စပါးကျီအစား အကြွေးကျီသာ ပြည့်နှက်နေသည့် ပုံးအင်းလွင်ပြင်

စပါးရိတ်သိမ်းပြီးစ ရိုးပြတ်များသာ ကျန်ရှိတော့သည့် ပုံးအင်းလွင်ပြင်၏ တိတ်ဆိတ်ခြောက်ကပ်နေသော မြင်ကွင်းကို ငေးကြည့်ရင်း အသက် ၄၀ အရွယ် နန်းဟွမ်တယောက် သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။

လယ်ကွင်းထဲတွင် ရိတ်သိမ်းစရာ စပါးနှံများ မရှိတော့၍ အလုပ်အားသွားပြီ ဖြစ်သော်လည်း သူမ၏ ရင်ထဲတွင် ရှေ့ဆက်ရမည့် ဘဝခရီးအတွက် ပူပန်မှုများက အပြည့်နေရာယူထားဆဲ ဖြစ်သည်။

“စပါးတော့ ရိတ်သိမ်းပြီးပြီ၊ ဒါပေမဲ့ အထွက်နှုန်းက မကောင်းဘူး။ အရင်က ထမင်းငါးအိုးစာ ထွက်တဲ့နေရာမှာ အခုက လေးအိုးစာပဲ ရတော့တယ်။ စပါးဈေးကလည်း မရဘူး၊ ကုန်ဈေးနှုန်းတွေကတော့ အကုန်တက်နေတာပဲ” ဟု စပါးစိုက်ခင်းများ၏ အလယ်တွင် ရပ်ရင်း နန်းဟွမ်က ပြောသည်။

တချိန်က “ဒုတိယအင်းလေး” ဟု တင်စားခံခဲ့ရပြီး သျှမ်းပြည်တောင်ပိုင်း၏ အဓိက စပါးကျီဖြစ်ခဲ့သော ပုံးအင်းဒေသသည် ယနေ့တွင် တောင်သူတို့အတွက် အကြွေးကျီတစ်ခု ဖြစ်လာနေသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှု၊ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်မှုနှင့် ရာသီဥတု ဖောက်ပြန်မှုများကြောင့် တောင်သူများသည် ရုန်းထွက်ရန် ခက်ခဲသော အကြွေးသံသရာထဲတွင် ပိတ်မိနေကြပြီ ဖြစ်သည်။

ထိုသိန်းရာချီသည့် အကြွေးနွံနစ်မှုသည် ပုံးအင်းဒေသတစ်ခုတည်း မဟုတ်ဘဲ ပြည်တွင်းစစ်ရေးပဋိက္ခနှင့် ကမ္ဘာ့ပထဝီ နိုင်ငံရေးရိုက်ခတ်မှုများကြောင့် သျှမ်းကုန်းပြင်မြင့်ရှိ တောင်သူတစ်ရပ်လုံး ရင်ဆိုင်နေရသည့် ပကတိအခြေအနေမှန် ဖြစ်ကြောင်း ယခုဆောင်းပါးတွင် ဖော်ပြထားသည်။

ကုန်ဈေးနှုန်း ဂယက်နှင့် ကျပ်တည်းလာသော ဝမ်းရေး

နန်းဟွမ်သည် လယ် ၆ ဧက ကို ဦးဆောင်စိုက်ပျိုးရင်း မိသားစု၏တာဝန်ကို တစ်ဦးတည်း ထမ်းဆောင်နေရသည့် ကလေးသုံးယောက်မိခင် ဖြစ်သည်။

သူမ၏ ပုခုံးပေါ်တွင် ပညာသင်နေသည့် ကလေးသုံးဦး၊ အိုမင်းမစွမ်းသော မိခင်နှင့် လေဖြတ်နေသည့် ခဲအိုတဦးတို့၏ စားဝတ်နေရေးနှင့် ဆေးဝါးစရိတ်များက ဝန်ထုတ်ဝန်ပိုးကြီးသဖွယ် တင်ရှိနေသည်။

ထိုမိသားစုကြီး၏ ကံကြမ္မာသည် နန်းဟွမ်၏ လယ်ကွက်များအပေါ်တွင်သာ လုံးလုံးလျားလျား မှီခိုနေရသော်လည်း လက်ရှိ ကုန်ဈေးနှုန်းဂယက်က သူမအား အကျပ်ရိုက်စေသည်။

ယခင်က စားသုံးဆီတစ်ဗူးလျှင် ငွေကျပ် ၁၂,၀၀၀ (တသောင်းနှစ်ထောင်) သာ ကျသင့်ရာမှ လက်ရှိတွင် ငွေကျပ် ၁၅,၅၀၀ (တသောင်းငါးထောင် ငါးရာ) အထိ မြင့်တက်သွားပြီ ဖြစ်သည်။

