အမျိုးသမီးလုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ “တို့ဆေး”

“တို့ဆေး”ရဲ့ အစွမ်းကြောင့် ပါလာတဲ့ပစ္စည်းတွေ လုယက်ခံရ၊ ငွေလိမ်လည်ခံရတဲ့ သတင်းတွေဟာ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဟိုတစ်စ ဒီတစ်စနဲ့ ကြားလာရပါတယ်။

အဆိုးရွားဆုံးကတော့ “တို့ဆေး”ကြောင့် အမျိုးသမီးငယ်တစ်ယောက် ဖြားယောင်းခေါ်ဆောင်ခံရပြီး ပြန်လွတ်လာတဲ့ သတင်းကလည်း ဟိုးလေးတကြော်ကြော် ဖြစ်ခဲ့ပါတယ်။

အဲ့ဒီဖြစ်စဉ်ဟာ တစ်ချိန်တစ်ခါက အေးချမ်းပြီး စိတ်လုံခြုံမှု အရှိဆုံးဆိုတဲ့ သျှမ်းပြည်မြို့တော် တောင်ကြီးမြို့မှာ ဖြစ်ခဲ့တာပါ။

အရင်တုန်းက တောင်ကြီးမြို့မှာ အခုလိုဖြစ်စဉ်တွေ တစ်ကြိမ်တစ်ခါမှ မကြားဖူး၊ မကြုံဖူးခဲ့ပါဘူး။ အဲ့ဒီဖြစ်စဉ်တွေလည်း စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှ ဖြစ်လာခဲ့တဲ့ တို့ဆေးပြဿနာဖြစ်ရပ်တွေ ဖြစ်ပါတယ်။

အခုဖြစ်သွားခဲ့တဲ့ ဖြစ်စဉ်တွေကို သုံးသပ်ကြည့်မယ်ဆိုရင်လည်း မသမာသူတွေဟာ “တို့ဆေး”အသုံးပြုပြီး အမျိုးသမီးငယ်နဲ့ သက်ကြီးပိုင်း အမျိုးသမီးတွေကို အဓိက ပစ်မှတ်ထားပြီး ပြုလုပ်နေတာပါ။

အရပ်ထဲမှာ “တို့ဆေး” လို့ အလွယ်ခေါ်ကြပေမယ့် သူ့ရဲ့ ဆေးပညာ အခေါ်ကတော့ Dissociatives ဖြစ်ပြီး အဲ့ဒီဆေးနဲ့ တို့ခံရတဲ့သူတွေဟာ စိတ်နဲ့လူ မကပ်အောင် ပြုလုပ်နိုင်တဲ့ ဓာတုဆေးပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။

“တို့ဆေး” ဒါမှမဟုတ် စိတ်နဲ့လူ မကပ်အောင် ပြုလုပ်နိုင်တဲ့ ဆေးတွေဟာ ပုံစံအမျိုးမျိုးရှိပြီး သူ့ရဲ့ ဆေးပညာ အခေါ်အဝေါ်ကတော့ နိုက်ထရပ်အောက်ဆိုဒ် (Nitrous oxide)၊ ကတ်တမင်း (Ketamine)၊ အမ်အိပ်စ်အီး (MXE)၊ ဆဲလ်ဗီးယား အပင် (Salvia divinorum)၊ DXM နဲ့ PCP တို့ ဖြစ်ကြပါတယ်။

ဒါပေမယ့် မသမာသူတွေက အဲ့ဒီဆေးများရဲ့ အာနိသင်ကို အသုံးပြုပြီး လုယက်မှုတွေ၊ ကလေးခိုးမှုတွေ၊ အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်မှုတွေ စသဖြင့် တရားလက်မဲ့ ကျူးလွန်နေကြပါတယ်။

