သျှမ်းပြည်တောင်ပိုင်း ရွာငံ-မန္တလေးလမ်းပိုင်းတွင် အုပ်စုဖွဲ့ ဆိုင်ကယ်လုယက်မှုများ တစ်ပတ်လျှင် တစ်ကြိမ်ထက်မနည်း ဖြစ်ပွားနေပြီး ရွာငံမြို့သို့ ဆိုင်ကယ်ဖြင့် လာရောက်သော ခရီးသွား အမျိုးသားတစ်ဦးလည်း ဆိုင်ကယ်လုယက်ခံရသည့်အပြင် ဓားထိုးဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဧပြီလ တတိယပတ်အတွင်း မန္တလေးမြို့မှ ခရီးသွားအမျိုးသားတစ်ဦးသည် ရွာငံမြို့နယ် မြိုင်ကျေးရွာဘက်သို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်း လာရောက်လည်ပတ်ခဲ့သည်။
ထို့နောက် အပြန်လမ်းတွင် ရွာငံမြို့နယ် ယုန်တောင်ကျေးရွာနှင့် စခန်းကြီးကျေးရွာကြား၌ အမည်မသိ လူငယ်နှစ်ဦး၏ နောက်ယောင်ခံလိုက်ခြင်း ခံရပြီး လူပြတ်သည့် နေရာအရောက်တွင် ခရီးသွားအမျိုးသားကို ဆိုင်ကယ်လုယက်ခဲ့သည့်အပြင် ဓားဖြင့်ထိုး၍ ဦးခေါင်းကိုလည်း ကျောက်တုံးဖြင့် ထုနှက်ကာ လမ်းဘေးတစ်နေရာတွင် ပစ်ထားခဲ့ကြောင်း ကိုယ်တိုင် ကြုံတွေ့ခဲ့သူတစ်ဦးက ပြောသည်။
“သူတို့က ကျနော့်နောက်ကနေ ကပ်လိုက်လာတယ်၊ လူသူပြတ်တဲ့ နေရာရောက်တော့ သူတို့က ဆိုင်ကယ်လုတယ်။ ပြီးတော့ သူတို့မှာ ပါလာတဲ့ ဓားနဲ့ထိုးတယ်၊ ကျနော်နဲ့ လုံးထွေးရင်း သူတို့က ကျောက်ခဲနဲ့ ထုပြီး သေပြီ အထင်နဲ့ ထားခဲ့တာ၊ တော်သေးတယ် ကျနော့်ကို ခရီးသွား ကားတစ်စီးက ကူညီပြီး ကယ်ခဲ့လို့ အသက်ရှင်တာ”ဟု ကိုယ်တိုင်ကြုံခဲ့ရသူ ခရီးသွား အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ရွာငံ-မန္တလေး လမ်းပိုင်းတွင် လုယက်ခံခဲ့ရသော ဆိုင်ကယ်အမျိုးအစားမှာ KENBO အမျိုးအစား ဖြစ်ပြီး ဆိုင်ကယ်လုယက်ခံရသော နေရာသည် လူသူပြတ်လပ်သော နေရာဖြစ်ကြောင်း၊ ယမန်နှစ် ၂၀၂၅ ဒီဇင်ဘာလတွင်လည်း အဆိုပါနေရာတွင် ခရီးသွားများ ပစ္စည်းလုယက်ခံရမှု ကြုံတွေ့ခဲ့ဖူးကြောင်း အဆိုပါ အမျိုးသားက ဆက်ပြောသည်။
နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုကို အခွင့်ကောင်းယူ၍ စီးပွားရေး အကြပ်အတည်းကြား ရွာငံမြို့နယ်အတွင်း ဓားပြတိုက် လုယက်မှုများနှင့် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။
အလားတူ ဧပြီလ (၂၈) ရက်တွင် ကလော-အောင်ပန်း လမ်းပိုင်းတွင် အမျိုးသမီးတစ်ဦးလည်း ဆိုင်ကယ်လုယက် ခံခဲ့ရပြီး ဖုန်းနှင့် ငွေသားပါ ဆုံးရှုံးသွားခဲ့ကြောင်း၊ ယခင်က သွားလာနေကြ လမ်းတစ်ခုဖြစ်၍ လုယက်မှုများ မကြုံခဲ့ရဖူးကြောင်း အသက် (၃၀) ဝန်းကျင် အမျိုးသမီးတစ်ဦးက ပြောသည်။
“အောင်ပန်းကို တစ်ယောက်တည်း အရေးကြီးလို့ ဆိုင်ကယ်နဲ့ ထွက်လာတာ၊ လမ်းမှာ လူပြတ်တော့ ဆိုင်ကယ် သုံးစီးနဲ့ အမျိုးသား လေးယောက်က ကျမနောက်က လိုက်လာတာ။ ပြီးတော့ ဆိုင်ကယ်ကို အတင်းဝင်လုတာ၊ မိန်းကလေး တစ်ယောက်အားနဲ့ဆိုတော့ ဘာမှ မတတ်နိုင်ခဲ့ဘူး၊ သူတို့က အတင်းတွန်းဖယ်ပြီး လုတာ။ ကျမတောင် နေရာမှာ လဲကျသွားတာ၊ သူတို့က ဆိုင်ကယ်ယူမောင်းပြေးပြီး ထွက်သွားတာ”ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။
ကလော-အောင်ပန်း လမ်းပိုင်းတွင် လုယက်ခံရသော ဆိုင်ကယ်မှာ ထိုင်းနိုင်ငံထုတ် Click 160 မော်ဒယ်လ်ဖြစ်ပြီး ငွေကျပ် သိန်း ၂၀၀ ကျော်ဖြင့် ဝယ်ယူခဲ့ရကြောင်း၊ ဖုန်းတစ်လုံး အပါအဝင် ငွေကျပ် ငါးသိန်းပါ ယူဆောင်သွားခံရကြောင်း ၎င်းအမျိုးသမီးက ဆက်ပြောသည်။
စစ်တပ် အာဏာသိမ်းပြီးနောက် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပျူစောထီးတပ်များ၊ ပအိုဝ်းပြည်သူ့စစ် PNO တပ်တို့အပြင် ဓနုပြည်နယ်အမျိုးသား လွတ်မြောက်ရေးတပ်တော် (DSNDA)၊ ဓနုအမျိုးသားလွတ်မြောက်ရေးတပ်မတော်(DPLA) တို့ နေရာယူ ထားကြသည်။
အဆိုပါ လက်နက်ကိုင်များကြားတွင် ဒေသခံများမှာ သဟဇာတ ဖြစ်အောင် သွားလာနေထိုင်ကြရပြီး စစ်တပ်ဘက်မှလည်း ဒေသခံများကို မကြာခဏ ဖမ်းဆီးခြင်း ၊ ပေါ်တာဆွဲခြင်း၊ ပိုက်ဆံဖြင့် ပြန်ရွေးခိုင်းခြင်းများ ပြုလုပ်ပြီး အသက်သေဆုံးသည်အထိ ရိုက်နှက်မှုများလည်း ရှိနေကြောင်း ဒေသခံများက ပြောသည်။







Leave a Comments