ထို့အတူ ကြက်ဥတလုံးလျှင် ငွေကျပ် ၁၀၀( တရာ) မျှသာ ရှိခဲ့ရာမှ ယခုအခါ ငွေကျပ် ၆၀၀ (ခြောက်ရာ) အထိ ပေးဆောင်၍ ဝယ်ယူနေရသည်ဟု နန်းဟွမ်က လက်ရှိကုန်ဈေးနှုန်း မတည်ငြိမ်မှုအခြေအနေကို ရှင်းပြသည်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှု၊ ကျပ်ငွေတန်ဖိုးကျဆင်းမှုနှင့် စက်သုံးဆီ ဈေးနှုန်းမြင့်တက်မှုတို့ကြောင့် အခြေခံကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာနေခြင်း ဖြစ်သည်။

၂၀၂၆ ခုနှစ် ဇွန်လတွင် ထုတ်ပြန်သည့် စာနပ်ရိက္ခာဈေးနှုန်း အစီရင်ခံစာအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန်ဈေးနှုန်းမှာ ယခင်နှစ်ထက် ၅.၂( ငါးဒသမနှစ်) ရာခိုင်နှုန်း မြင့်တက်နေပြီး အသားနှင့် ငါးဈေးနှုန်းများမှာလည်း စံချိန်တင် အမြင့်ဆုံးအဆင့်တွင် ရှိနေသည်။

အထူးသဖြင့် မိသားစုကို တစ်ကိုယ်တည်း ဦးဆောင်နေရသော နန်းဟွမ်အဖို့ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာ မှုကြောင့် ဝမ်းရေးအတွက် အာဟာရကိုပင် လျှော့ချခြေတာနေရသည်။

“အာဟာရဖြစ်အောင် ချွေတာစား နေရတာပေါ့။ ကလေးတွေ မုန့်ဖိုးတောင် အရင်က ၃,၀၀၀ (သုံးထောင်) ပေးနိုင်ပေမဲ့ အခု ၁,၀၀၀ (တထောင်) ပဲ ပေးနိုင်တော့တယ်” ဟု နန်းဟွမ်က ဆက်ပြောသည်။

အခြေအနေမှာ ထိုထက်ပို၍ ပိုမိုဆိုးဝါးလာပါက ကလေးများ ပညာတပိုင်းတစနှင့် ကျောင်းထွက်ရမည့် အန္တရာယ်နှင့်လည်း ရင်ဆိုင်နေရကြောင်း ၎င်းက ဆိုသည်။

ကလေးများ ကျောင်းမထွက်ရစေရန် အတိုး ၂ (နှစ်) ရာခိုင်နှုန်းဖြင့် ငွေချေးထားရပြီး၊ စိုက်ပျိုးစရိတ်အတွက်လည်း အစိုးရဘဏ်ထံမှ ချေးငွေလျှောက်ထားသော်လည်း အချိန်မီမကျလာသဖြင့် ပြင်ပမှ အတိုးကြီးသော ချေးငွေများကို သာ အားကိုးနေရကြောင်း နန်းဟွမ်က ပြောပြသည်။

မြင့်မားသည့် အတိုးများကြောင့် အချို့လယ်သမားများမှာ တစ်ဦးလျှင် သိန်း ၈၀ (ရှစ်ဆယ်) ခန့်အထိ အကြွေးတင် နေကြသည်။

ပုံးအင်းဒေသ (သို့မဟုတ်) ဒုတိယအင်းလေး

သျှမ်းပြည်တောင်ပိုင်း တောင်ကြီး၊ ဟိုပုံးနှင့် ဆီဆိုင်မြို့နယ်ကြားရှိ ပုံးအင်းဒေသသည် သဘာဝအလှနှင့် နာမည်ကျော် နောင်မွန်ရှမ်းဆန်ကြောင့် ‘ဒုတိယအင်းလေး’ ဟု တင်စားခံခဲ့ရသည်။

ကျေးရွာပေါင်း ၆၀(ခြောက်ဆယ်) ကျော်၊ စပါးဧက သုံး သောင်းကျော်ရှိသည့် အဆိုပါဒေသတွင် ဒယ်အိုးသဏ္ဌာန် မြေမျက်နှာသွင်ပြင် ကြောင့် ကုန်းခြောက်လ၊ ရေခြောက်လ ဖြစ်ပေါ်တတ်သည်။

ပုံးအင်းဒေသ၏ စိုက်ပျိုးရေးမှာ ထူးခြားလှသည်။ စပါးစိုက်ချိန်တွင် ရေရှားသဖြင့် ကုန်းပေါ်၌ စိုက်ရသော်လည်း ရိတ်သိမ်းချိန်တွင် တောင်ကျရေများကြောင့် ခါးလောက်ရှိသည့် ရေထဲငုပ်၍ ရိတ်ကြရသည်။

