အလုပ်လုပ်ကိုင်ခွင့် လက်မှတ် လျှောက်ကြရန် ထိုင်းအာဏာပိုင် ထပ်မံအသိပေး

ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို ဒီဇင်ဘာလ ၂၆ ရက်မတိုင်ခင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ဝေါ့ခ်ပါမစ် (Work Permit) လျှောက်ထားကြရန် ထိုင်းအလုပ်အကိုင် စီမံခန့်ခွဲရေးဌာနမှ ညွှန်ကြားရေးမှူးချုပ်က အသိပေးလိုက်သည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ထိုင်းအလုပ်အကိုင်စီမံခန့်ခွဲရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် စုံချိုင်မော်လကွတ်စီဝမ်က မြန်မာ၊ ဗီယက်နမ်၊ လာအိုနိုင်ငံတို့မှ တရားမဝင် ရွှေ့ပြောင်းလုပ်သားများ ငှားရမ်းထားသည့် လုပ်ငန်းရှင်များအား ထိုကဲ့သို့ သတိပေးပြောကြားခဲ့ခြင်း ဖြစ်သည်။

လုပ်ငန်းရှင်များအနေဖြင့်( Work Permit )လျှောက်ထားရာတွင် အွန်လိုင်းမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကာ မိမိ၏ အချက်အလက်နှင့် မိမိ ငှားရမ်းထားသည့် အလုပ်သမား၏ အချက်အလက်များ ဖြည့်သွင်း၍ လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

“သူတို့တရားဝင် ကြေညားတဲ့အတိုင်း ဒီဇင်ဘာလ ၂၆ ရက်အထိပဲ လုပ်ပေးမှာ။ အခုဘတ်ရိုက်ဖို့ အများကြီးတော့ မကျန်တော့ပါဘူး။ ဒါပေမယ့် အချိန်မီသက်တမ်းမတိုးရင်တော့ ကျန်ခဲ့မှာပေါ့။ အခုဝင်လာတဲ့သူတွေလည်း အများကြီး ဖမ်းခံရတယ်။ အချိန်မီ သက်တမ်းတိုးဖို့၊ လျှောက်ကြဖို့ လိုပါတယ်” ဟု အလုပ်သမားများ ဘတ်ရိုက်ရာတွင် ဝန်ဆောင်မှုပေးနေသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Work Permit လျှောက်ထားပြီးလျှင် မိမိ၏ အလုပ်သမားကို ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် ကျန်းမာရေး အာမခံပြုလုပ်ပေးရမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထို့နောက် သက်ဆိုင်ရာနယ်မြေရှိ လူဝင်မှုကြီးကြပ်ရေးရုံး၌ Biometric အချက်အလက် စစ်ဆေးခြင်း၊ လက်ဗွေနှိပ်ခြင်း လုပ်ငန်းစဉ်များကို လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၂၄ ရက်တွင် အပြီးဆောင်ရွက်ပြီး အလုပ်သမားစီမံခန့်ခွဲရေးဌာနမှ Work Permit ထုတ်ပေးမည် ဖြစ်သည်။

ထိုသို့ လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးစီးပါက လျှောက်ထားသူ အလုပ်သမားများအနေဖြင့် (၁) နှစ် အလုပ်လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်ပြီး လာမည့် ၂၀၂၆ ဇွန်လ ၂၄ ရက်အတွင်း ဗီဇာထည့်ခြင်း လုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်မည် ဖြစ်သည်။

အဆိုပါ လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးလျှင် အပန်းရောင်ကတ် ပြုလုပ်ခြင်း လုပ်ငန်းစဉ်များ ဆက်လက် ဆောင်ရွက်မည်ဖြစ်သည်။

လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ အလုပ်သမားများ တရားဝင် လုပ်သားဖြစ်စေရန် သတ်မှတ်ကာလအတွင်း Work Permit လျှောက်ထားကြရန် တိုက်တွန်းကြောင်း၊ သို့မဟုတ်လျှင် မိမိတို့ အလုပ်သမားများ ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် ဆုံးရှုံးမည်ဖြစ်ကြောင်း ညွှန်းကြားရေးမှူးက တိုက်တွန်းထားသည်။