“တို့ဆေး” ဆိုတဲ့ အငွေ့၊ အမှုန့်တွေကို ရှုရှိုက်မိတာ၊ မျိုချမိတာ၊ စားသုံးမိတာ၊ အပ်နဲ့ ထိုးသွင်းမိတာ ဆိုရင်တော့ စက္ကန့်ပိုင်းအတွင်းမှာပဲ ဆေးအာနိသင်ကြောင့် စိတ်နဲ့လူနဲ့မကပ် ဖြစ်သွားတတ်ပြီး စိတ်က အသိကပ်နေပေမယ့် ခန္ဓာကိုယ်က လိုက်မလုပ်နိုင်ခြင်း၊ မိမိစိတ်က လူကိုယ်ခန္ဓာထဲကနေ ထွက်ခွာသွားသလို ခံစားရခြင်း၊ အသိနှင့်သတိ မကပ်ခြင်း၊ ဖြစ်စဉ်များကို မမှတ်မိတော့ခြင်း၊ ခန္ဓာကိုယ် လေးလံထိုင်းမှိုင်းခြင်း စတဲ့ လက္ခဏာရပ်တွေ ဖြစ်စေပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်က တောင်ကြီးမြို့ မှာ နေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသမီး တစ်ယောက်ဟာ “တို့ဆေး” ကြောင့် တောင်လေးလုံးအနီးမှာရှိတဲ့ တောနက်ထဲက ဂိုဒေါင်တစ်ခုမှာ ပိတ်လှောင်ခံခဲ့ရပြီး စက်တင်ဘာလ ၂၄ ရက်နေ့မှာ ပြန်လွတ်မြောက်လာတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။

အဲ့ဒီလို ပြန်လွတ်မြောက်လာတဲ့ အမျိုးသမီးရဲ့ ပြောပြချက်အရ “တို့ဆေး”တစ်မျိုးနဲ့ ဆေးထိုးခံရပြီး စက္ကန့်ပိုင်းအတွင်းမှာ ခန္ဓာကိုယ် လေးလံထိုင်းမှိုင်းလာကြောင်း ဆိုပါတယ်။

“ကျမကို ဘာဆေးနဲ့လည်း မသိဘူး ထိုးလိုက်တာ၊ လူက လေးလံပြီး သူခိုင်းသမျှပဲ လုပ်တယ်။ ဆေးပြယ်ချိန်တော့ မိန်းကလေးတွေ ငိုသံတွေ ကြားရတော့ ကျမလည်း ကြောက်ကြောက်နဲ့ အမြန် ထွက်ပြေးလာရတယ်”လို့ သူမက ပြောပါတယ်။

အလားတူပဲ စက်တင်ဘာလ ၇ ရက်နေ့မှာလည်း ကလောမြို့မှာနေတဲ့ အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ် တစ်ယောက်လည်း အဘွားရဲ့အိမ်ကို သွားလည်မယ်ဆိုပြီး အိမ်ကနေ ထွက်သွားတာ လမ်းခရီးမှာ ပျောက်ဆုံးသွားခဲ့ပြီး အောက်တိုဘာလဆန်းပိုင်းအထိ သူမရဲ့ သတင်းအစအန ဘာမှ မရရှိခဲ့ပါဘူး။

သမီးပျောက်ဆုံးသွားတာကို မိဘဖြစ်သူတွေက အွန်လိုင်းပေါ်မှာ လူပျောက်ကြေညာခဲ့ပေမယ့်လည်း ငွေလိမ်လည်သူတွေက ဖုန်းဆက်လာပြီး ပြန်ပေးဆွဲသွားတဲ့ ပုံစံနဲ့ ပိုက်ဆံသွားပေးခိုင်းကြောင်း ပျောက်ဆုံးသွားတဲ့ မိန်းကလေးငယ်ရဲ့ မိခင်က ပြောပါတယ်။

“ကျမရဲ့ သမီးပျောက်တုန်းက လိုင်းပေါ်တင်လိုက်တာ။ ကျမတို့ဆီကို ဖုန်းတွေ အများကြီးဆက်လာပြီး သမီးက သူတို့လက်ထဲမှာ ပိုက်ဆံ ဘယ်လောက်ပေးရင် သမီးကို ပြန်ပို့ပေးမယ်။ ပြန်ပေးဆွဲတဲ့ပုံစံနဲ့ ဆက်သွယ်လာတယ်၊ လိမ်တဲ့သူတွေကလည်း အခွင့်ကောင်းယူတာပေါ့” လို့ ပျောက်ဆုံးသွားတဲ့ မိန်းကလေးငယ်ရဲ့ မိခင်က ဝမ်းနည်းစွာ ပြောပါတယ်။