“ခါးလောက်ရှိတဲ့ ရေထဲမှာ စပါးရိတ်၊ ဝါးစင်ထိုးပြီး နေလှန်းရတဲ့ ဒုက္ခတွေကို ကျနော်တို့ ကျော်ဖြတ်နိုင်ပေမဲ့ ကုန်ဈေးနှုန်းကိုတော့ မကျော်နိုင်တော့ဘူး” ဟု ပုံးအင်းလယ်သမား စိုင်းမောင်က ဖွင့်ဟလာသည်။

များများစိုက်လေ အကြွေးတင်လေ

၂၀၁၉ ခုနှစ်က တစ်ဧက စိုက်ပျိုးစရိတ် ကျပ် သုံးသိန်းဝန်းကျင်သာ ရှိခဲ့သော်လည်း ယခု ၂၀၂၆ ခုနှစ်တွင် ဒီဇယ်နှင့် ကုန်ကျစရိတ်များကြောင့် ၁၈(တဆယ်ရှစ်) သိန်းအထိ ခုန်တက်သွားသည်။

“မြေဩဇာ တစ်အိတ် တသိန်း ရှစ်သောင်း၊ လယ်ထွန်ဖို့ ဒီဇယ်က တစ်ဧက လေးသိန်းကျော် ကုန်တယ်။ ပျိုးခင်း၊ လုပ်သားခနဲ့ ရိတ်သိမ်းခတွေ အကုန်ပေါင်းရင် တစ်ဧက တဆယ်ရှစ် သိန်းလောက် ကုန်တယ်” ဟု စိုင်းမောင်က တွက်ပြသည်။

သို့သော် ပြန်ရောင်းလျှင် တစ်ဧက ၁၅ (တဆယ်ငါး) သိန်းခန့်သာရသဖြင့် တစ်ဧကလျှင် အနည်းဆုံး သုံး သိန်းကျော် အရှုံးပေါ်နေခြင်း ဖြစ်သည်။

နိုင်ငံတကာ စားနပ်ရိက္ခာမူဝါဒ သုတေသနအဖွဲ့ (IFPRI) ၏ ၂၀၂၆ ခုနှစ် မေလထုတ် အစီရင်ခံစာအရ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်အတွင်း တစ်ဧကချင်းစီ၏ စုစုပေါင်း ကုန်ကျစရိတ်မှာ ၆၃ (ခြောက်ဆယ့်သုံး) ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။

အထူးသဖြင့် ဓာတ်မြေသြဇာ ဈေးနှုန်း ၂၃ (နှစ်ဆယ်သုံး) ရာခိုင်နှုန်းနှင့် ထွန်ယက်ခ ၅၅ (ငါးဆယ့်ငါး) ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်းသည် တောင်သူတို့၏ အကျိုးအမြတ်ကို ၄၀ (လေးဆယ်) ရာခိုင်နှုန်းအထိ ကျဆင်းသွားစေကာ လွန်ခဲ့သည့်ခြောက် နှစ်အတွင်း အမြတ်အနည်းဆုံး အခြေအနေသို့ ရောက်ရှိသွားစေခြင်း ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

“စပါးပေါ်လာရင်လည်း ဆပ်ဖို့၊ ပေးဖို့ အကြွေးတွေက ဝိုင်းနေတာ။ အရင်းအနှီးတောင် ပြန်မရဘူး။ အရင်တုန်းက နည်းနည်းစိုက်ရင် များများရပေမဲ့ အခုက များများစိုက်ရင် အကြွေးတင်လေလေပဲ” ဟု နန်းဟွမ်က ဝမ်းနည်းစွာဖြင့် ပြောသည်။

စိုက်ပျိုးစရိတ် မြင့်မားမှုအပြင် ခိုင်မာသည့် ဈေးကွက်မရှိခြင်းကြောင့်လည်း တောင်သူများမှာ ကုန်သည်တို့၏ ဈေးနှိမ်မှုကို ရသလောက်ဈေးဖြင့် အရှုံးခံရောင်းချနေရသည်။

“တောင်သူတွေရဲ့ ဒုက္ခက စိုက်ပျိုးစရိတ်ကြီးတာ တစ်ခုတည်း မဟုတ်ဘူး။ စပါးပေါ်ချိန်ရောက်ရင် ကုန်သည်တွေက ဈေးကစားပြီး ဈေးနှိမ်ကြတယ်။ ကျနော်တို့မှာက အကြွေးဆပ်ဖို့ကလည်း ရှိ၊ နောက်ရာသီအတွက် အရင်းအနှီးကလည်းလိုတော့ ရသလောက်ဈေးနဲ့ ရောင်းလိုက်ရတာပဲ” ဟု စိုင်းမောင်က ရှင်းပြသည်။

