သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။
ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ အသက် (၁၀) နှစ်အရွယ် ကလေးတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။
“သာယာကုန်းဘက်က ရာဘာခြံဘေးမှာ မြေဖို့ထားလို့ ရေအိုင်လို ဖြစ်တဲ့နားမှာ ကလေးတွေက သွားဆော့ကြတာ။ အဲ့မှာ တစ်ယောက်က ရေနစ်ပြီး မတက်လာတော့ လူကြီးတွေက နောက်တစ်နာရီလောက် ကြာမှ သွားဆယ်ပေးနိုင်တာ၊ ထ-(၁) က ကျောင်းသားလေးလို့ သိရတယ်။ ဆေးရုံရောက်လာတော့ အသက်မရှိတော့ဘူး” ဟု နမ့်ခမ်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
အဆိုပါ ရေနစ်သေဆုံးခဲ့သည့် ကလေးငယ်မှာ နမ့်ခမ်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် Grade-2 တက်ရောက်နေသည့် ကျောင်းသားတစ်ဦးဖြစ်ပြီး ၎င်းရုပ်အလောင်းကို ပရဟိတအသင်းမှ နမ့်ခမ်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အလားတူ ယမန်နှစ် ၂၀၂၅ ဧပြီလအတွင်းကလည်း နမ့်ခမ်းမြို့ရှိ ရွှေလီမြစ်အတွင်း သင်္ကြန်ကာလ ရေဆော့ကစားရင်း ပျောက်ဆုံးသွားသည့် အသက် (၁၅) နှစ်အရွယ် ကလေးတစ်ဦး၏ ရုပ်အလောင်းကို (၃) ရက်အကြာမှ ရှာဖွေတွေ့ရှိခဲ့ကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။












Leave a Comments