အခုလိုမျိုး လူပျောက်ဆုံးမှုဖြစ်ရင် စစ်ကော်မရှင် လက်အောက်ခံ ရဲတပ်ဖွဲ့ကို သွားရောက်တိုင်ကြားတဲ့အခါလည်း ရဲတပ်ဖွဲ့ဘက်က အရေးယူဆောင်ရွက်မှုတွေ တစုံတရာ မလုပ်ပေးတဲ့အပြင် လာတိုင်တဲ့သူကိုပါ အပြစ်တင် ပြောဆိုနေကြောင်း ၎င်းက ဆိုပါတယ်။

အခုနောက်ပိုင်းမှာ “တို့ဆေး” ကြောင့် ပျောက်ဆုံးသွားတဲ့သူတွေဟာ လူကုန်ကူးခံရသလား၊ လူမှောင်ခိုသွင်းခံရသလား၊ ပြန်ပေးဆွဲခံရသလားဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။

“ကျနော်အနေအနဲ့ တို့ဆေး ဆိုတာကလည်း မယုံလို့လည်း မရ၊ ယုံကြည့်လို့လည်း မရနိုင်ဘူး။ အခုနောက်ပိုင်း လူပျောက်သတင်းကလည်း ခဏခဏ ကြားလာရတယ်။ ပျောက်တဲ့ လူတွေကလည်း အမျိုးသမီးငယ်တွေ များတယ်” လို့ အသက် ၃၀ အရွယ် တောင်ကြီးမြို့ဒေသခံ နန်းနန်းက ပြောပါတယ်။

“တို့ဆေး”ကြောင့် လုယက်ခံရမှုတွေ၊ လိမ်လည်ခံရမှုတွေကို နေ့တိုင်း သတင်းမှာ ကြားနေရပေမယ့် ကျူးလွန်ခံရသူ အများစုဟာ အမျိုးသမီးငယ်တွေနဲ့ အသက်ကြီးတဲ့ အမျိုးသမီးကြီးတွေ ဖြစ်နေတာကို တွေ့ရတယ်လို့ နန်းနန်းက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေ၊ အမျိုးသမီးတွေ ပေါ်တာဆွဲခံရတာ၊ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံရတာတွေ ရှိသလို စစ်ကော်မရှင်တပ်က လူငယ်တွေကို နေအိမ်ထဲထိ လာရောက်ဖမ်းခေါ်သွားတာလည်း ရှိနေပါတယ်။

ဒါကြောင့် လူပျောက်ဆုံးမှု အများစုဟာ စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းဥပဒေကြောင့် ဖမ်းဆီးခေါ်ဆောင်ခံရတယ်လို့ အချို့က ထင်မြင်ယူဆကြပေမယ့် သတင်းတွေမှာ “တို့ဆေး”နဲ့ အမျိုးသမီးငယ်တွေကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ဂိုဒေါင်တစ်ခုရှိ အခန်းထဲမှာ ပိတ်လှောင်ခံထားရတယ် ဆိုတာကြောင့် တုန်လှုပ်ခြောက်ခြားစရာ ဖြစ်တယ်လို့ နန်းနန်းက ပြောလာပါတယ်။

“ကျမတို့ အရင် လူပျောက်ရင် စစ်မှုထမ်း ဖမ်းသွားတယ်လို့ပဲ ထင်တာ။ အခုက လူပျောက်တာ စစ်တပ်က ဖမ်းတာ တစ်ခုတည်း မဟုတ်တော့ဘူး။ မသမာသူတွေ ဖမ်းပြီး လူကုန်ကူးဖို့ ကြိုးစားနေတာတွေ တွေ့ရတယ်။ ဒီလိုပျောက်သွားတဲ့ အမျိုးသမီးတွေ အသံမထွက်နိုင်တဲ့ အမျိုးသမီးတွေ တော်တော်များများ ရှိနိုင်သေးတယ်” လို့ နန်းနန်းက စိုးရိမ်နေပါတယ်။

အခုလို ခေတ်ကာလ စနစ်ဆိုးတွေကြားမှာ “တို့ဆေး”နဲ့ အမျိုးသမီးငယ်တွေအပြင် အမျိုးသမီးကြီးတွေပါ လိမ်လည်ခံရတဲ့ ဖြစ်စဉ်တွေကလည်း ခပ်စိတ်စိတ် ဖြစ်လာပါတယ်။