ဈေးကွက်မရှိပါက လယ်ရောင်း၍ အကြွေးဆပ်ရမည့် အခြေအနေကြောင့် အချို့တောင်သူများမှာ စီးပွားဖြစ် မစိုက်နိုင်တော့ဘဲ ကိုယ်စားရန်လောက်သာ တစ်ပိုင်တစ်နိုင် စိုက်ပျိုးသည့် အဆင့်သို့ ဆိုက်ရောက်နေပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုဈေးကွက်မတရားမှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ်တောင်သူလယ်သမားများကွန်ယက် (SSFN) ၏ ကိုယ်စား နန်းလောဝ်က“လက်ရှိ တောင်သူတွေကြုံတွေ့နေရတာဟာ သီးနှံ ဈေးကွက်ဈေးနှုန်း ဆုံးဖြတ်ပိုင်ခွင့်တွေက ဒေသခံ တောင်သူတွေ လက်ထဲမှာမရှိနေတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ဈေးနှုန်း ဆုံးဖြတ်ပိုင်ခွင့်ကို တောင်သူတွေ လက်ထဲ မဖြစ်မနေ အပ်နှင်းပေးဖို့ လိုအပ်ပါတယ်” ဟု ထောက်ပြသည်။

ယနေ့ခတ် စိုက်ပျိုးရေးစနစ်တွင် ကုမ္ပဏီထုတ် ဓာတုစပ်မျိုးစေ့များနှင့် သွင်းအားစုများအပေါ် လုံးဝမှီခိုလာရ ခြင်းကြောင့် စိုက်ပျိုးရေးစရိတ်များ ကြီးမြင့်လာပြီး တောင်သူများကို ပိုမိုအကျပ်ရိုက်စေသည်ဟု ၎င်းက ဆိုသည်။

အဆိုပါ ကုမ္ပဏီထုတ် စပ်မျိုးစေ့များသည် အရင်းအနှီး ကြီးမာသည့်အပြင် ရာသီဥတု ဖောက်ပြန်မှုကို ရင်ဆိုင်နိုင်စွမ်း နည်းပါးကြောင်း၊ ဓာတုသွင်းအားစုများကို လွန်ကဲစွာ သုံးစွဲရခြင်းကြောင့်လည်း မြေဆီလွှများ ပျက်စီးကာ ဒေသတွင်း၌ တစ်ခါမျှ မမြင်ဖူးသော ပိုးမွှားနှင့် ခရုအန္တရာယ်များ ပေါက်ဖွားလာရကြောင်း ဆိုသည်။

တစ်ပူပေါ် နှစ်ပူဆင့်

တောင်သူတို့အပေါ် ရက်စက်သည်မှာ ကုန်ဈေးနှုန်းနှင့် ဈေးကွက်ပျက်စီးမှုတင် မဟုတ်ဘဲ ရာသီဥတုကလည်း တစ်လှည့်စီ နှိပ်စက်နေသည်။

ယခုနောက်ပိုင်းတွင် ရာသီဥတု ဖောက်ပြန်မှုကြောင့် မိုးပြင်းထန်လာခြင်း၊ တောင်ကျရေနှင့်အတူ ပါလာသော နုန်းမြေများကြောင့် ပုံးအင်းဒေသရှိ ချောင်းရိုးများ ပိတ်ဆို့ကာ ရေနုတ်မြောင်းများ တိမ်ကောလာခြင်းတို့က မကြုံစဖူး ရေကြီးရေလျှံမှုများကို ဖြစ်ပေါ်စေခဲ့သည်။

၎င်း၏ နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် ၂၀၂၄ ခုနှစ်အတွင်း ဝင်ရောက်ခဲ့သော “ရာဂီ” မုန်တိုင်းကြောင့် စပါးစိုက်ခင်း ဧကပေါင်း ၉,၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရသည်။

ထိုဒဏ်ကို အလူးအလဲ ခံခဲ့ရသည့် တောင်သူများသည် နောက်ဆုံးလက်ကျန် အရင်းအနှီးကို စိုက်ထုတ်၊ အကြွေးများ ထပ်ယူကာ စပါးပြန်စိုက်ခဲ့ကြသော်လည်း ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် “ဝီဖာ” မုန်တိုင်းအရှိန်ကြောင့် နွေစပါး ဧက ၃,၀၀၀ ကျော် ထပ်မံရေနစ်မြှုပ်ခဲ့ရပြန်သည်။

နှစ်စဉ်ကြုံတွေ့ရသည့် ရေကြီးမှုနှင့် စပါးဈေးမရှိခြင်းတို့ကြောင့် တောင်သူများသည် အကြွေးသံသရာမှ ပိတ်မိနေစေရုံ သာမက လက်ရှိတွင် ချောင်းချစရာ ပိုင်ဆိုင်မှုပင် မကျန်တော့သည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

