တရုတ်- အမေရိကန် ကျားဖြန့်အားပြိုင်မှုကြား ရုန်းထွက်ရန် ကြိုးစားနေသည့် စစ်အုပ်စုနှင့် EAOs များ

ကမ္ဘာ့အင်အားကြီး အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် မြန်မာနယ်စပ်မှ ကျားဖြန့်နှိမ်နင်းရေး လုပ်ငန်းများကို အပြိုင်အဆိုင် လုပ်ဆောင်လာနေပြီး အဆိုပါနိုင်ငံကြီးနှစ်ခု အားပြိုင်မှုတွင် ကြားမညှပ်ရေး စစ်အုပ်စုနှင့် လက်နက်ကိုင် အဖွဲ့အစည်းအချို့က ရုန်းထွက်ရန် ကြိုးစားနေကြကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောသည်။

တရုတ် – မြန်မာ နယ်စပ်တစ်လျှောက် အပါအဝင် ထိုင်း – မြန်မာနယ်စပ်တို့တွင် အခြေပြု၍ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လက်နက်ကိုင်အဖွဲ့အစည်းများ၏ လုံခြုံရေး ရယူပေးမှုနှင့်အတူ တွင်တွင်ကျယ်ကျယ် လုပ်ဆောင်ခဲ့ကြသည်။

အရှေ့တောင်အာရှနိုင်ငံများ (အာဆီယံ-ASEAN) တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်ဂိုဏ်းများအား အရေးယူနိုင်ရန် ကျားဖြန့်တိုက်ဖျက်ရေးအထူးအဖွဲ့ (Scam Center Strike Force) ကို အမေရိကန်နိုင်ငံက ဖွဲ့စည်းလိုက်ကြောင်း နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ကြေညာခဲ့သည်။

ထို့နောက် ကျားဖြန့်နှိမ်နင်းရေးသည် ကမ္ဘာ့ပြဿနာ တစ်ခုဖြစ်လာပြီး တရုတ်၊ အမေရိကန်နှင့် ထိုင်းနိုင်ငံတို့က ကျားဖြန့်နှိမ်နှင်းရန် စစ်ဆင်ရေးများ လုပ်ဆောင်လာကြသည်။

တရုတ်၏ ကျားဖြန့်အရေးကို အကြောင်းပြု၍ ဒေသတွင်း ဩဇာလွှမ်းမိုးလာမည်ကို စိုးရိမ်ခြင်းကြောင့် အမေရိကန်သည်လည်း ကျားဖြန့်အရေးတွင် ပါဝင်လာကြောင်း၊ ၎င်းအင်အားကြီး နှစ်နိုင်ငံ အားပြိုင်မှုကြောင့် မြန်မာနိုင်ငံလည်း ကြားညှပ်နေသည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/NCA-S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“ဗမာပြည်က ကြားညှပ်တာပေါ့၊ ကြားညှပ်တော့ အလွတ်ရုန်းကြတဲ့ အချိန်မှာ လက်ရှိ စစ်ကော်မရှင်ကလည်း ဒို့မဟုတ်ဘူး။ နယ်စပ်က လက်နက်ကိုင်တွေ၊ နယ်စပ်က လက်နက်ကိုင်တွေကလည်း အကြောင်း အမျိုးမျိုးပေါ့လေ၊ အဲဒါလုပ်ကြတာ” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောဆိုသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မယ်ထော်သလေး နယ်မြေ၌ တည်ရှိသည့် KK Park ကျားဖြန့် ဝင်းအတွင်းရှိ အဆောက်အဦ ၂၄၆ လုံးကို နိုဝင်ဘာလ နောက်ဆုံးပတ်မှ စတင်ပြီး စစ်အုပ်စုက ဖြိုချဖျက်ဆီးပြခဲ့သည်။

