လုပ်သားရှားပါးမှုကြောင့် ရှေ့နှစ်ဆန်ရှားပါးမှု ပြဿနာဖြစ်လာနိုင်

သျှမ်းပြည်တောင်ပိုင်းရှိ ပုံးအင်းဒေသတွင် ပုံမှန်အားဖြင့် ယခုအချိန် (မတ်လ) ကာလသည် နွေစပါး စိုက်ပျိုးရန် ပြင်ဆင်နေကြသည့် အလုပ်အများဆုံး အချိန်ဖြစ်သည်။

သို့သော် ယခုနှစ် ၂၀၂၆ တွင် ပုံးအင်းတောင်သူများသည် ရေဘေး၊ ဆက်ကြေးနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်ကို အလူးအလဲ ခံစားနေရသည်။

ပုံးအင်းဒေသတွင် စိုက်ပျိုးရေးစရိတ် အရင်းအနှီးနှင့် လုပ်သားအင်အား မရှိတော့သဖြင့် လယ်ယာမြေ ဧက ၃,၀၀၀ ကျော်မှာ စွန့်ပစ်ထားရကြောင်း ပုံးအင်းလယ်သမား စိုင်းနောင့် (အမည်လွှဲ)က ပြောသည်။

“ပင်လွန်း၊ နောင်စန့်၊ ဆိုင်လဲ စတဲ့ ကျေးရွာတွေမှာ စာရင်းကောက်ကြည့်တာ လယ်ယာ၊ လယ်ပျက်တွေ ဧက စုစုပေါင်း ၃,၀၀၀ ကျော်ရှိတယ်။ အဓိကတော့ စိုက်ပျိုးစရိတ် မရှိတာရယ်၊ အလုပ်ကူလုပ်မယ့်သူ မရှိတာရယ်ပေါ့” ဟု စိုင်းနောင့် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံးအင်းထဲတွင် ကျန်ရှိနေသော တောင်သူများမှာလည်း စစ်ကော်မရှင်နှင့် PNO ပြည်သူ့စစ်တို့၏ လစဉ် ဆက်ကြေး ကောက်ခံမှုဒဏ်ကြောင့် အိုးအိမ်နှင့် လယ်ယာတို့ကို စွန့်ပစ် ထွက်ပြေးနေရသည့် အခြေအနေသို့ ဆိုက်ရောက်နေကြောင်း ၎င်းက ဆိုသည်။

တောင်ကြီး၊ ဟိုပုံးနှင့် ဆီဆိုင်မြို့နယ်တို့၏ သုံးမြို့နယ် ဆုံစည်းရာ ကြားခံဒေသဖြစ်သော ပုံးအင်းဒေသတွင် ဆန်စပါးကိုသာ အဓိက စိုက်ပျိုးပြီး လူအများသိကြသော နာမည်ကျော် နောင်မွန်သျှမ်းဆန်မှာ ပုံးအင်းဒေသမှ ထွက်ရှိသည်။

ပုံးအင်းဒေသသည် ပြီးခဲ့သည့် (၂) နှစ်ဆက်တိုက် ပြင်းထန်သော ရေကြီးမှုဒဏ်ကို ကြုံတွေ့ခဲ့ရသဖြင့် ၂၀၂၄ ခုနှစ်အတွင်း စပါးစိုက်ခင်း ဧကပေါင်း ၇,၀၀၀ ကျော်နှင့် ၂၀၂၅ ခုနှစ်အတွင်း စပါးစိုက်ခင်း ဧကပေါင်း ၃,၀၀၀ ကျော် ရေနစ်မြှုပ် ဆုံးရှုံးခဲ့ရကြောင်း ပုံးအင်းလယ်သမားများထံမှ သိရသည်။

ထိုရေဘေးဒဏ်ကြောင့် စိုက်ပျိုးထားသည့် စပါးများ ပျက်စီးဆုံးရှုံးရုံသာမက လယ်ယာမြေများအတွင်း ရေနှုတ်မြောင်းများ တိမ်ကောသွားပြီး မြက်ပင်များ ထူထပ်စွာ ပေါက်ရောက်လာခဲ့ကြောင်း ပုံးအင်းလယ်သမားများက ပြောသည်။

ပုံးအင်းထဲက စပါးစိုက်ပျိုးနေတဲ့ အမျိုးသမီးတွေ

“နှစ်နှစ်ဆက်တိုက် ရင်းနှီးထားပေမယ့် အရင်းပြန်မရဘူး။ အခုက လယ်ထွန်စက်တောင် ဝင်လို့ မရတော့ဘူး။ ပြန်စိုက်ဖို့ အရင်းအနှီးလည်း မရှိတော့လို့ ဒီတိုင်း ပစ်ထားရတာ” ဟု စိုင်းနောင့် က ဆိုသည်။