အထောက်အထားမရှိလျှင် ဖမ်းဆီးခံရမည်

ထိုင်းအလုပ်အကိုင်စီမံခန့်ခွဲရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် စုံချိုင်မော်လကွတ်စီဝမ်က အထောက်အထားမရှိဘဲ အလုပ်လုပ်ကိုင်နေခြင်း စစ်ဆေးတွေ့ရှိပါက လုပ်ငန်းရှင်နှင့် အလုပ်သမား နှစ်ဦးစလုံးအား ဥပဒေအရ အရေးယူဆောင်ရွက်မည်ဟု ယမန်နေ့ (ဒီဇင်ဘာလ ၂၃) ရက်က သတိပေးပြောကြားခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရှိ လူငယ်များသည် အိမ်နီးချင်း ထိုင်းနိုင်ငံထဲသို့ တရားဝင် နည်းလမ်းဖြင့်လည်ကောင်း၊ တရားမဝင် နည်းလမ်းဖြင့်လည်းကောင်း နေ့စဉ်နှင့်အမျှ ဝင်ရောက်လာနေသည်။

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၇ သန်းခန့်ရှိပြီး အများစုမှာ ရွှေ့ပြောင်းအလုပ်သမားများ ဖြစ်ကြသည်ဟု အလုပ်သမားအရေး ဆောင်ရွက်သူများက ခန့်မှန်းထားကြသည်။

လက်ရှိ ထိုင်းနိုင်ငံအတွင်း တရားမဝင် နည်းလမ်းဖြင့် ဝင်ရောက်လာသည့် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို တရားဝင်ဖြစ်စေရန် ထိုင်းအစိုးရဘက်မှ အလုပ်လုပ်ခွင့်လက်မှတ် ဝေါ့ခ်ပါမစ် လုပ်ပေးနေသည်။

အဆိုပါ Work Permit ပြုလုပ်ရန် ပထမအဆင့်ဖြစ်သော Name List ဟုခေါ်သည့် အမည်စာရင်း တင်သွင်းခြင်းကို ဒီဇင်ဘာလ ၁၂ ရက်မှ ၂၆ ရက်အထိ ခွင့်ပြုထားသည်။

သို့သော် အထောက်အထားမရှိသည့် ရွှေ့ပြောင်းအလုပ်သမားများကိုလည်း ယခုရက်ပိုင်းအတွင်း ထိုင်းအာဏာပိုင်များက ဆက်တိုက်ဆိုသလို ဖမ်းဆီးနေလျက်ရှိသည်။

ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့်လည်း မိမိတွင် ဘတ်ရိုက်ထားသဖြင့် အဖမ်းမခံရနိုင်ကြောင်းဆိုပြီး ပေါ့ပေါ့ဆဆ မနေကြရန် တိုက်တွန်းလိုပါသည်။

မြန်မာ၊ လာအို၊ ဗီယက်နမ် နိုင်ငံတို့မှ ရွှေ့ပြောင်းအလုပ်သမားများကို တရားဝင်အလုပ်လုပ်ခွင့်လက်မှတ် Work Permit ပြုလုပ်ပေးမည်ဟုသတင်းထွက်ပြီးနောက်ပိုင်း နယ်စပ်မှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသူ အများအပြားရှိနေသည့်အတွက် ထိုင်းအစိုးရက မြို့အဝင်အထွက်၊ အလုပ်သမား တန်းလျှားများနှင့် လုပ်ငန်းခွင်များကို တင်းကြပ်စစ်ဆေးနေခြင်း ဖြစ်ကြောင်း သိရသည်။

“နှစ်တိုင်းလိုလိုပါပဲ၊ ဘတ်အသစ်ရိုက်ပေးပြီဆိုရင် စစ်ဆေး၊ ဖမ်းဆီး၊ နှိမ်နင်းရေးတွေလုပ်တယ်။ ဖမ်းမိရင် ဒဏ်ငွေ ဆောင်ခိုင်းတယ်၊ ပြီးရင် ပြန်လွှတ်ပေးတယ်၊ ဘတ်အသစ်ရိုက်တယ် ဒါပါပဲ သူတို့အလုပ်က။ အခုက ပိုဆိုးတာက ထိုင်းနဲ့ ကမ္ဘောဒီးယား ပြဿနာဖြစ်တော့ ကမ္ဘောဒီးယား အလုပ်သမားတွေကိုဖမ်းရင်း အခြားနိုင်ငံက အလုပ်သမားတွေပါရောပြီး ဖမ်းခံရတာ” ဟု အလုပ်သမားအရေးဆောင်ရွက်သူတစ်ဦးက ပြောသည်။

