စစ်အာဏာသိမ်းပြီး (၅)နှစ်တာ ကာလအတွင်း သျှမ်းပြည် တန့်ယန်းမြို့နယ်အတွင်း ကေတီဗွီ (KTV) ဆိုင်နှင့် အနှိပ်ခန်းများ ယခင်ကထက် ပိုများလာပြီး၊ ၎င်းထဲတွင် မူးယစ်ဆေးဝါးများပါ ရောင်းချနေကြောင်း စုံစမ်းသိရသည်။
တန့်ယန်းမြို့နယ်အတွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း KTV နှင့် အနှိပ်ခန်း (၅၀) နေရာ ထက်မနည်း တိုးချဲ့ဖွင့်လှစ်လာခဲ့ပြီး အချို့သော ဆိုင်များတွင် မူးယစ်ဆေးများဖြစ်သည့် K ဟု လူသိများသော (Ketamine) မူးယစ်ဆေး၊ E ဟု လူသိများသည့် (Ecstasy)နှင့် Happy Water စသည်တို့ကို အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်ကြောင်း KTV သို့ ရောက်ရှိခဲ့ဖူးသည့် တန့်ယန်းမြို့ ဒေသခံ လူငယ်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“တချို့ဆိုင်တွေမှာလည်း ခဲတို့ ဟက်ပီးဝါးတားတို့က ရတယ်။ အပြင်ကနေ ဝယ်ပြီးမှ သွားသုံးကြတာမျိုး ရှိတယ်။ အဲ့တာတွေကိုတော့ ဘယ်ကနေ ဝယ်ကြလဲဆိုတာ အဓိက သိနိုင်မှာမဟုတ်ဘူး။ တချို့ KTV ဆိုင်တွေမှာကိုက အဲ့လိုမူးယစ်ဆေးတွေကိုပါ တွဲပြီးရောင်းတာ”ဟု KTV သို့ရောက်ဖူးသည့် အဆိုပါ လူငယ်က ပြောဆိုသည်။
တန့်ယန်းမြို့နယ်အတွင်း စစ်ကော်မရှင် လက်အောက်ခံ မန်ပန်ပြည်သူ့စစ်တပ်ဖွဲ့အပြင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ပြီးခဲ့သည့် ၂၀၂၃ နှစ်ဆန်းပိုင်းမှ စတင်ပြီး ယခုလက်ရှိအချိန်ထိ တန့်ယန်းမြို့အတွင်း ‘ဝ’ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တို့က ဝင်ရောက်တပ်စွဲထားခဲ့သည်။
ထိုတန့်ယန်းမြို့တွင်း ဖွင့်လှစ်ထားသည့် KTV နှင့် အနှိပ်ခန်းတို့သည် လက်နက်ကိုင်တပ်ဖွဲ့များနှင့် ဆက်စပ်မှုများရှိသကဲ့သို့ စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာများကိုလည်း ငွေကြေးပေးကာ ဖွင့်လှစ်ထားကြောင်း တန့်ယန်း ဒေသခံများက ပြောသည်။
“ဒီကေတီဗွီနဲ့ အနှိပ်ခန်းဆိုတာ ဆိုင်ရာဌာနနဲ့ မပေါင်းရင် ဖွင့်မရသလို လက်နက်ကိုင်တပ်ဖွဲ့တွေ နောက်ကွယ်က မပါရင်လည်း ဖွင့်ဖို့မလွယ်ဘူး။ လက်နက်ကိုင်တွေကလည်း အခွန်ရရင်ပြီးရော ဆိုပြီး တရားဝင်လို ဖွင့်ခိုင်းနေကြတာ”ဟု ၎င်းတန့်ယန်း ဒေသခံ က ဆိုပြန်သည်။
ထို့အပြင် ၎င်းအနှိပ်ခန်းနှင့် KTV ကို အများဆုံး သွားရောက်သူများသည်လည်း လက်နက်ကိုင်တပ်ဖွဲ့နှင့် ချိတ်ဆက်ပြီး အလုပ်လုပ်ကိုင်သူများ၊ စီးပွားရေးသမားများသာ ဖြစ်ကြပြီး၊ ထိုထဲတွင် အလုပ်လုပ်သူများသည် အသက်မပြည့်သေးသော မိန်းကလေးငယ်များ ပါဝင်နေကြောင်းလည်း KTV နှင့် အနှိပ်ခန်း နီးစပ်ရာ အသက် ၄၀ ကျော် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“များသောအားဖြင့် အဲ့မှာ အလုပ်လုပ်နေတဲ့မိန်းကလေးတွေက ဆယ်ကျော်သက်တွေရော ရှိတယ်၊ အသက်မပြည့်သေးတာတွေ ရောရှိတယ်။ အဓိကဝမ်းရေးပေါ့။ ဒီမိန်းကလေးငယ်တွေက အမျိုးသားတွေအတွက် သားကောင်တွေ ဖြစ်နေတယ်” ဟု ၎င်းက ထပ်လောင်းပြောသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း စီးပွားရေး ကျဆင်းလာပြီး လူငယ်အများစုသည် ကျောင်းမှ ထွက်ပြီး ရရာအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။
ထိုသို့ အလုပ်အကိုင် ရှားပါးမှုကြောင့်လည်း လူငယ်များသည် KTV၊ အနှိပ်ခန်း၊ အွန်လိုင်းငွေလိမ်လည်သည့် ကျားဖြန့်လုပ်ငန်းခွင်သို့ မထင်မှတ်ဘဲ ရောက်ရှိသွားကြသည်။
ထိုအနှိပ်ခန်းနှင့် KTV ပေါများမှုကြောင့် နောက်ဆက်တွဲ ပြဿနာဖြစ်သည့် ကျန်းမာရေး ကိစ္စကိုလည်း တန့်ယန်းပြည်သူများက စိုးရိမ်နေကြသည်။
တန့်ယန်းမြို့တွင် ၂၀၂၅ ခုနှစ်အတွင် လိင်မှတဆင့် ကူးစက်သည့် HIV ကူးစက်မှု သိသိသာသာ မြင့်တက်လာကြောင်း တန့်ယန်းမြို့ ပြည်သူ့ဆေးရုံမှ တာဝန်ထမ်းဆောင်သည့် သူနာပြုဆရာမများ ပြောပြချက်အရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ သန်းခေါင်စာရင်းအရ တန့်ယန်းမြို့နယ်တွင် လူဦးရေ နှစ်သိန်း နှစ်သောင်းကျော် အထိရှိကြောင်း သိရသည်။












Leave a Comments