သျှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်အတွင်း နမ့်လုံချောင်းတစ်လျှောက်တွင် တရုတ်လုပ်ငန်းရှင်နှင့် ပြည်တွင်းစီးပွားရေးသမားများ ပူးပေါင်းပြီး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေခြင်းကြောင့် ချောင်းရေညစ်ညမ်းနေကြောင်း ဒေသခံများက ပြောသည်။
မိုင်းဖြတ်မြို့နယ် ဝမ်ပုံရွာနှင့် မိုင်းဟဲရွာရှိ နမ့်လုံချောင်းဘေးတစ်လျှောက် ဒေသခံများ၏ စိုက်ပျိုးရေး လယ်ယာမြေများကို လုပ်ငန်းရှင်များက ဈေးကြီးပေး ဝယ်ယူပြီး ယခုနှစ်လယ်ပိုင်းမှ စ၍ စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေကြောင်း မိုင်းဖြတ်မြို့ခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“တရုတ်နဲ့ တာချီလိတ်က သူဌေးတွေပေါင်းပြီး တူးနေတာ။ အုပ်ချုပ်ရေးမှူးနဲ့ ဌာနဆိုင်ရာတွေကိုလည်း ပိုက်ဆံပေးပြီး၊ အုပ်ချုပ်ရေးမှူးက ဒေသခံတွေကို ဖိအားပေး လယ်ရောင်းခိုင်းတာ။ အခုနောက်ပိုင်း လယ်စိုက်လည်း စပါးက သိပ်မထွက်တော့ တချို့လယ်သမားတွေလည်း အမြတ်မရမယ့်အတူတူ လယ်တွေရောင်းပေးလိုက်တာ” ဟု မိုင်းဖြတ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
မိုင်းဖြတ်မြို့နှင့် ၁၀ မိုင်ခန့်ကွာဝေးသည့် မိုင်းဟဲကျေးရွာနှင့် ၃ မိုင်ခန့်ကွာဝေးသည့် ဝမ်ပုံကျေးရွာရှိ ဒေသခံများ၏ စိုက်ပျိုးရေး လယ်ယာမြေများကို ၁ ဧကလျှင် ထိုင်းဘတ်ငွေ ၅ သိန်းမှ ၁၀ သိန်း (မြန်မာကျပ်ငွေ ကာလပေါက်ဈေး သိန်း ၆၀၀ မှ သိန်း ၁၂၀၀) အထိ ပေးကာ လုပ်ငန်းရှင်များက ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း ၎င်းဒေသခံအမျိုးသားက ရှင်းပြသည်။
တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၊ ၎င်းတို့နှင့် အချိတ်အဆက် ရှိသည့် ပြည်တွင်း စီးပွားရေးသမားများက စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာ အပါအဝင် မြို့နယ်အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ဖြင့် နမ့်လုံချောင်းတလျှောက် ရွှေတူးဖော်နေကြပြီး စီးပွားရေးလုပ်ငန်းရှင်များ၏ အချက်အလက်များကို အတိအကျ မသိရသေးပေ။
ယခု ရွှေတူးဖော်နေသည့် နမ့်လုံချောင်းသည် ကျိုင်းတုံမြို့နယ်၊ မိုင်းဖြတ်မြို့နယ်တို့ကို ဖြတ်သန်း၍ နမ့်လင်းချောင်းအတွင်းသို့ စီးဝင်သည်။
“ရွှေကတော့ သူတို့ (စီးပွားရေးလုပ်ငန်းရှင်) ထင်သလောက် မထွက်ဘူး ပြောတယ်။ ဒါပေမယ့် အခုသူတို့ တူးနေတာက သဘာဝပတ်ဝန်းကျင်ကို တော်တော်လေး ပျက်စီးစေတယ်။ ရွှေတူးပြီးနောက်ပိုင်း ချောင်းရေတွေလည်း မကြည်တော့ဘူး။ အောက်ပိုင်းမှာရှိတဲ့ လူတွေလည်း ရေသုံးလို့ မရတော့သလို စိုက်ပျိုးရေးလည်း လုပ်လို့မရတော့ဘူး”ဟု အဆိုပါ မိုင်းဖြတ်ဒေသခံ အမျိုးသားက ထပ်လောင်းပြောသည်။
မိုင်းဖြတ်မြို့နယ် ဝမ်ပုံရွာတွင် လူဦးရေ ၈၀၀ ကျော်၊ မိုင်းဟဲရွာတွင် လူဦးရေ ၂,၀၀၀ ကျော် နေထိုင်ကာ ထိုကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြောင်း ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့သော သန်းခေါင်စာရင်းများအရ သိရသည်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်အရှေ့ပိုင်းတွင် အလွန်အကျွံ ရွှေတူးဖော်မှုများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးလာနေပြီး မိမိ နေထိုင်ရာဒေသတွင် ရွှေမထွက်ရန် ဆုတောင်းနေရသည့် အခြေအနေအထိ ဖြစ်နေကြောင်း မိုင်းဖြတ်မြို့ခံ အသက် (၃၀) ကျော် အမျိုးသားတစ်ဦးက ပြောသည်။

“အခုနောက်ပိုင်း စီးပွားရေးသမားတွေက ဘယ်နေရာမှာ ရွှေထွက်လဲဆိုပြီး အသည်းအသန် လိုက်ရှာနေတာ။ ရွှေထွက်တဲ့ နေရာသိပြီဆိုတာနဲ့ လိုက်တူးတော့တာပဲ။ ဒါပေမယ့် ရွှေက အမြဲတမ်း မထွက်ဘူး၊ တစ်ရာသီလောက် တူးဖော်လိုက်တာနဲ့တင် ကုန်ပြီ။ ကျနော်တို့နေရာမှာ လာမတူးစေချင်ရင်တော့ ရွှေမထွက်ဖို့ ဆုတောင်းရမယ်။ မဟုတ်ရင် ရွှေထွက်တဲ့ နေရာကို မြေပေါ်မြေအောက်မကျန် မြေလှန်ပြီး တူးနေကြတာ” ဟု ၎င်းဒေသခံ အမျိုးသားက ပြောသည်။
ထိုကဲ့သို့ အထိန်းအကွပ်မရှိ ရွှေတူးဖော်မှုများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးလာသည် သာမက ဒေသခံများ၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းဖြစ်သော စိုက်ပျိုးရေး လုပ်ငန်းများလည်း တစ်စစ ပျောက်ကွယ်လာနေကြောင်း ၎င်းက ဆက်ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တွင် သတ္တုတူးဖော်မှုလုပ်ငန်းများ တိုးလာနေပြီး စစ်တပ်မှ တရားဝင် တူးဖော်ခွင့်ပြုထားသော လုပ်ငန်းစုစုပေါင်း (၃၀၃) ခုရှိကြောင်း သျှမ်းသံတော်ဆင့်သို့ ပေးပို့သော ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) ၏ အချက်အလက်များအရ သိရသည်။
ထိုအချက်အလက်များသည် တရားဝင်ခွင့်ပြုထားသော လုပ်ငန်းများ၏ အချက်အလက်သာ ဖြစ်ပြီး တရားမဝင် တူးဖော်နေကြသည့် လုပ်ငန်းများ၏ အချက်အလက်များလည်း ထိုထက်မက ပိုများနိုင်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။












Leave a Comments