စစ်အုပ်စုသည် ၎င်းတို့အတွက် ငွေကြေးအကျိုးအမြတ် အများအပြား ရရှိသည့် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) လုပ်ငန်းများတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေပြီး ယခုကဲ့သို့ ကျားဖြန့်နေရာများကို အဖမ်းအဆီးပြနေခြင်းမှာ နိုင်ငံတကာ အရေးယူမှုကို ရှောင်လွှဲလို၍ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

မြန်မာ – တရုတ်နယ်စပ် လောက်ကိုင်ဒေသ အပါအဝင် နယ်စပ်တစ်လျှောက်ရှိ ကျားဖြန့်နှိမ်နင်းရေးခေါင်းစဉ်ဖြင့် တရုတ်၏ မီးစိမ်းပြမှုနှင့်အတူ ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖြစ်ကြသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာရက္ခတပ်တော် (AA) တို့က “၁၀၂၇ စစ်ဆင်ရေး”ကို ဖော်ဆောင်ခဲ့ကာ ကျားဖြန့်နှိမ်နင်းရေးသာမက စစ်အုပ်စု ထိန်းချုပ်ထားသည့် မြို့အများအပြားကို သိမ်းယူခဲ့ကြသည်။

ထို့နောက် ညီနောင်မဟာမိတ် ၃ ဖွဲ့သည် ကျားဖြန့်လုပ်ကိုင်သူများအား ဖမ်းဆီး၍ တရုတ်ထံ ပြန်လည် လွှဲပြောင်းပေးခဲ့ကြသကဲ့သို့ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့ ခေါ် မိုင်းလားတပ် (NDAA) တို့သည်လည်း သက်ဆိုင်ရာ ထိန်းချုပ်နယ်မြေထဲရှိ ကျားဖြန့်လုပ်ကိုင်သူများအား ဖမ်းဆီး၍ တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ထံ ပို့ဆောင်မှုများ ရှိနေသည်။

သျှမ်းပြည်တွင် ကျားဖြန့်လုပ်ငန်းများကြောင့် ဒေသတွင်းနေ ပြည်သူလူထုတို့ စီးပွားပျက်မှုများ ကြုံတွေ့ရသလို အမျိုးသမီးများလည်း ကျားဖြန့်လုပ်ငန်းရှင်များ၏ လိင်ကျွန်အဖြစ် လူကုန်ကူးခံရမှုများလည်း ရှိခဲ့သည်ဟု သျှမ်းကျောင်းသားသမဂ္ဂ TSU မှ ယိင်းမွေလျန်း က ပြောသည်။

“ဒီကျားဖြန့်မှာ သွားလုပ်တဲ့ အမျိုးသမီးတွေမှာလည်း သူတို့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေး ဘာမှမရှိဘူးပေါ့နော်။ တော်တော်များများတော့ ဆိုးဆိုးရွားရွား ဖြစ်နေတယ်။ အဲဒါအပြင် သျှမ်းပြည်မှာ လာပြီးမှ ကျားဖြန့်လုပ်တဲ့ လူတွေပေါ့နော်၊ တရုတ်တွေကလည်း ရွာက အမျိုးသမီးတွေကို ထိပါးနှောင့်ယှက်တာ ကိုယ်တိုင် ကြားဖူးတယ်။ အဲဒါအပြင် အရင်တုန်းကဆိုရင်တော့ အမျိုးသမီးတွေကို လူကုန်ကူးပြီးမှ ကျားဖြန့်သူဌေးတွေရဲ့ လိင်ကျွန်အဖြစ် ခိုင်းစေခံရတာမျိုးလည်း တွေ့ဖူးတယ်” ဟု သျှမ်းကျောင်းသားသမဂ္ဂ TSU မှ ယိင်းမွေလျန်း က ရှင်းပြသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတကာ၏ ပိတ်ဆို့မှုဒဏ်ကို စစ်အုပ်စု ရင်ဆိုင်နေရသလို နိုင်ငံတဝှမ်း စစ်ဆင်ရေးများ၏ စစ်အသုံးစရိတ်များအတွက် ကျားဖြန့်လုပ်ငန်းများမှလည်း ဝင်ငွေတစိတ်တပိုင်း ရှာဖွေနေကြောင်း သျှမ်းပြည်မြောက်ပိုင်းမှ နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