အထောက်အထားရှိသော်လည်း Work Permit တွင် နာမည်ဖော်ပြထားသည့် အလုပ်ရှင်နှင့် လက်ရှိ အလုပ်ရှင် မတူခြင်း၊ အခြားခရိုင်ကို ခွင့်ပြုချက်မရှိဘဲ သွားလာခြင်း၊ တားမြစ် လုပ်ငန်းများ လုပ်ကိုင်ခြင်း စသည့်ဖြင့် အချက်များကြောင့် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ၎င်းကပြောသည်။

Work Permit ရှိသော်လည်း အဘယ်ကြောင့် ဖမ်းဆီးခံရသနည်း

ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် မိမိတွင် Work Permit ရှိတယ်ဆိုပြီး ပေါ့ပေါ့ဆဆ နေထိုင်၍ မရပေ။

အခြား စာရွက်စာတမ်းများနှင့် စည်းမျဉ်းစည်းကမ်းများ မပြည့်စုံပါက Work Permit ရှိသော်လည်း ဖမ်းဆီးခံရနိုင်သလို ပြစ်ဒဏ်လည်း ပေးခံရနိုင်သည်။ ထိုကြောင့် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အဖမ်းမခံစေရန် မည်သည့် အချက်များလုပ်ဆောင်ရမလဲဆိုသည့် အချက်များကို မျှဝေးပေးချင်သည်။

(၁) ဧည့်စာရင်းနှင့် ရက် ၉၀

ထိုင်းနိုင်ငံသားမဟုတ်သည့် အခြားနိုင်ငံခြားသားများသည် မိမိနေထိုင်သည့်လိပ်စာကို လူဝင်မှုကြီးကြပ်ရေး (လဝက) ရုံးတွင် မဖြစ်မနေ စာရင်ပေးသွင်း ရမည်ဖြစ်ပြီး၊ အကယ်၍ အိမ်ဌားနေပါက အိမ်ရှင်က စာရင်းပေးသွင်းရမည် ဖြစ်သည်။

အကယ်၍ အိမ်ရှင်က စာရင်းပေးသွင်းခြင်း မလုပ်ပေးပါက မိမိဘက်က တောင်းဆိုရမည် ဖြစ်ပြီး အထူးသဖြင့် ခရီးသွားပြီး ပြန်လာသည်ဖြစ်စေ၊ အိမ်ပြောင်းသည်ဖြစ်စေ ၂၄ နာရီအတွင်း ဧည့်စာရင်း တိုင်ကြားရမည် ဖြစ်သည်။

အကယ်၍ တာဝန်ရှိသူများက ဧည့်စာရင်း တိုင်ကြားထားခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေ ဘတ် ၂,၀၀၀ အထိ ပေးဆောင်ရနိုင်သည်။

အလားတူ ထိုင်းနိုင်ငံအတွင်း ရက် ၉၀ ကျော်လွန်ပြီး နေထိုင်သူများအနေဖြင့်လည်း ရက် ၉၀ ပြည့်တိုင်း လူဝင်မှုကြီးကြပ်ရေး (လဝက) ရုံးကို အကြောင်းကြားရမည် ဖြစ်သည်။ သတ်မှတ်ရက် မတိုင်ခင် ၁၅ ရက်နှင့် ပြည့်ပြီး ၇ ရက်အတွင်း အကြောင်းကြားနိုင်သည်။

အကယ်၍ အကြောင်းကြားခြင်းမရှိဘဲ အချိန်လွန် နေထိုင်လျှင် ဒဏ်ငွေ ဘတ် ၂,၀၀၀ ပေးဆောင်ရနိုင်သည်။

