန်းသားတွေကို သင်ကြားပေးနေပါတယ်။

သူ့ရုံမှာ တရုတ်၊ ကိုးရီးယားနဲ့ ဥရောပတိုက်သားတွေအပြင် ရှမ်းလူငယ်တွေကိုလည်း ဖိတ်ခေါ်နေပါတယ်။ သူ့ရဲ့ သင်တန်းမှာ ထူးခြားတာက သင်တန်းကြေး စနစ်ပါ။

သူက သင်တန်းကြေးကို အာမခံသဘောမျိုး အရင်ယူထားပေမယ့် တပည့်ဖြစ်သူက ပြိုင်ပွဲ (၃) ပွဲဝင်ပြီးတာနဲ့ အနိုင်အရှုံးမရွေး အဲ့ဒီပိုက်ဆံကို ပြန်ပေးလေ့ရှိပါတယ်။

“ပိုက်ဆံပေးထားမှ ကြိုးစားချင်စိတ်ရှိမှာမို့လို့ပါ။ တကယ်တော့ အလကားသင်ပေးတာနဲ့ အတူတူပါပဲ” လို့ သူက ဆိုပါတယ်။

ထိုင်း၊ တရုတ်၊ စင်္ကာပူ အစရှိတဲ့ ပြည်ပနိုင်ငံတွေမှာ ရုန်းကန်နေရတဲ့ သျှမ်းလူငယ်တွေအပါအဝင် မြန်မာနိုင်ငံသားအားလုံးကို စိုင်းလောဝ်ငင်း ပေးချင်တဲ့ စကားတစ်ခွန်း ရှိပါတယ်။

“ကိုယ့်ထက်သာတဲ့သူကိုပဲ ကြည့်ပြီး အားမငယ်ပါနဲ့။ ကိုယ့်ထက် ဒုက္ခရောက်နေသူတွေကို ကြည့်ပြီး ခွန်အားယူပါ။ တစ်နေ့ ငါအောင်မြင်ရမယ်ဆိုတဲ့စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်ပြီး ကြိုးစားပါ။ ပင်ပန်းရင် နားပါ၊ ဒါပေမဲ့ အရှုံးမပေးပါနဲ့”

စိုင်းလောဝ်ငင်းရဲ့ ဘဝဇာတ်ကြောင်းဟာ မွေ့ထိုင်းလက်ဝှေ့ကြိုးဝိုင်းထဲက တိုက်ပွဲတစ်ခုတင်မကဘဲ ဘဝရဲ့ အခက်အခဲတွေကို အလဲထိုးနိုင်ဖို့ ကြိုးစားနေသူတိုင်းအတွက် နမူနာယူစရာ ပြယုဂ်တစ်ခုပဲ ဖြစ်ပါတော့တယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်တွင် ရုံးအကူအဖြစ်လုပ်ကိုင်နေသည့် မြန်မာတစ်ဦး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့နယ်အတွင်း ခွင့်ပြုထားသည့် အလုပ်လုပ်ခွင့် (Work Permit) အမျိုးအစားနှင့် ကိုက်ညီမှုမရှိဘဲ ရုံးအကူဝန်ထမ်းအဖြစ် ကျော်လွန် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးကို ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်အကိုင်ရှာဖွေရေးရုံး ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့က ချင်းမိုင်ခရိုင်၊ ပါတန် (Pa...

ချင်းမိုင် တွင်အမည်ခံကုမ္ပဏီများ နှိမ်နင်းမှု မြန်မာ ၇ ဦး ပါဝင်၊ ပိုင်ဆိုင်မှု ဘတ် ၆၃၃ သန်းကျော် ဖမ်းဆီးရမိ

0
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင်အတွင်း ဥပဒေဟာကွက်များကို အလွဲသုံးစားလုပ်ကာ တရားမဝင် လှုပ်ရှားနေသည့် နိုင်ငံခြားသား အမည်ခံ ကုမ္ပဏီကွန်ရက်ကြီးတခုကို ထိုင်းနိုင်ငံတော်ရဲတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး မြန်မာနိုင်ငံသား ၇ ဦး အပါအဝင် နိုင်ငံ ၄ ခုမှ သံသယရှိသူများကို ဖမ်းဝရမ်းထုတ်ထားကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ ဇူလိုင်လ...

ချင်းမိုင် တရုတ်ကောင်စစ်ဝန်ရုံးရှေ့ ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများ ရုန်းရင်းဆန်ခတ်ဖြစ်၊ ဆန္ဒပြသူ ၂ဉီးဒဏ်ရာရ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးရှေ့တွင် ယနေ့ (ဇူလိုင် ၆ ရက်) နံနက်က ပြုလုပ်ခဲ့သော ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာ လူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းတွင် ဖော်ပြသည်။ မြန်မာနိုင်ငံအတွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု သတ္တုတွင်းများမှ ထွက်ရှိသော အဆိပ်သင့်ဓာတုပစ္စည်းများက နယ်စပ်ဖြတ်ကျော်ကာ...

ချင်းမိုင်တွင် ခွင့်ပြုချက်မရှိဘဲ အပ်ချုပ်နှင့် ရုံးသန့်ရှင်းရေးလုပ်ကိုင်သည့် မြန်မာ ၃ ဦး ဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အတွင်း သတ်မှတ်ထားသည့် အလုပ်အကိုင် အမျိုးအစားကိုက်ညီမှုမရှိပဲ အထည်ချုပ်လုပ်ငန်းနှင့် ရုံးသန့်ရှင်းရေးအလုပ်များ ဝင်ရောက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့မှ ယမန်နေ့ (ဇွန် ၂၄)ရက်တွင် သတင်းထုတ်ပြန်သည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှ ရဲတပ်ဖွဲ့မှ ချင်းမိုင်ခရိုင် ဆန်ကန်ဖန်းမြို့နယ် (San Kamphaeng) အတွင်း...

ချင်းမိုင်တွင် တရားမဝင် ဧည့်လမ်းညွှန်လုပ်နေသည့် မြန်မာအမျိုးသမီးတစ်ဦးဖမ်းခံရ

0
ထိုင်းနိုင်ငံသားများအတွက်သာ ဥပဒေအရ သီးသန့်ကန့်သတ်ထားသော ဧည့်လမ်းညွှန် (Guide) အလုပ်ကို လုပ်ပိုင်ခွင့်ကျော်လွန်ပြီး မြန်မာခရီးသွားများအား လိုက်လံပို့ဆောင်ကာ ဧည့်လမ်းညွှန်လုပ်နေသည့် မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ရဲတပ်ဖွဲ့သည် တိုင်ကြားချက်များရရှိပြီးနောက် သံသယရှိသူများနောက်သို့ ၂ ရက်ခန့် အနီးကပ်နောက်ယောင်ခံကာ သက်သေများကို စုဆောင်းခဲ့သည်။ ထို့နောက် ဒွိုင်ဆူတေ့ပ် ဘုရားပေါ်၌ မြန်မာခရီးသွားအဖွဲ့တစ်စုကို...