“အရင်က ရွှေရှိရင် ရွှေရောင်း၊ ကျွဲရှိရင် ကျွဲရောင်းပြီး စိုက်ခဲ့ကြပေမဲ့ အခုတော့ ရောင်းစရာ ကျွဲလည်းမရှိ၊ ရွှေလည်း မရှိတော့ဘူး” ဟု စိုင်းမောင်က ၎င်းတို့၏ ကုန်ခမ်းသွားသော ဘဝအခြေအနေကို ဝမ်းနည်းစွာဖြင့် ပြောပြသည်။

မူဝါဒနှင့် လက်တွေ့ ကွာဟချက်

အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က မြန်မာနိုင်ငံကို ကမ္ဘာ့စားနပ်ရိက္ခာ ဖြည့်ဆည်းပေးနိုင်သည့် “ကမ္ဘာ့စပါးကျီ” အဖြစ် ပြန်လည်ဖော်ဆောင်ပြီး “မြန်မာ့ပေါ်ဆန်း တစ်ခေတ်ဆန်းစေရမည်” ဟု အစိုးရရက်ပေါင်း (၁၀၀) ပြည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။

၎င်း၏ အဆိုအရ မြန်မာနိုင်ငံတွင် စပါးစိုက်ဧက ၁၇ ဒသမ ၇ သန်းရှိပြီး ဆန်နှင့် ဆန်ကွဲ တင်ပို့မှုကို တန်ချိန် ၃ သန်းမှ ၅ သန်းအထိ တိုးမြှင့်ရန် ရည်မှန်းထားသည်ဟု ဆိုသည်။

သို့သော် လက်တွေ့မြေပြင်တွင်မူ နိုင်ငံတစ်ဝန်း ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိက္ခများနှင့် မကြာခဏ ကြုံတွေ့နေရသည့် သဘာဝဘေးအန္တရာယ်များကြောင့် စိုက်ဧကများမှာ တစ်နှစ်ထက်တစ်နှစ် လျှော့နည်းလာနေသည်။

နိုင်ငံတကာ စားနပ်ရိက္ခာမူဝါဒ သုတေသနအဖွဲ့ (IFPRI) ၏ အဆိုအရ သွင်းအားစုစရိတ်ကြီးမြင့်မှုနှင့် သဘာဝ ဘေးအန္တရာယ်များကြောင့် ၂၀၂၅ ခုနှစ် မိုးစပါးထုတ်လုပ်နိုင်စွမ်းသည် ၂၀၂၃ ခုနှစ်နှင့် နှိုင်းယဉ်ပါက ၈ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့သည်။

မြန်မာနိုင်ငံတွင် လောင်စာဆီနှင့် မြေသြဇာဈေးနှုန်းများ အဆမတန် မြင့်တက်နေခြင်းသည် တိုင်းပြည်အတွက် အဆိုးရွားဆုံးအချိန်၌ အခက်ခဲဆုံးသော အကျပ်အတည်းတစ်ခု ဖြစ်နေကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် (WFP) က ဧပြီလ ၁၈ ရက်နေ့တွင် သတိပေး ထုတ်ပြန်ထားသည်။

ဈေးနှုန်းမြင့်တက်မှုကြောင့် ဝယ်ယူရန်ခက်ခဲမှုတို့ကြောင့် တောင်သူများက မြေသြဇာသုံးစွဲမှုကို လျှော့ချလာကြရာ စပါးစိုက်ရာသီတွင် မြေသြဇာသုံးစွဲမှု ၅၀ ရာခိုင်နှုန်းအထိ လျော့နည်းသွားပါက သီးနှံအတွက်နှုန်းမှာ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်ကြောင်း WFP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုအခြေအနေသည် ဆန်းဈေးနှုန်းများကို ပိုမိုမြင့်တက်စေပြီး နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံမှုအပေါ် စိုးရိမ်ဖွယ်ရာ ခြိမ်းခြောက်မှု ဖြစ်လာနိုင်သကဲ့သို့ အဆိုပါရိုက်ခတ်မှုဒဏ်ကို ဝင်ငွေနည်းမိသားစုများ၊ တစ်ပိုင်တစ်နိုင် လယ်သမားများနှင့် ပဋိက္ခဒေသမှ ပြည်သူများ အဆိုးရွားဆုံး ခံစားရနိုင်ကြောင်းလည်း WFP ကဆိုသည်။

ထို့သို့ စိုက်ဧကနှင့် အထွက်နှုန်း လျော့ကျနေချိန်တွင် အစိုးရပေးသည့် စိုက်ပျိုးစရိတ်ချေးငွေမှာ တစ်ဧက ၃ သိန်းထက်မပိုဘဲ ဓာတ်မြေဩဇာ တစ်အိတ်လျှင် ၁၈၀,၀၀၀ ကျော် ပေါက်ဈေးရှိနေသဖြင့် စိုက်ပျိုးစရိတ်၏ ထက်ဝက်ပင် မရှိတော့ပေ။