“လိုအပ်ချက်တွေ အများကြီး ဖြစ်နေတဲ့အချိန်မှာ ဒီလိုအပ်ချက်တွေ ပြန်ဖြည့်ဖို့ဆိုတာ မလွယ်ဘူးလေ။ အဲဒီတော့ ပြည်ပပို့ကုန်ဖြစ်တဲ့ ပဲကိစ္စတွေတောင် ပြဿနာ တက်တယ်လေ။ ပြည်တွင်းမှာ စစ်ပွဲကို ဆင်နွှဲဖို့အတွက်က ငွေလိုတာပဲ၊ ငွေကို ဘယ်က ရှာမလဲပေါ့။ ဆိုတဲ့အခါမှာ အဲဒီငွေကိုရှာနည်း အလွယ်နည်းကတော့ ကျားဖြန့်ပါပဲ။ အဲဒါတွေ မပေါ်အောင် ကြားထဲက လူတွေ ဆွဲထည့်ပြီးတော့မှ လုပ်ကြတာပေါ့”ဟု အဆိုပါ နိုင်ငံရေး လေ့လာသုံးသပ်သူက ပြောသည်။

စစ်အုပ်စုသည် ကျားဖြန့်တွင် ပါဝင်ပတ်သက်ခြင်းမရှိဘဲ နယ်စပ်က တိုင်းရင်းသားလက်ကိုင်အဖွဲ့များသာ လုပ်ဆောင်နေကြောင်း ပြောဆိုနေပြီး ဖမ်းဆီးပြသခဲ့သလို ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) နှင့် ကရင်နယ်ခြားစောင့်တပ် (BGF) တို့သည်လည်း အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) လုပ်ငန်းများကို အဖမ်းအဆီးပြခဲ့ကြသည်။

လက်ရှိတွင်လည်း DKBA ၏ အကာအကွယ်ပေးမှုဖြင့် လည်ပတ်နေသော မင်းလက်ပံဒေသရှိ ကျားဖြန့်လုပ်ငန်းကို ဝင်ရောက်ရှင်းလင်းနေပြီး နိုင်ငံတကာမှ လေးနက်မြန်ဆန်စွာ ပူးပေါင်းပါ၀င်ပေးရန် ကရင်အမျိုးသားအစည်းအရုံး (KNU) က တောင်းဆိုထားသည်။

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်ရှိ KK Park နှင့် ရွှေကုက္ကိုလ်ရှိ ကျားဖြန့်လုပ်ငန်းများကို စစ်အုပ်စုနှင့် BGF တို့ ဝင်ရောက်စီးနင်းခဲ့သည့်အတွက် ကျားဖြန့်လုပ်ကိုင်သူများသည် တန့်ယန်း၊ ကျေးသီးမြို့နယ် အပါအဝင် သျှမ်းပြည်အလယ်ပိုင်းဒေသသို့ ပြောင်းရွှေ့မှုရှိနေကြောင်း သိရသည်။

“နောက်ဆုံးနည်းတော့ ပြည်တွင်းအတွက် သူတို့က ဆေးမြီးတိုနဲ့ ကုတာပေါ့ဗျာ၊ ဆေးမြီးတိုနဲ့ ကုတဲ့အတွက် ဒီဇာတ်လမ်းတွေ ပေါ်လာတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်ကမှ ငွေမရနိုင်ဘူး၊ ဒေါ်လာမရနိုင်ဘူး။ စစ်ဆင်ရေးအတွက် လိုအပ်တဲ့ ငွေတွေ အားလုံးသည် လွယ်လွယ်ကူကူနဲ့ ချောချောချူချူနဲ့ ဖြည့်လို့ရတာ ဒီလမ်းကြောင်းပဲ ရှိတာကိုး” ဟု သျှမ်းပြည်မြောက်ပိုင်းမှ နိုင်ငံရေး လေ့လာသုံးသပ်သူက ဆက်ပြောသည်။