လက်ရှိ လယ်ယာလုပ်ငန်းခွင်တွင် လုပ်ကိုင်နိုင်သည့် လူငယ်နှင့် လူလတ်ပိုင်း အင်အားမှာလည်း ကျေးရွာများအတွင်း မရှိသလောက်ပင် ဖြစ်နေသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေး ပဋိပက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်းဥပဒေကြောင့် ပုံးအင်းဒေသရှိ လူငယ်အများစုမှာ အိမ်နီးချင်း ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန် ထွက်ခွာသွားကြသဖြင့် ကျေးရွာများတွင် အရွယ်မရောက်သေးသည့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများသာ ကျန်ရစ်တော့သည်။

အလုပ်သမား ရှားပါးမှုကြောင့် ပုံးအင်းဒေသတွင် အမျိုးသမီးတစ်ဦး၏ နေ့စားခမှာ ကျပ် ၁၅,၀၀၀ မှ ၂၀,၀၀၀ အထိ မြင့်တက်လာသော်လည်း အလုပ်မည့်သူ ရှာမရပေ။

“အလုပ်သမား ၁၀ ယောက်စာ အလုပ်ကို ၅ ယောက်နဲ့ လုပ်နေရတယ်။ တစ်ယောက်ကို နှစ်ယောက်စာ ပုတ်ပြတ် လုပ်ရတော့ တစ်နေ့ လေးသောင်းလောက် ပေးနေရတယ်” ဟု ပုံးအင်းတောင်သူ အမျိုးသမီးတစ်ဦးကလည်း ပြောသည်။

ထို့အပြင် စိုက်ပျိုးရေးအတွက် မရှိမဖြစ် လိုအပ်သော ဒီဇယ်ဆီမှာလည်း ဈေးနှုန်းကြီးမြင့်သည့်အပြင် ဝယ်ယူရန် ခက်ခဲနေခြင်းက တောင်သူများကို ပိုပြီးအကြပ်ရိုက်စေကြောင်း ဆိုသည်။

ပုံးအင်းဒေသရှိ လယ်သမားများသည် ထိုင်းနိုင်ငံကဲ့သို့ အစိုးရ၏ အာမခံဈေးကွက် မရှိသည့် ဒဏ်ကိုလည်း ခါးစည်းခံနေရကြောင်း ပြောသည်။

“ဈေးကွက်က လယ်သမားလက်ထဲမှာ မရှိဘူး။ အစိုးရပေါ်မှာပဲ မူတည်တယ်။ ဈေးပေါလည်း ရောင်းရ၊ ဈေးတက်လည်း ရောင်းရပဲ။ ကံစမ်းပြီး လုပ်နေရတာ” ဟု စိုင်းနောင့် က ထပ်လောင်းပြောသည်။

တောင်သူများအတွက် အဆိုးရွားဆုံး ဝန်ထုပ်ဝန်ပိုးမှာ စစ်ကော်မရှင်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့၏ အဓမ္မ ဆက်ကြေး ငွေကောက်ခံမှုများပင် ဖြစ်သည်။

ရေကြီးမှုကြောင့် တောင်သူများ အရှုံးပေါ်နေသည့် ကြားမှ စစ်ကော်မရှင်၏ စစ်မှုထမ်းအတွက် တစ်အိမ်လျှင် လစဉ် ကျပ် ၄၀,၀၀၀ ပုံမှန် ပေးဆောင်နေရကြောင်း ပုံးအင်းဒေသခံများက ပြောသည်။

ထို့အပြင် ခြောက်လတစ်ကြိမ် ဆက်ကြေး ကျပ် ၁၀,၀၀၀ မှ ၂၅,၀၀၀ အထိ လည်းကောင်း၊ ပွဲလမ်းသဘင်များအတွက်လည်းကောင်း ပအိုဝ်းပြည်သူ့စစ် (PNO) မှ အဆင့်ဆင့် ကောက်ခံနေကြောင်း ဆိုသည်။

အဆိုပါဆက်ကြေးကို မပေးနိုင်သည့်အတွက် အချို့သော မိသားစုများမှာ အိမ်ထောင်စု နှစ်စုပေါင်း၍ တစ်အိမ်တည်းတွင် စုနေကြရပြီး အချို့မှာ အိမ်ကိုစွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်သွားကြသဖြင့် ကျေးရွာများတွင် အိမ်ခြေနှင့် လူဦးရေမှာ တစ်စတစ်စ လျော့နည်းလာနေကြောင်း ဆိုသည်။

စစ်ကော်မရှင်၏ စိုက်ပျိုးရေးဌာနက မြေပြင်သို့ လာရောက်မေးမြန်းမှုများ ရှိသော်လည်း မေးမြန်းရုံမှလွဲ၍ လက်တွေ့ကျသော အကူအညီ တစ်စုံတစ်ရာ ပေးအပ်ခြင်း မရှိကြောင်း ပုံးအင်းလယ်သမားများက ပြောသည်။

လက်ရှိတွင် စပါးမစိုက်နိုင်တော့သည့် တောင်သူအများအပြားမှာ မိသားစုဝမ်းရေးအတွက် လွင်ပြင်အတွင်း ငါးဖမ်းခြင်း၊ ဂဏန်းနှိုက်ခြင်းတို့ဖြင့်သာ အသက်ဆက်နေကြရကြောင်း ဆိုသည်။