(၂) အလုပ်ရှင် တူရမည်

အလုပ်ရှင်ဟောင်းထံမှ အလုပ်ထွက်လိုက်ပြီဆိုသည်နှင့် ၁၅ ရက်အတွင်း အလုပ်ရှင်အသစ်ထံတွင် အမည်စာရင်း သွင်းရမည်ဖြစ်သည်။ Work Permit တွင် နာမည်ဖော်ပြထားသည့် အလုပ်ရှင်နှင့် လက်ရှိ လုပ်နေသည့် အလုပ်ရှင်မတူပါက ဖမ်းဆီးခံနိုင်သည်။

အကယ်၍ Work Permit တွင် နာမည်ဖော်ပြထားသည့် အလုပ်ရှင်နှင့် လက်ရှိ လုပ်နေသည့် အလုပ်ရှင်မတူပါက ဒဏ်ငွေ ဘတ်၂၀,၀၀၀ (နှစ်သောင်း) အထိ ပေးဆောင်ရနိုင်သည်။

(၃) တားမြစ် လုပ်ငန်းများ

ထိုင်းနိုင်ငံတွင် မြန်မာအပါအဝင် နိုင်ငံခြားသားများကိုယ်တိုင် လုပ်ကိုင်ခွင့်မရှိသော လုပ်ငန်းများ အထူးသဖြင့် ထိုင်းဥပဒေအရ ထိုင်းနိုင်ငံသားများကို အကာအကွယ်ပေးထားသည့် အလုပ် ၂၇ မျိုးရှိသည်။

ထိုလုပ်ငန်းများမှာ ဧည့်လမ်းညွှန်လုပ်ငန်း၊ ယာဉ်မောင်းလုပ်ငန်း၊ အတွင်းရေးမှူးလုပ်ငန်း၊ ပွဲစားနှင့် အေဂျင်စီ လုပ်ငန်း၊ ဆံပင်ညှပ် အလှပြင်လုပ်ငန်း၊ ထိုင်းရိုးရာ အရုပ်ပြုလုပ်ခြင်းလုပ်ငန်း၊ ဈေးရောင်း/ လှည့်လည်ရောင်းခြင်း လုပ်ငန်း၊ စက္ကူ/ ပိတ်ဖြင့် ပြုလုပ်သောထီးလုပ်ငန်း၊ ပိုးချည်လုပ်ငန်း၊ ပန်းယွန်းလုပ်ငန်း၊ ယက်ကန်းလုပ်ငန်း၊ ထိုင်းတူရိယာလုပ်ငန်း၊ ဖျာယက်ခြင်းလုပ်ငန်း၊ သစ်သားပန်းပုလုပ်ငန်း၊ စက္ကူထုတ်လုပ်ခြင်း လုပ်ငန်း၊ ကျောက်မျက်ရတနာလုပ်ငန်း၊ လေလံတင်အရောင်းအဝယ်လုပ်ငန်း၊ သပိတ်လုပ်ငန်း၊ ချည်ယက်လုပ်ငန်း၊ ကြေးထည်လုပ်ငန်း၊ ရွှေထည်ငွေထည်လုပ်ငန်း၊ ထိုင်းရိုးရာအနှိပ်လုပ်ငန်း၊ ဆေးလိပ်လိပ်ခြင်း လုပ်ငန်း၊ ထိုင်းအက္ခရာစီခြင်း လုပ်ငန်း၊ ကြေးထည်ကနုတ်ဖော်ခြင်းလုပ်ငန်း၊ ဗုဒ္ဓရုပ်ပွားတော် ထုဆစ်ခြင်းလုပ်ငန်းတို့ ဖြစ်ကြသည်။

အကယ်၍ တာဝန်ရှိသူများက တားမြစ်လုပ်ငန်းများကို လုပ်ကိုင်နေကြောင်း စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေ ဘတ် ၅,၀၀၀ (ငါးထောင်) မှ ၅၀,၀၀၀ (ငါးသောင်း) အထိ ပေးဆောင်ရမည်ဖြစ်သလို ထိုင်းနိုင်ငံတွင် (၂) နှစ် အလုပ်လုပ်ခွင့် ပိတ်သိမ်းခံရပြီး မိမိနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရမည် ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နန်းမယ်ခုံမြို့နယ်ကို စစ်တပ်က ထပ်မံ လေကြောင်းဗုံးကြဲ