ပိုဆိုးသည်မှာ စိုက်ပျိုးရေးဘဏ်သည် ငွေကို စိုက်ပျိုးချိန်တွင် မထုတ်ပေးဘဲ ရိတ်သိမ်းချိန်မှသာ ထုတ်ပေးလေ့ရှိ သဖြင့် တောင်သူများအတွက် အားကိုးရာမဖြစ်ဘဲ အခက်ကြုံနေရသည်။

“အခုအခြေအနေက လူနာကို ခွဲစိတ်ခန်းပို့မှာကို ဆေးမီးတိုးနဲ့ ကုနေသလိုပဲ” ဟု စိုင်းမောင်က ထောက်ပြလိုက်သည်။

အစိုးရက ထုတ်ပေးသည့် တစ်ဧက ၃ သိန်း ချေးငွေနှင့် ပတ်သက်၍ (SSFN) ၏ ကိုယ်စား နန်းလောဝ်ကမူ ထိုချေးငွေသည် ဘာမှလုပ်လို့မရသလို၊ မြေပြင်ကုန်ဈေးစရိတ်၏ ၁၀ ရာခိုင်နှုန်းတောင် မကာမိကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနေ့ခေတ် ကုန်ဈေးနှုန်းအရ ကျပ် ၃ သိန်း ချေးငွေဆိုတာ ဘာမှလုပ်လို့မရသလို မြေပြင်စိုက်ပျိုးစရိတ်ရဲ့ ၁၀ ရာခိုင်နှုန်းတောင် မကာမိပါဘူး။ သီးနှံပေါ်ချိန်မှာ အရင်းအရောအတိုးပါ ပြန်ဆပ်ရတဲ့အပြင် အမြတ်တင်ထားတဲ့ ကုမ္ပဏီထုတ် စပ်မျိုးစေ့တွေကိုပါ ထုတ်ချေးပေးတာမျိုး ရှိတဲ့အတွက် တောင်သူတွေကို ပိုပြီး အကြွေးနွံနစ် စေပါတယ်” ဟု နန်းလောဝ်က ပြောသည်။

ထို့အပြင် အစိုးရသည် တောင်သူများ၏ ဘဝလုံခြုံရေးထက် အဂတိလိုက်စားမှု ပိုလွယ်ကူသည့် ကုမ္ပဏီထုတ် စပ်မျိုးစေ့နှင့် သွင်းအားစုများကိုသာ မှီခိုရန် တွန်းအားပေးနေကြောင်း ၎င်းက ဆိုသည်။

ထို့ကြောင့် ကုမ္ပဏီအပေါ် မှီခိုရသည့် စနစ်ကိုစွန့်ပြီး သီးနှံစုံ သဘာဝစိုက်ပျိုးရေးစနစ်ကို ပြန်လည်အားပေးမည့် မူဝါဒမျိုး ပြောင်းလဲချမှတ်ရန် (SSFN)က တောင်းဆိုထားသည်။

အုပ်ချုပ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ဖိအားများ

စီးပွားရေး ကျပ်တည်းမှုအပြင် ဒေသတွင်း လက်နက်ကိုင်အဖွဲ့အစည်းများ၏ ငွေကြေးကောက်ခံမှုနှင့် စစ်မှုထမ်းဥပဒေက တောင်သူများအတွက် အကြီးမားဆုံး အိပ်မက်ဆိုး ဖြစ်လာသည်။

“ရွာမှာ စစ်တပ်က ကောက်လိုက်၊ PNO ပြည်သူ့စစ်က ကောက်လိုက်နဲ့ ပေးနေရတာ။ ပိုက်ဆံမရှိရင် နေ့စားလိုက်ရတယ်၊ ထိုင်းက သားသမီးဆီ တောင်းရတယ်။ မထည့်ရင်လည်း ပြည်သူ့စစ်ထဲ ဆွဲခေါ်သွားမှာ ကြောက်ရတယ်လေ” ဟု နန်းဟွမ်က သူမ၏ စိုးရိမ်မှုကို ပြောပြသည်။

အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ ပအိုဝ်းပြည်သူ့စစ် (PNO) မှ ဗိုလ်မှူး သန်းကြွယ်က ၎င်းတို့အနေဖြင့် စစ်မှုထမ်း ခေါ်ယူခြင်း မဟုတ်ဘဲ ကျေးရွာကာကွယ်ရန် သင်တန်းပေးခြင်းသာ ဖြစ်ကြောင်း ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း သျှမ်းသံတော်ဆင့်ကို ပြောဆိုခဲ့ဖူးသည်။

