ထိုင်း-မြန်မယ်နယ်စပ် တာချီလိတ်မြို့တွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်လူနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီးနောက် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယမန်နေ့ (အောက်တိုဘာလ ၈ ရက်) ည ၈ နာရီခွဲဝန်းကျင်တွင် တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက် ခေတ္တာလမ်းတွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင် အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ဆေးဝါးကုသနေစဉ် ယနေ့ (အောက်တိုဘာလ ၉ ရက်) မနက်ပိုင်းတွင် သေဆုံးခဲ့ကြောင်း တာချီလိတ်မြို့ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“အိမ်အပြန်လမ်းမှာ သူ့ကို အမျိုးသားနှစ်ယောက် ကားနဲ့လာပြီး သေနတ်နဲ့ ပစ်သွားတာ။ ကိစ္စတခုခုရှိလို့ပဲ ပစ်ခံရတာနေမယ်။ ပစ်ခံရတဲ့လူက ခေါင်းလည်းထိထားတယ်၊ ဒီမနက်မှာပဲ ဆုံးသွားပြီ” ဟု တာချီလိတ်မြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
အဆိုပါသေနတ်ဖြင့် ပစ်ခတ်ခံရသော အမျိုးသားသည် တာချီလိတ်မြို့ ဆန်ဆိုင်းရပ်ကွက်နေ အသက် ၃၅ နှစ်အရွယ် စိုင်းအောင်ခမ်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့သည် မြန်မာ-လာအို-ထိုင်း သုံးနိုင်ငံဆုံရာ ရွေတြိဂံနယ်စပ်ဖြစ်သည့်အလျှောက် ဒုစရိုက်ပေါများသော မြို့တစ်မြို့ဖြစ်ကာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှု ကင်းမဲ့လာသည့်အတွက် ခိုးဆိုးလုယက်မှုများ၊ ပစ်ခတ်မှုများ၊ ပြန်ပေးဆွဲများ မကြာခဏဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။
“ညဘက်မှာရော၊ နေ့ဘက်မှာပါ အပြင်ထွက်ရမှာတောင် လုံခြုံမှုမရှိဘူး။ အဲ့လိုသတင်းတွေကြားရတော့ အနေအထိုင် သတိထားကြရတယ်။ အမည်မသိ လက်နက်တွေရှိလည်း ရဲတွေက တာဝန်ယူမှု အားနည်းတော့ လုံခြံမှုဆိုတာမရှိဘူး”ဟု တာချီလိတ်မြို့ခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့တွင်လည်း တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက် ဟုန်ပန်းကွင်းအနီးတွင် အမျိုးသား ၂ ဦး ဓါးဖြင့်ထိုးခံရကြောင်း သိရသည်။












Leave a Comments