0
ကရင်နီပြည် နန်းမယ်ခုံမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၂၉ ရက်) နေ့လည် ၁ နာရီဝန်ကျင်တွင် နန်းမယ်ခုံမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ်အချို့ ထိခိုက်ပျက်စီး ခဲ့ကြောင်း မြေပြင်တွင် စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဒီနေ့ နေ့လည်က ဗုံးကြဲသွားတာ ဟုတ်ပါတယ်။နန်းမယ်ခုံ တဝိုက်ကိုပဲ ကြဲသွားတာပါ။ လူအထိခိုက်တော့ မရှိဘူးဗျ။အိမ် နှစ်လုံးပေါ်ကျတာ။”ဟု မြေပြင်တွင် စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက ပြောသည်။  ပြီးခဲ့သည့် ဇွန်လ (၂၄) ရက်တွင်လည်း နန်းမယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် (၂) ဦး သေဆုံးခဲ့သည်။ ယမန်နေ့ (ဇွန်လ ၂၈ ရက်) တွင်လည်း မိုးဗြဲအနီးရှိ စစ်ကော်မရှင်တပ် စခန်းတစ်ခုကို တော်လှန်ရေး တပ်ပေါင်းစုများကဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်မှုထမ်း စစ်သား (၁) ဦးသေဆုံးခဲ့ပြီး စစ်သုံ့ပန်း (၂) ဦး နှင့် အတူ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

အင်းလေးတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံများ ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံအချို့ ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ အင်းလေးဒေသတွင် ဒေသခံများသည် ရေပေါ်စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ကျွန်းမျောများကို ဆယ်ယူ၍ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ ၂၀၂၅ ခုနှစ် မေလမှစတင်၍ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များက ကျွန်းမျောဆယ်ယူခွင့်ကို ပိတ်ပင်ထားသဖြင့် စိုက်ပျိုးရေးလုပ်ကိုင်နေသည့် အင်းလေးဒေသခံများ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း...

တာချီလိတ် ဘိန်းစာရွက်ရည်‌ ရောင်းသည့် ဆိုင်များ ဖမ်းဆီးခံရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဘိန်းစာရွက်ရည် (ကရထွမ့်)‌ ရောင်းချသည့် ဆိုင်များကို စစ်ကော်မရှင် လက်အောက်ခံ တာဝန်ရှိသူများက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန်လ (၂၈) ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် တာချီလိတ်မြို့ ရန်အောင်မြေ ရပ်ကွက်၊ ပါလျံရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့်...

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်စတင်နိုင်အောင် အခုမှ ကျနော်တို့ ပြန်ပြီး လမ်းစရှာတာ ဖြစ်ပါတယ်”

0
အသွင်ပြောင်းစစ်အစိုးရ ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် ပထမဆုံးအကြိမ် အလွတ်သဘော တွေ့ဆုံဆွေးနွေးရန် 7 EAO Alliance ဆွေးနွေးညှိနှိုင်းရေးအဖွဲ့မှ ကိုယ်စားလှယ် (၈) ဦးတို့သည် ဇွန်လ ၉ ရက်နှင့် ၁၀ ရက်တို့တွင် နေပြည်တော်သို့ သွားရောက်ခဲ့သည်။ အလားတူ...

ချင်းမိုင်တွင် ခွင့်ပြုချက်မရှိဘဲ အပ်ချုပ်နှင့် ရုံးသန့်ရှင်းရေးလုပ်ကိုင်သည့် မြန်မာ ၃ ဦး ဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အတွင်း သတ်မှတ်ထားသည့် အလုပ်အကိုင် အမျိုးအစားကိုက်ညီမှုမရှိပဲ အထည်ချုပ်လုပ်ငန်းနှင့် ရုံးသန့်ရှင်းရေးအလုပ်များ ဝင်ရောက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့မှ ယမန်နေ့ (ဇွန် ၂၄)ရက်တွင် သတင်းထုတ်ပြန်သည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှ ရဲတပ်ဖွဲ့မှ ချင်းမိုင်ခရိုင် ဆန်ကန်ဖန်းမြို့နယ် (San Kamphaeng) အတွင်း...