သို့သော် မြေပြင်တွင် နိုင်ငံရေးမတည်ငြိမ်မှုနှင့် စစ်မှုထမ်းရန် ဖိအားများကြောင့် ဒေသခံလူဦးရေ၏ လေးပုံတစ်ပုံခန့်မှာ အိမ်နီးချင်း ထိုင်းနိုင်ငံသို့ အလုံးအရင်းဖြင့် ထွက်ပြေးတိမ်းရှောင်သွားကြကြောင်း ဒေသတွင်း ကောက်ယူရရှိထားသည့် စာရင်းအချက်အလက်များအရ သိရသည်။

အထူးသဖြင့် ဒေသခံလူငယ်အများအပြား ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားကြရာ ကျေးရွာများ၌ သက်ကြီးရွယ်အိုနှင့် ကလေးများသာ ကျန်ရစ်ကာ လုပ်သားရှားပါးမှု အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။

လုပ်သား ရှားပါးမှုကြောင့် ပုံးအင်းဒေသတွင် အလုပ်သမားတစ်ဦး၏ နေ့စားခမှာ ကျပ် ၁၅,၀၀၀ မှ ၂၀,၀၀၀ အထိ မြင့်တက်လာသော်လည်း အလုပ်မည့်သူ ရှာမရပေ။

ထို့အပြင် တောင်သူများသည် စစ်မှုထမ်းကြေး၊ လုံခြုံရေးစရိတ်မှအစ ဘုရားပွဲနှင့် ဘောလုံးပွဲကြေးအထိ ခေါင်းစဉ်မျိုးစုံဖြင့် စစ်ကော်မရှင်တပ်နှင့် PNO တို့ကို တစ်နှစ်လျှင် အနည်းဆုံး ကျပ် ၄ သိန်းမှ ၅ သိန်းခွဲအထိ ဆက်ကြေးသဖွယ် ပေးဆောင်နေရကြောင်း ဒေသခံများက ဆိုသည်။

“အခုက နွားကို အစာမကျွေးဘဲ နွားနို့ချည်း ညှစ်ထုတ်နေသလိုမျိုး ဖြစ်နေတယ်။ အစာမစားရတဲ့နွားက မကြာခင် သေတော့မှာ။ နွားသေရင်တော့ နွားနို့ညှစ်တဲ့ သခင်လည်း သေမှာပဲ” ဟု စိုင်းမောင်က ခိုင်းနှိုင်းပြီး ပြောဆိုလိုက်သည်။

စစ်မှုထမ်းဥပဒေကြောင့် သျှမ်းပြည်တစ်ဝှမ်းရှိ လူငယ်များ အလုံးအရင်းဖြင့် ထွက်ခွာသွားသဖြင့် လုပ်အားခများ အဆမတန် မြင့်မားလာပြီး စိုက်ပျိုးရေးဧရိယာများကို လျှော့ချလာရကြောင်း (SSFN) က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒါဟာ သျှမ်းပြည်ရဲ့ စားနပ်ရိက္ခာ ဖူလုံရေးနဲ့ အချုပ်အခြာအာဏာအတွက် အလွန်ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်ပါတယ်။ ဒီအတိုင်းသာ ဆက်ဖြစ်နေမယ်ဆိုရင် ဒေသတွင်း စိုက်ပျိုးရေး စနစ်တစ်ခုလုံး ပြိုလဲသွားနိုင်တယ်” ဟု (SSFN) ၏ ကိုယ်စား နန်းလောဝ်က သတိပေးသည်။

ထိုအခြေအနေမှ ရုန်းထွက်နိုင်ရန်အတွက် တောင်သူများအနေဖြင့် စီးပွားဖြစ် တစ်မျိုးတည်း စိုက်ပျိုးသည်ထက် မိသားစုစားသုံးရန် စိုက်ပျိုးခြင်းကို ဦးစားပေးကြရန်နှင့် ဒေသမျိုးစေ့များကိုလည်း ပြန်လည်ထိန်းသိမ်းကြရန် SSFN က တိုက်တွန်းထားသည်။

ထို့အပြင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လည်း ဒေသခံများ၏ စားနပ်ရိက္ခာ အချုပ်အခြာအာဏာကို ထိခိုက်စေမယ့် သတ္တုတူးဖော်ခြင်းများကို ရပ်တန့်ပေးရန်နှင့် တောင်သူများ၏ မြေယာပိုင်ဆိုင်ခွင့်၊ ဆုံးဖြတ်ခွင့် များကို အသိအမှတ်ပြုပေးဖို့ ၎င်းတို့က တောင်းဆိုထားသည်။