စစ်အုပ်စုနည်းတူ နယ်စပ်ဒေသတို့တွင် အခြေပြုလှုပ်ရှားနေသည့် လက်နက်ကိုင်တပ် အဖွဲ့အစည်းတို့သည် တရုတ်နှင့် အမေရိကန်တို့၏ ကျားဖြန့်နှိမ်နင်းရေးလုပ်ငန်းများတွင် ကြားမညှပ်ရေးအတွက် ဟန်ပြ ဖမ်းဆီးနှိမ်နင်းကာ ရုန်းထွက်ရန် ကြိုးစားနေကြကြောင်း နိုင်ငံရေးသုံးသပ်သူများက ပြောဆိုလိုက်သည်။

စိုင်းဝင်းဉီး ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့ပေါ် ခိုးဝင်လာသည့် နိုင်ငံခြားသား ကျားဖြန့် ၄၀၀ နီးပါး ဖမ်းဆီးရမိ

0
“ရွှေတြိဂံ ဒေသ” သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်သို့ ခိုးဝင်လာပြီး ကျားဖြန့် အွန်လိုင်းလုပ်ငန်း လာရောက်လုပ်ကိုင်သည့် နိုင်ငံခြားသား ၄၀၀ နီးပါးနှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ယမန့်နေ့ (မတ်လ ၃ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် (၂)၊ မယ်ခေါင်(၂)လမ်းတွင် ဖွင့်လှစ်ထားသည့် “...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

UWSA ဒုတပ်ရင်းမှူးနှင့် တပ်ခွဲမှူးအဆင့် အရာရှိနှစ်ဦး ကျားဖြန့်မှုဖြင့် ထောင်ချခံရ

0
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လက်ခံကာကွယ်ပေးခဲ့သည့် ဒုတပ်ရင်းမှူးနှင့် တပ်ခွဲမှူးအဆင့် ‘ဝ’အရာရှိနှစ်ဦး ထောင်ဒဏ်ချမှတ်ခံရကြောင်း စုံစမ်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၏ တပ်မဟာ တစ်ခုတွင် ဒုတပ်ရင်မှူး တာဝန်ထမ်းဆောင်နေသူ အသက် (၃၀) နှစ်အရွယ် ကျိုးရှီးကုန်း (Zhou Xigong)...

မိုင်းရယ်မြို့နယ်ထဲ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၃၃၀) ထပ်ဖမ်းမိ

0
သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ်တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၃၃၀) ဦးကို ဆက်စပ်ပစ္စည်းများနှင့် ထပ်မံဖမ်းဆီးခဲ့ကြောင်း စစ်ကော်မရှင်ဘက်က သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၃ ရက်) နံနက်ပိုင်းတွင် မိုင်းရယ်မြို့ အရှေ့တောင်ဘက် ဟိုက်ပုကျေးရွာအနီးရှိ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသည့် မိုးကာတဲများတွင် တရုတ်နိုင်ငံသား...

ကွန်ဟိန်းမြို့နယ် ကာလိမြို့အနီး ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၀၀ ကျော်ဖမ်းမိဟု စစ်တပ်ပြော

0
သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် ကာလိမြို့အနီးတွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၂၃၃) ဦးကို ဆက်စပ်ပစ္စည်းများနှင့် ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကော်မရှင်ဘက်မှ သတင်းထုတ်ပြန်သည်။ ဇန်နဝါရီလ (၂၉) ရက်မှ (၃၁) ရက်အတွင်း ကွန်ဟိန်းမြို့နယ် ကာလိမြို့ ကျိုင်းလွန်းကျေးရွာအုပ်စုရှိ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သည့် နေရာများကို...