သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ-တောင်ကြီးလမ်းပေါ်တွင် ယာဉ်တစ်စီး မတော်တဆ တိမ်းမှောက်ခဲ့ရာ ခရီးသည်နှစ်ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။
ယမန်နေ့ (နိုဝင်ဘာလ ၂ ရက်) ညနေ ၄ နာရီဝန်းကျင်တွင် ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စုလမ်းမကြီးပေါ် စပယ်ရှယ်တောင် အဆင်းလမ်း၌ လိုက်ထရပ်ယာဉ်တစ်စီး မတော်တဆ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ အမျိုးသား နှစ်ဉီး သေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့် အား ဤကဲ့သို့ ပြောသည်။
“စပယ်ရှယ်တောင် အဆင်းမှာ ကားမှောက်တာ နှစ်ဦး သေဆုံးတယ်။ ထိခိုက်တဲ့လူတွေလည်း ရှိတယ်။ ကျွန်တော်တို့လည်း လမ်းပိုင်းမှာပဲ သွားကူညီလိုက်ရတယ်၊ ထိခိုက်တဲ့လူက များတယ်။ ဒီအတောအတွင်းမှာ မိုးလည်းရွာနေတော့ လမ်းတွေကလည်း ချော်တယ်။ သေချာမောင်းဖို့ပဲ သတိပေးချင်ပါတယ်” ဟု ၎င်းလူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

တိမ်းမှောက်ခဲ့သည့် လိုက်ထရပ်ကားပေါ်တွင် ခရီးသွား အမျိုးသား ၈ ဦး ပါဝင်ပြီး၊ စပယ်ရှယ်တောင် အဆင်းလမ်းတွင် အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သေဆုံးသူ အမျိုးသားနှစ်ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို ကျိုင်းတုံဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း အဆိုပါ လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။
ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စုလမ်းပေါ်ရှိ စပယ်ရှယ်တောင် အတက်၊ အဆင်းလမ်းပိုင်းတွင် လစဉ်နီးပါး ကားကြီး၊ ကားငယ် တိမ်းမှောက်မှုများ ဖြစ်ပွားလေ့ရှိရာ ၎င်းလမ်းကို အသုံးပြုမည့် ယာဉ်မောင်းများအနေဖြင့် မိမိမောင်းနှင်မည့် ကားအား သေချာစစ်ဆေးရန်နှင့် သတိထားသွားလာရန် လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အသိပေး တိုက်တွန်းပြောဆိုသည်။













Leave a Comments