သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ မှ လားရှိုးမြို့ဘက်သို့ တင်ပို့မည့် ပြောင်းဖူးတင်ယာဉ်များကို စစ်ကော်မရှင် စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းခွင့်မပြုကြောင်း သတင်းရရှိသည်။
နိုဝင်ဘာ လဆန်းပိုင်းမှ စတင်ပြီး စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် သီပေါမြို့ ဒုဋ္ဌဝတီ တံတားရှိ စစ်ကော်မရှင်လက်အောက်ခံ စစ်ဆေးရေးဂိတ်တွင် လားရှိုးမြို့ဘက်သို့ တင်ပို့မည့် ပြောင်းဖူးတင်ယာဉ်များကို ဖြတ်သန်းသွားလာခွင့် မပြုကြောင်း သီပေါမြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“တခြားကုန်တင်ကားတွေ တခြားပစ္စည်းတွေက ပေးဖြတ်တယ်။ ပြောင်းဖူးတင်တဲ့ ကားတွေပဲ ပေးမဖြတ်တာ၊ ဒီလထဲ စပိတ်တာပဲ။ ဘာကြောင့် ပေးမဖြတ်လဲဆိုတာ မသိရဘူး။ မန္တလေးဘက်က ဈေးမကောင်းလို့ လားရှိုးဘက်ကို တင်ရောင်းဖို့ ကြိုးစားကြတာ၊ အခုလို ပေးမသယ်တော့ ဘယ်မှ ရောင်းမရဘူး”ဟု သီပေါမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ထိုကဲ့သို့ စစ်ကော်မရှင်တပ်မှ ပြောင်းဖူးတင်ယာဉ်များကို ဖြတ်သန်းသွားလာခွင့် မပြုခြင်းကြောင့် တောင်သူ လယ်သမားအတွက် အခက်အခဲများ ကြုံတွေ့စေပြီး အရှုံးပေါ် နိုင်စေကြောင်း ၎င်းက ဆက်ပြောသည်။
“ဒီလို လမ်းပိတ်ရင် ကုန်သည်တွေက သူတို့မရှုံးအောင် တောင်သူလယ်သမားတွေကို ဈေးနှိမ်ပြီး ဝယ်တော့တာ၊ အဲ့ကျရင် တောင်သူလယ်သမားတွေက ခံရမှာ။ တချို့ဆိုရင် အရင်းအနှီး မရှိလို့ မျိုးစေ့၊ မြေသြဇာတွေကို အတိုးနဲ့ ချေးပြီး လုပ်တာလေ။ အခုလိုမျိုးက အကြွေးပါ နစ်သွားနိုင်တယ်၊ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး”ဟု သီပေါမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
သီပေါမြို့နယ်ရှိ ဒေသခံများသည် ဆန်စပါး၊ ပြောင်းဖူး စသည့် သီးနှံများကို စိုက်ပျိုးလုပ်ကိုင်ကြကာ “၁၀၂၇ စစ်ဆင်ရေး” နောက်ပိုင်းမှစပြီး ကုန်ပစ္စည်းဈေးနှုန်း မငြိမ်သက်မှုများ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲအပြင် စစ်ဘေးဒဏ်များကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွင် ထိခိုက် ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ကြရသည်။
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တစ်နှစ်ကျော်ကြာ ထိန်းချုပ်ခဲ့သည့် သီပေါမြို့ကို စစ်ကော်မရှင်တပ်က ၂၀၂၅၊ အောက်တိုဘာလ ၁၇ ရက်တွင် ပြန်လည်ထိန်းချုပ်ခဲ့သည်။
လက်ရှိတွင် မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးကို စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်ထားကြောင်း ပြောဆိုနေသော်လည်း သီပေါမြို့ ဒုဋ္ဌဝတီတံတား တစ်ဖက်ကမ်းမှ စ၍ လားရှိုးမြို့အဝင် မယ်ဟန်ကျေးရွာအထိ ကိုးကန့်တပ်ဖွဲ့ MNDAA က ဆက်လက်ထိန်းချုပ်ထားပြီး လမ်းကြေးများ ကောက်ခံနေကြောင်း မန္တလေး-လားရှိုး ပြေးဆွဲနေသည့် ယာဉ်မောင်းများထံမှ သိရသည်။












Leave a Comments