သျှမ်းပြည် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးပေါ်ရှိ ကွမ်းလုံတံတားတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်းနေကြောင်း စုံစမ်းသိရသည်။
ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာသည့် ခရီးသည်နှင့် ယာဉ်မောင်းများကို ကွမ်းလုံတံတားတွင် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် စစ်ဆေးတင်းကြပ်နေပြီး မရှိသူများကို လှည့်ပြန်ခိုင်းနေကြောင်း လားရှိုး-လောက်ကိုင် ခရီးစဉ် ပြေးဆွဲနေသည့် ယာဉ်မောင်းများထံမှ သိရသည်။
“ကွမ်းလုံတံတားမှာတော့ ကိုးကန့်မှတ်ပုံတင် မရှိရင် ပေးမဖြတ်ဘူး ပြောကြတယ်။ ဗမာလူမျိုး ခရီးသည် တင်မယ်ဆိုရင် သိန္နီမှာ ထောက်ခံစာ ယူလာရတယ်၊ အဲ့လိုမဟုတ်ရင် ကွမ်းလုံတံတားမှာ ပေးမဖြတ်ဘဲ ပြန်လှည့်ခိုင်းတယ်။ SR-1 နံပါတ်ပြား မရှိရင် ပေးမဖြတ်တာ၊ မရှိရင် အဲ့လိုင်စင် လုပ်ရဖို့ ယွမ်ငွေ တစ်ထောင်ကျော် ပေးရတယ်။ အဲ့ကတ်ရမှ ပေးသွားတယ်၊ စစ်လို့ မရှိရင် လှည့်ပြန်ရတယ်” ဟု အဆိုပါယာဉ်မောင်း အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
အလားတူ လောက်ကိုင်မြို့ဘက် ပြေးဆွဲနေသည့် ခရီးသည်ယာဉ်လိုင်းများလည်း MNDAA ထုတ်ပေးသည့် SR-1 ယာဉ်လိုင်စင် ရရှိရန် ယာဉ်ကြံ့ခိုင်မှု စစ်ဆေးခြင်းများ ပြုလုပ်ရပြီး လိုင်စင်ကြေး အပါအဝင် ယွမ်ငွေ ၁၂၀၀ မှ ၁၅၀၀ (မြန်မာကျပ်ငွေ ကာလပေါက်ဈေး ၇ သိန်းမှ ၈ သိန်းခွဲကျော်) ပေးဆောင်ရကြောင်း သိရသည်။
ထို့အပြင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ် ဟိုပန်မြို့၊ ပန်ဆန်းမြို့ဘက်သို့ သွားရောက်လိုပါက MNDAA ထုတ်ပေးသည့် SR-1 ယာဉ်လိုင်စင် သို့မဟုတ် UWSA ထုတ်ပေးသည့် ယာဉ်လိုင်စင် တစ်မျိုးမျိုး ရှိမှသာ ဖြတ်သန်း သွားလာခွင့်ပြုကြောင်း ယာဉ်မောင်းများက ပြောသည်။
“ဟိုပန်မှာကတော့ ‘ဝ’လိုင်စင်နဲ့ SR-1 လိုင်စင်မရှိရင် အုံနာဘုတ်နဲ့ ပေးဝင်တယ်။ ‘ဝ’နံပါတ်ပြား လုပ်ရင်တော့ တရုတ်ယွမ် ၈၀၀ ကနေ စပေးရတယ်။ ကိုးကန့် ဒါမှမဟုတ်ရင် ‘ဝ’ဘက်က ထုတ်ပေးတာ တစ်ခုခု ရှိရမယ် အဲ့လိုပေါ့။ အခုကတော့ သူတို့နံပါတ်ပြားကို မတပ်ရဲလို့ အရင်လိုင်စင် နံပါတ်ပြားပဲ တပ်ထားတယ်” ဟု လားရှိုး-ပန်ဆန်း-ကျိုင်းတုံ ခရီးစဉ် ပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက ထပ်လောင်းပြောသည်။
လတ်တလောတွင် ခရီးသည်တင် ယာဉ်လိုင်းများကို MNDAA ဘက်မှ ကားသေးတစ်စီးလျှင် ခရီးသည် (၄) ဦးထက် ပို၍ တင်ဆောင်ခွင့်မပြုဘဲ ကားအမိုးပေါ်တွင် ပစ္စည်းအများအပြား တင်ဆောင်ခြင်းကိုလည်း ကန့်သတ်ထားခြင်းကြောင့် ယာဉ်မောင်းများမှာ တွက်ချေမကိုက်၍ အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။
MNDAA ထုတ်ပေးသည့် အထူးဒေသ(၁) ဒေသခံစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းဖြင့် မြန်မာ-တရုတ်နယ်စပ်ရှိ မုံးကိုးနှင့် ချင်းရွှေဟော် နယ်စပ်ဂိတ်များတွင် MNDAA ၏ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်များ ထပ်မံပြုလုပ်နိုင်ပြီး တရုတ်အစိုးရ ခွင့်ပြုချက်ဖြင့် တရုတ်နိုင်ငံ မံစီမြို့နယ်အထိ ဝင်ထွက်သွားလာနိုင်ကြောင်း နယ်စပ်ကုန်သည်များက ပြောသည်။
သျှမ်းပြည်မြောက်ပိုင်းတွင် TNLA နှင့် MNDAA ပြုလုပ်ပေးသည့် ယာဉ်လိုင်စင်များ၊ မှတ်ပုံတင်များနှင့် အိမ်ထောင်စုစာရင်းများမှာ ၎င်းတို့ ထိန်းချုပ်နယ်မြေ၌သာ အကျုံးဝင်ပြီး၊ အခြားမြို့များသို့ သွားလာလျှင် စစ်ကော်မရှင် လက်အောက်ခံများ၏ စစ်ဆေးမေးမြန်းမှုကြောင့် ဖမ်းဆီးခံရမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများက ပြောဆိုသည်။












Leave a Comments