“ဖြစ်နိုင်ရင်တော့ ကျမတို့အတွက် ဈေးကွက်ရှာပေးစေချင်တယ်။ ကျမတို့ စပါးရောင်းဖို့ ဈေးကွက်မရှိတော့ရင် လယ်ရောင်းပြီး အကြွေးပြန်ဆပ်ဖို့ပဲ ကျန်တော့တယ်” ဟု နန်းဟွမ်က စပါးဈေးကွက်အား ရှာပေးရန် တောင်းဆို လိုက်သည်။

စပါးကျီတို့ ပြည့်နှက်နေရမည့်အစား အကြွေးကျီတို့ဖြင့်သာ ရင်လေးနေရသည့် ပုံးအင်းတောင်သူတို့၏ ဘဝသည် လာမည့်နှစ် စိုက်ပျိုးရာသီတွင် သဘာဝဘေးဒဏ်အောက် ပြန်လည်ကျရောက်ဦးမည်လော၊ သို့မဟုတ် ရုန်းမထွက်နိုင်သော ကြွေးနွံထဲ၌သာ ထာဝရ နစ်မြုပ်ကျန်ရစ်လေမည်လော ဆိုသည်မှာကား ရင်လေးဖွယ်ရာပင်…။

မှတ်ချက်။ ။လုံခြုံရေးအခြေအနေကြောင့် ဆောင်းပါးပါ ပုဂ္ဂိုလ်များ၏ အမည်များကို အမည်လွှဲများဖြင့်သာ အသုံးပြုထားပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

ပုံးအင်းဒေသ ဆန်စပါးဈေးနှုန်း ကျဆင်း၊လယ်သမားများ အရှုံးပေါ်နေ

0
သျှမ်းပြည် တောင်ပိုင်း ပုံးအင်းဒေသတွင် ဆန်စပါးဈေးနှုန်းများ ကျဆင်းခြင်းကြောင့် လယ်သမားများ အရှုံးနှင့် ရင်ဆိုင်နေရကြောင်း စုံစမ်းသိရသည်။ ယခု ဇွန်လလယ်ပိုင်းမှစတင်၍ လယ်သမားများက စပါးများကို ထုတ်ရောင်းနေကြသော်လည်း စပါးဈေး ကျဆင်းနေပြီး ဝယ်ယူသူနည်းပါးနေကြောင်း သိရသည်။ လက်ရှိတွင် ပုံးအင်းဒေသ၌ ရွှေအပ်စပါး တစ်ပိဿလျှင် ၁၀၀၀ ကျပ်သာ ရရှိနေပြီး၊ ၂၀၂၅...

စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်မှုနှင့် တောင်သူအကျပ်

0
၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်ဆနီးပါး တိုးမြှင့်ထုတ်ချေးပေးမည်ဟု စစ်ကော်မရှင် လက်အောက်ခံ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ စပါးတစ်ဧကလျှင် ၁ သိန်းခွဲကျပ်မှ ၃ သိန်းကျပ်အထိ တိုးမြှင့်ပေးလိုက်သော်လည်း မြေပြင်တွင် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့်...

ခရုနီကြောင့် ပုံးအင်းဒေသ စပါးခင်းများ ပျက်စီးနေ

0
သျှမ်းပြည် တောင်ကြီး၊ ဆီဆိုင်နှင့် ဟိုပုံးမြို့နယ့်အတွင်းရှိ ပုံးအင်းဒေသတွင် ခရုနီများ အဆမတန်ပွားများလာခြင်းကြောင့် စပါးခင်းများ ပျက်စီးနေကြောင်း ပုံးအင်းတောင်သူများထံမှ သိရသည်။ နမ့်တဘက်ချောင်းကို မှီတင်းနေထိုင်ကြသည့် ပင်လွန်၊ နောင်စန့်၊ ပင်မွန်း၊ ဖက်ကွန် အပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်တွင် ခရုနီများသည် စပါးစိုက်ခင်းများကို အလျင်အမြန် ပျက်စီးနေကြောင်း...

လုပ်သားရှားပါးမှုကြောင့် ရှေ့နှစ်ဆန်ရှားပါးမှု ပြဿနာဖြစ်လာနိုင်

0
သျှမ်းပြည်တောင်ပိုင်းရှိ ပုံးအင်းဒေသတွင် ပုံမှန်အားဖြင့် ယခုအချိန် (မတ်လ) ကာလသည် နွေစပါး စိုက်ပျိုးရန် ပြင်ဆင်နေကြသည့် အလုပ်အများဆုံး အချိန်ဖြစ်သည်။ သို့သော် ယခုနှစ် ၂၀၂၆ တွင် ပုံးအင်းတောင်သူများသည် ရေဘေး၊ ဆက်ကြေးနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်ကို အလူးအလဲ ခံစားနေရသည်။ ပုံးအင်းဒေသတွင် စိုက်ပျိုးရေးစရိတ် အရင်းအနှီးနှင့် လုပ်သားအင်အား မရှိတော့သဖြင့်...