“လယ်မလုပ်ရင်လည်း မစားရဘူး။ အဲ့ဒါကြောင့် တတ်နိုင်သလောက် လုပ်နေရတာပဲ။ မတတ်နိုင်တော့ရင်တော့ မလုပ်တော့ဘူးပေါ့” ဟု စိုင်းသီက စိတ်ပျက်စွာဖြင့် ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပုံးအင်းဒေသတွင် စစ်မှုထမ်းလူစားထိုးရန် လူမရှိ၊ မဲနှိုက်ပြီးလူခေါ်နေ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ပုံးအင်းဒေသတွင် စစ်မှုထမ်းလူစားထိုးရန် လူမရှိတော့သဖြင့် လာမည့် ဒီဇင်ဘာလမှ စပြီး မဲနှိုက်စနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ပြီး စစ်ကော်မရှင်က စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် ပုံးအင်းဒေသတွင် စစ်မှုထမ်းအပတ်စဉ်များအလိုက် လူတစ်ယောက်လျှင် ကျပ်ငွေ သိန်း ၈၀...

ပုံးအင်းတွင် ရေကြီးပြီးနောက် စပါးမျိုးစေ့ပျောက်ကွယ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပုံးအင်းဒေသတွင် ရေကြီးပြီးနောက် စပါးမျိုးစေ့ပျောက်ကွယ်သွားပြီး မျိုးစေ့အတွက် အကူအညီ လိုအပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (၂၀၂၄ ခုနှစ် )ဩဂုတ်လအတွင်း ပုံးအင်းဒေသတွင်း ရေကြီးရေလျှံမှုဖြစ်ခဲ့ပြီး ရွာပေါင်း(၂၅) ရွာပျက်စီးကာ စပါးဧက (၂သောင်း)ကျော် ပျက်စီးဆုံးရှုံးသွားခဲ့သည်။ ထို့ကြောင့် ယနေ့အချိန်ထိ ပုံးအင်းဒေသတွင် မြေနုံးများကို မဆည်ယူနိုင်သေးသဖြင့် လယ်ဧက...

ဆီဆိုင်မြို့နယ် ပုံးအင်းဒေသက အမျိုးသား ၁ ဦးကို စစ်ကောင်စီက ဖမ်းဆီး

0
သျှမ်းပြည် ဆီဆိုင်မြို့နယ် ပုံးအင်းဒေသ ဝမ့်ခွမ်ကျေးရွာမှ အမျိုးသား ၁ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက် နံနက်ပိုင်းတွင် ပုံးအင်းဒေသ ဝမ့်ခွမ်ကျေးရွာရှိ နေအိမ်သို့ စစ်ကောင်စီ၏ လက်အောက်ခံ ဘန်းယဉ်ကျေးရွာ ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဝမ်ခွမ်ကျေးရွာဒေသခံ တစ်ဦးက...

ပုံးအင်းတွင် ရေကြီးမှုကြောင့် စပါးခင်းရေမြှုပ် ပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း ၊ ပုံးအင်းဒေသဘက်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆည်ရေလျှံကာ စပါးခင်းပျက်စီးသွားကြောင်း သတင်းရရှျိသည်။ ပြီးခဲ့သည့် ဇွန်လ တွင်လည်း မိုးရက်ဆက်ရွာသွန်းမှုသဖြင့် ရေကြီးခဲ့ပြီး နွေစပါးခင်းများ ရေနစ်မြှုပ်ကာ ယခု ဩဂုတ်လတွင် မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် မိုးစပါးများ ထပ်မံရေနစ်မြုပ်ခဲ့သည်။ ရေကြီးရေလျှံနေသည်မှာ ဆယ်ရက်ရှိပြီ ဖြစ်ပြီး ယနေ့အချိန်ထိ ရေမကျသေးသဖြင့် လမ်းသွားလမ်းလာ ခက်ခဲပြီး...

ပုံးအင်းဒေသ ရေကြီးမှုကြောင့် လမ်းပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ ပုံးအင်းဒေသတွင်း ရေများထပ်တက်လာပြီး လမ်းများပါ ပျက်စီးသွားသောကြောင့် ဒေသခံများ အခက်အခဲများစွာကြုံတွေ့နေရကြောင်း သိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၁ ရက်) တွင် ပုံးအင်းဒေသအတွင်း ရေများထပ်တက်လာပြီး ကားလမ်းများပါပြိုကျပျက်စီးနေကြောင်း ရေထပ်တက်လာမှုကြောင့် နောင်စန့်ကျေးရွာချောင်းကူးတံတားကြီး အောက်ဖက်မှလည်းသွား၍မရတော့သဖြင့် ကုန်းလမ်းအပြင် ရေလမ်းပါ ပိတ်ဆို့မှုများရှိလာကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့် သို့...