သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို သံလွင်မြစ်ကူး တာကော်တံတားရှိ စစ်တပ် စစ်ဆေးရေးဂိတ်၌ အကြောင်းမဲ့ တားဆီးခြင်း၊ မှတ်ပုံတင် သိမ်းဆည်းခြင်းနှင့် ငွေညှစ်တောင်းခံခြင်းများ ပြုလုပ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူများက ပြောသည်။
ယမန်နေ့ (မေလ ၃ ရက်) တွင် ကာလိမြို့နှင့် မိုင်းပျဉ်းမြို့ကြား သံလွင်မြစ်ကူး တာကော်တံတားရှိ စစ်တပ် စစ်ဆေးရေးဂိတ်တွင် စစ်ကိုင်းတိုင်း (၅ မျဉ်းစောင်း)၊ မကွေးတိုင်း (၈ မျဉ်းစောင်း)၊ ပဲခူးတိုင်း (၇ မျဉ်းစောင်း) နှင့် ရန်ကုန်တိုင်း (၁၂ မျဉ်းစောင်း) မှတ်ပုံတင် ကိုင်ဆောင်ထားသည့် အမျိုးသမီးငယ်များ ခရီးသွားလာခွင့်ကို အဓိက ပစ်မှတ်ထား တားမြစ်ပိတ်ပင်နေခြင်း ဖြစ်ကြောင်း ခရီးသွားများထံမှ သိရသည်။
“ကျမတို့မှာ ရန်ကုန်ကနေ နေထိုင်ကြောင်း ထောက်ခံစာ အပြည့်အစုံ ပါတယ်။ ဒါပေမယ့် ဂိတ်က လုံးဝ ပေးမဖြတ်ဘူး။ တချို့ဆိုရင် တစ်ယောက်ကို ငွေကျပ် တစ်သိန်းပေးမှ လွှတ်ပေးတာမျိုး ရှိတယ်။ အခုက ပိုက်ဆံပေးမယ် ဆိုရင်တောင် မရတဲ့သူတွေ ရှိနေတယ်” ဟု တာကော်တံတား စစ်ဆေးရေးဂိတ်တွင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ယခုကဲ့သို့ အမျိုးသမီး ခရီးသွားများကို တားမြစ်ပိတ်ပင်ရခြင်းမှာ ရက် ၁၀၀ စီမံကိန်းကြောင့် ဖြစ်ပြီး တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ အမိန့်အရ ဆောင်ရွက်ခြင်းဖြစ်သည်ဟု စစ်ဆေးရေးဂိတ်တွင် တပ်စွဲထားသည့် တပ်သားများမှ တုံ့ပြန်ပြောဆိုခဲ့ကြောင်း သိရသည်။
ထို့အပြင် ခရီးသွားပြည်သူများကို ရိုင်းစိုင်းစွာ ဆဲဆိုခြင်း၊ ဖုန်းများ သိမ်းဆည်းခြင်းနှင့် မှတ်ပုံတင်များကို ပြန်မပေးဘဲ အဓမ္မ သိမ်းဆည်းထားခြင်းများပါ ရှိနေကြောင်း ဆိုသည်။
လက်ရှိ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးနှင့် စီးပွားရေး မတည်ငြိမ်မှုများကြောင့် ပြည်မဘက်မှ အမျိုးသမီးများသည် နယ်စပ်ဒေသဖြစ်သော တာချီလိတ်မြို့ဘက်သို့ အလုပ်အကိုင် ရှာဖွေရန်နှင့် ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်ရန် အတားအဆီးနှင့် စိန်ခေါ်မှုများကြား ကြိုးစားသွားလာနေကြခြင်း ဖြစ်သည်။
“တကယ်တော့ ပြည်မဘက်မှာ နိုင်ငံရေးအခြေအနေ မကောင်းတော့ တာချီလိတ်မှာ အလုပ် လာလုပ်ကြတာပါ။ တချို့ဆိုရင် ထိုင်းနိုင်ငံဘက်မှာ ဘတ်ရိုက်ပြီး အလုပ်လုပ်မယ့် သူတွေလည်း ပါပါတယ်။ ရန်ကုန်မှာ နေထိုင်တဲ့ ထောက်ခံစာတွေ အပြည့်အစုံ ပါပေမယ့် တာကော်ဂိတ်မှာတော့ ဘာမှ လုပ်လို့မရပါဘူး” ဟု အထက်ပါ ခရီးသွား အမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။
ယခုဖြစ်ရပ်များနှင့် ပတ်သက်၍ စစ်တပ်လက်အောက်ခံ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်သို့ ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်၍ မရသေးပေ။
သံလွင်မြစ်ကူး တာကော်တံတားသစ်ကို ယမန်နှစ် ၂၀၂၅ ဧပြီလ ပထမပတ်တွင် ဖွင့်လှစ်ခဲ့ပြီး တာကော်စစ်ဆေးရေးဂိတ်၌ လတ်တလောတွင် MPT ဖုန်းလိုင်းတစ်ခုသာ ဆက်သွယ်ပြောဆိုနိုင်ပြီး အခြားသော ဆင်းမ်ကတ်များမှာ လိုင်းပြတ်တောက်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ လဆန်းပိုင်းတွင်လည်း စစ်တပ်ဘက်မှ တော်လှန်ရေးအင်အားစုများ အားကောင်းရာဒေသနှင့် တိုက်ပွဲဖြစ်ပွားရာ ဒေသတွင် နေထိုင်သည့် ပြည်သူများကို မှတ်ပုံတင် နံပါတ်အလိုက် ခရီးသွားလာခွင့် တင်းကြပ်စွာ ကန့်သတ်လာကြောင်း ခရီးသည်များနှင့် ယာဉ်လိုင်းလက်မှတ် အရောင်းဌာနများထံမှ သိရသည်။
အထူးသဖြင့် ၁၃ မျဉ်းစောင်း မှတ်ပုံတင်များ ဖြစ်ကြသော သျှမ်းပြည်မြောက်ပိုင်းရှိ ကျောက်မဲ၊ လားရှိုး၊ နမ္မတူ၊ သီပေါ၊ ကုန်းကြမ်း မြို့နယ်များ၊ ၉ မျဉ်းစောင်း မှတ်ပုံတင်ဖြစ်သည့် မန္တလေးတိုင်းရှိ မိုးကုတ်မြို့၊ ၅ မျဉ်းစောင်း မှတ်ပုံတင်များ ဖြစ်ကြသော စစ်ကိုင်းတိုင်းရှိ မုံရွာ၊ ရွှေဘို၊ မြောင် မြို့နယ်များ၊ ၈ မျဉ်းစောင်း မှတ်ပုံတင်ဖြစ်သည့် မကွေးတိုင်းရှိ မြို့နယ်များနှင့် ၁၁ မျဉ်းစောင်း မှတ်ပုံတင်ဖြစ်သည့် ရခိုင်ပြည်နယ်ရှိ မြို့နယ်များအားလုံးကို ခရီးသွားလာရာတွင် ရပ်ကွက်နှင့် ရဲစခန်းထောက်ခံစာများ မဖြစ်မနေ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။












Leave a Comments