သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့တွင် မြန်မာကျပ်ငွေ ၄၅၆ သန်းနှင့် ညီမျှသည့် တရုတ်ယွမ်ငွေ ၁၀ သိန်း တန်ဖိုးရှိ ကျားဖြန့်လုပ်ငန်းသုံး စက်ပစ္စည်းများကို NDAA က ဖမ်းဆီးပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။
၂၀၂၅ ခုနှစ် နိုဝင်ဘာ ၄ ရက်နေ့ ထုတ်ပြန်ချက်အရ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ (NDAA) ထိန်းချုပ်ထားသော မိုင်းလားမြို့ရှိ အမှိုက်မီးရှို့ကွင်းတွင် အထူးဒေသ (၄) ရဲတပ်ဖွဲ့များ ဖမ်းဆီးရမိထားသည့် ကျားဖြန့်လုပ်ငန်းသုံး ပစ္စည်းများကို အောက်တိုဘာ ၃၁ ရက်နေ့က စက်ယန္တရားကြီးများဖြင့် နင်းချေ၍ မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။
ဖျက်ဆီးလိုက်သော ကျားဖြန့်လုပ်ငန်းသုံး ပစ္စည်းများတွင် ဆဲလ်ဖုန်းများ၊ ကွန်ပျူတာများ၊ Router များ စသည်ဖြင့် စက်ပစ္စည်းအရေအတွက် တစ်သောင်းကျော် ရှိကာ ခန့်မှန်းတန်ဖိုး တရုတ်ယွမ်ငွေ ၁၀ သိန်းခန့် ရှိကြောင်း၊ ၎င်းတို့ကို NDAA လက်အောက်ရှိ ရဲတပ်ဖွဲ့က ကျားဖြန့်စခန်းများ ဖမ်းဆီးစဉ် သိမ်းဆည်းရရှိခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုနှစ်ပိုင်းအတွင်း မိုင်းလားတပ်ဖွဲ့ (NDAA) သည် တရုတ်နိုင်ငံမှ တရားစီရင်ရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သည့် ပုံမှန်ချိတ်ဆက်မှု ယန္တရားများ တည်ဆောက်ခဲ့ပြီး နယ်စပ်ဖြတ်ကျော်၍ ကျားဖြန့်လုပ်ကိုင်မှု မြင့်တက်လာခြင်းကို ထိန်းချုပ်ရာတွင် ပါဝင်ဆောင်ရွက်ခဲ့သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
အလားတူ ဩဂုတ်လ ၁၇ ရက်နေ့တွင်လည်း မိုင်းလားတပ်ဖွဲ့ NDAA နှင့် စစ်ကောင်စီတို့ ပူးတွဲထိန်းချုပ်ထားသည့် မိုင်းလားမြို့ တာလော့နယ်စပ်ဂိတ်၌ ကျိုင်းတုံမြို့ လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) မှ တရုတ်နိုင်ငံဘက်သို့ ပြန်လည်ပို့ဆောင်သည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၇၁ ဦး ကို လွှဲပြောင်းပေးခဲ့ကြောင်း NDAA ဘက်မှ သတင်းထုတ်ပြန်ခဲ့သည်။












Leave a Comments