သျှမ်းပြည် မိုင်းရယ်မြို့နေ အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်လူတစ်စုက နေအိမ်ရှေ့တွင် သေနတ်ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။
အောက်တိုဘာလ (၁၉) ရက် ည ၁၁ နာရီခွဲခန့်တွင် မိုင်းရယ်မြို့ ရပ်ကွက်(၁) တွင် နေထိုင်သည့် အသက်(၄၅) နှစ်အရွယ် ဦးစိုင်းစိုင်း၏ အိမ်ရှေ့သို့ အမည်မသိ လက်နက်ကိုင်လူတစ်စုက ကားတစ်စီးဖြင့် ရောက်လာကာ ၎င်းကို နေအိမ်ထဲမှ ခေါ်ထုတ်သွားပြီး လမ်းမပေါ်တွင် သေနတ်ပစ်ခတ်ခဲ့ကြောင်း ဖြစ်စဉ်သိရှိသူများက ပြောသည်။
“အိမ်မှာက သူတစ်ယောက်ပဲ နေတာ၊ ပြီးတော့ သူ့အိမ်ရှေ့က ဆိုင်ခန်းငှားတဲ့လူပဲ ရှိတာ။ အိမ်ရှေ့က လမ်းပေါ်မှာ ဖြစ်သွားတာဆိုတော့ သူ့အသိထဲကဖြစ်လို့ ထွက်လာတာနေမှာ၊ အသိမဟုတ်ရင် အိမ်ထဲက ထွက်လာမှာ မဟုတ်ဘူးထင်တယ်။ လားရှိုးဆေးရုံကြီးကို သယ်သွားတဲ့အချိန် အဲ့ညမှာပဲ ဆုံးသွားတယ်”ဟု ဖြစ်စဉ်သိရှိသူ မိုင်းရယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ဝမ်းဗိုက်တွင် သေနတ်ဒဏ်ရာ ရရှိခဲ့သည့် ဦးစိုင်းစိုင်းကို ဆေးကုသရန် လားရှိုးဆေးရုံကြီးသို့ ခေါ်ဆောင်သွားစဉ် စကားပြောနိုင်သေးသော်လည်း သေနတ်ပစ်ခတ်မှု ကျူးလွန်သူများကို ဆွေမျိုးများထံ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောသည်။
ထို့နောက် လားရှိုးဆေးရုံကြီးတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည့် ဦးစိုင်းစိုင်း ၏ ရုပ်အလောင်းကို အောက်တိုဘာ ၂၀ ရက်တွင် မိုင်းရယ်မြို့၌ ပြန်လည်သင်္ဂြိုဟ်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“လားရှိုးရောက်တဲ့အထိ စကားပြောနိုင်တုန်းပဲ၊ ဘယ်သူပစ်သွားလဲဆိုတာ သူ့အမျိုးတွေကိုတောင် လုံးဝ မပြောသွားဘူး။ ရဲစခန်းကတော့ အမှုဖွင့်ဖို့ သူ့မိဘတွေကို လာပြောထားတယ်။ ဒီဘက်ကတော့ အမှုမဖွင့်ချင်ပေမယ့် ရဲစခန်းဘက်က လုပ်ထုံးလုပ်နည်းအရ အမှုဖွင့်ရမယ်ဆိုတော့ ဘယ်လိုလုပ်မလဲ မသိသေးဘူး”ဟု မိုင်းရယ်ဒေသခံ အဆိုပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောဆိုသည်။
လက်ရှိအချိန်ထိ မိုင်းရယ်မြို့တွင် သေနတ်ပစ်ခတ်မှု ကျူးလွန်ခဲ့သည့် အမည်မသိ လက်နက်ကိုင်လူတစ်စုကို ဖမ်းဆီးရမိခြင်း မရှိသေးဘဲ ၎င်းတို့ကို အပြစ်ပေး အရေးယူနိုင်ရန် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တာဝန်ရှိသူများက ရှာဖွေဖမ်းဆီးနေကြောင်း ယမန်နေ့ (အောက်တိုဘာ ၂၁ ရက်) တွင် သတင်းထုတ်ပြန်ထားသည်။












Leave a Comments