သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ပုံးအင်းဒေသတွင် စစ်မှုထမ်းလူစားထိုးရန် လူမရှိတော့သဖြင့် လာမည့် ဒီဇင်ဘာလမှ စပြီး မဲနှိုက်စနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ပြီး စစ်ကော်မရှင်က စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် ပုံးအင်းဒေသတွင် စစ်မှုထမ်းအပတ်စဉ်များအလိုက် လူတစ်ယောက်လျှင် ကျပ်ငွေ သိန်း ၈၀ မှ ကျပ်ငွေ သိန်း ၁၀၀ ကြားပေးကာ လူစားထိုးငှားရမ်းခဲ့သည်။
ထိုသို့ လူစားထိုးငှားရမ်းခဲ့ပြီးနောက် ၂ နှစ်ခန့် အကြာတွင် နောက်ထပ်လူစားထိုး ငှားရမ်းရန် လိုက်မည့်သူ မရှိတော့ဘဲ စစ်ကော်မရှင်တပ်ဘက်မှ ငွေကြေးထက် လူအင်အား ပိုလိုအပ်သောကြောင့် မဲနှိုက်ရွေးချယ်သွားမည် ဖြစ်ကြောင်း ပုံးအင်းဒေသခံများက ပြောသည်။
“အရင်ကဆို ပိုက်ဆံထည့်လိုက်ရုံနဲ့ ရတယ်။ အခုက မရတော့ဘူး၊ ပိုက်ဆံဘယ်လောက်ပေးပေး လိုက်မယ့်သူ မရှိတော့ဘူး။ အရင်က လူစားထိုး သွားပေးတဲ့သူလည်း ပြန်လာတဲ့သူ တစ်ယောက်မှ မရှိတော့ မသွားချင်ကြတော့ဘူး။ အခုက မဲနှိုက်ပြီးပဲ ရွေးဖို့ကျန်တယ်”ဟု ပုံးအင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
တောင်ကြီးမြို့နယ် ပုံးအင်းဒေသတွင် ကျောက်ကူကျေးရွာအုပ်စု၊ အသုံးတော်ကျေးရွာအုပ်စုနှင့် နားဟီးကျေးရွာအုပ်စု တို့ရှိပြီး ထိုကျေးရွာများတွင် အိမ်ထောင်စု ဦးရေပေါ် မူတည်ကာ စစ်မှုထမ်းကြေး ထည့်ဝင်ကြရကြောင်း သိရသည်။
ထို့ကြောင့် အိမ်ခြေများသည့် ကျေးရွာများတွင် တစ်သောင်းနှစ်ထောင် ထည့်ရပြီး အိမ်ခြေနည်းလျှင် ငွေကျပ် သုံးသောင်းအထိ ထည့်ရကြောင်း ၎င်းဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောသည်။
ထို့အပြင် စစ်ကော်မရှင်၏ စစ်မှုထမ်းကြေးကို လစဉ် ထည့်ရသည့်အပြင် ပအိုဝ်းပြည်သူ့စစ် PNO ဘက်မှ ကောက်သည့် ဆက်ကြေးကိုလည်း ခြောက်လလျှင် တစ်ကြိမ် ထည့်နေရသောကြောင့် ငွေကြေးအခက်အခဲ ရှိနေကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“စစ်ကော်မရှင်ဘက်ကိုလည်း လတိုင်းငွေထည့်ရတယ်။ PNO ဘက်ကိုလည်း တစ်သောင်း ထည့်ရတယ်။ ကြားထဲမှာ ဟိုဟာဖိုး ဒီဟာဖိုး ကောက်တာ မပါသေးဘူး။ တစ်လ လေးသောင်းလောက် သူတို့ကို ထည့်နေရတာ။ အလုပ်အကိုင်ကလည်း အဆင်မပြေဘူး၊ ကိုယ်စားဖို့ အသာထား သူတို့အတွက်ပဲ ထည့်နေရတာ”ဟု အဆိုပါ ပုံးအင်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ဆက်လက်ပြီး အေးသာယာမြို့တွင်လည်း စစ်မှုထမ်းကြေးများကို ယခင်က တစ်အိမ်လျှင် ငွေကျပ် ၃သောင်းသာ ကောက်ခံသော်လည်း လာမည့် ဒီဇင်ဘာလမှ စ၍ တစ်အိမ်လျှင် ငွေကျပ် နှစ်သိန်းအထိ တိုးမြှင့်ကောက်ခံမည်ဟု အုပ်ချုပ်ရေးမှူးများက ရပ်ကွက်အလိုက် အသိပေးထားကြောင်း သိရသည်။
စစ်ကော်မရှင်တပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်မှုထမ်းဥပဒေကို အတည်ပြုပြဌာန်းခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဒေသတွင်း ငွေကြေးကောက်ခံ၍ စစ်မှုထမ်း လူစားထိုးရန် ငှားရမ်းခဲ့ကြပြီး ပျူစောထီးနှင့် စစ်ကော်မရှင်တပ်သားများက မူးယစ်ဆေးဝါး သုံးစွဲသူများ၊ လမ်းသွားလမ်းလာ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများလည်း ရှိခဲ့သည်။
ယခုလက်ရှိတွင် စစ်ကော်မရှင်တပ် ဖွင့်လှစ်သည့် စစ်မှုထမ်းအမှတ်စဉ် ၁၅ အထိ ရှိနေပြီး သင်တန်းဆင်း စစ်မှုထမ်းတပ်သားသစ်များကို စစ်မြေပြင် ရှေ့တန်းပို့သည့်အပြင် ရာထူးနှင့် ဆုကြေးများဖြင့် စစ်ကော်မရှင်တပ်ထဲ အမြဲတမ်းတပ်သားအဖြစ် တာဝန်ထမ်းဆောင်ရန် ဖြားယောင်းသွေးဆောင်နေကြောင်း သိရသည်။












Leave a Comments