လွန်ခဲ့တဲ့ စက်တင်ဘာလ ၂၂ ရက်နေ့က တောင်ကြီးမြို့နယ် နန်းဟူးကျေးရွာမှာနေတဲ့ အသက် ၆၀ ကျော် အဘွားကြီးတစ်ဦးရဲ့ နေအိမ်ကို ထီလက်မှတ်ရောင်းတဲ့ မျက်နှာစိမ်း အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက် ရောက်လာပြီး ငွေလိမ်ယူသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီ ထီလက်မှတ်ရောင်းတဲ့သူတွေဟာ အဘွား ထီပေါက်တယ်ဆိုပြီး ပါဆယ်ထုပ်တစ်ခုနဲ့ ရောက်လာခဲ့တာပါ။ ဒါပေမယ့် ပါဆယ်ထုပ်ထဲမှာ ပြင်းရှရှ အနံ့အသက်တွေ ရပြီး ခဏအကြာမှာ အဘွားဟာ စိတ်နဲ့လူနဲ့ မကပ်တော့ဘဲ သူတို့တောင်းသလောက် ပိုက်ဆံတွေ ပေးလိုက်ပြီး ပိုက်ဆံကျပ် ငါးသောင်းနဲ့ နားကပ် တစ်ရံ ပါသွားခဲ့တယ်လို့ အဘွားရဲ့ ဆွေမျိုးတစ်ဦးက ပြောပါတယ်။

“ဒီလို လိမ်လည်သူတွေက ရွာကို စောင့်ကြည့်နေတာ တော်တော်ကြာပြီ၊ အဘွားက တစ်ယောက်တည်း နေတော့ သူတို့က ဝင်လိမ်သွားတာပဲ။ ရွာမှာ ဒီလိုဖြစ်ခဲ့တာ ၃ ခါရှိပြီ၊ အခုရွာကို သူစိမ်းတွေ ပေးမဝင်တော့ဘူး” လို့ အဘွားရဲ့ ဆွေမျိုးတစ်ဦးက ပြောပါတယ်။

တောင်ကြီးမြို့မှာ “တို့ဆေး”ကြောင့် ခါးပိုက်နှိုက်ခံရတာ၊ ပစ္စည်းခိုးခံရတာတွေ အမြဲတမ်း ကြားနေရတာကြောင့် စိုးရိမ်ပူပန်နေရကြောင်း၊ “တို့ဆေး” ကြောင့် အခန့်မသင့်ရင် မိမိ အသက်အန္တရာယ်ပါ ထိခိုက်လာနိုင်ကြောင်း တောင်ကြီးမြို့မှာ နေထိုင်တဲ့ အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။

“အခုက ဘယ်သူ့ကို ကြောက်လို့ ကြောက်နေရမှန်း မသိတော့ဘူး။ ကိုယ်က တို့ဆေးကြောင့် ခံရလို့ သွားတိုင်ရင်လည်း သက်ဆိုင်ရာက ငွေညှစ်တော့ မတိုင်ရဲကြဘူး။ တရားဥပဒေ စိုးမိုးမှု မရှိတဲ့ တိုင်းပြည်မှာ နေရတာလည်း ဒုက္ခတမျိုးပဲ” လို့ ၎င်းအမျိုးသားက ဆိုပြန်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမျိုးသမီးတွေရဲ့ လုံခြုံရေးဟာ စိန်ခေါ်ချက် ဖြစ်လာနေပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကလည်း တစ်နေ့တစ်ခြား ပိုများလာတယ်လို့ အမျိုးသမီးအရေး ဆောင်ရွက်နေသူများက ထောက်ပြပြောဆိုလိုက်ပါတယ်။

၂၀၂၁ နောက်ပိုင်းမှာ အမျိုးသမီးတွေရဲ့ လုံခြုံရေးက စိန်ခေါ်ချက်တွေ ဖြစ်လာပြီး လုံခြုံရေးလို့ပြောရင် လိင်အခြေပြု အကြမ်းဖက်မှုတွေ ပိုများလာတယ်လို့ ပအိုဝ်းအမျိုးသမီးသမဂ္ဂ (PWU) မှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ နှင်းနှင်းက ပြောပါတယ်။

“အခုက တရားဥပဒေစိုးမိုးမှု မရှိတော့ ကျူးလွန်တဲ့သူတွေ အနေနဲ့ အခွင့်အလမ်း ဖြစ်လာတယ်။ အရေးယူမယ့် တရားဉပဒေ မရှိတော့ အမျိုးသမီးတွေ ဘဝလုံခြုံရေးက ပိုပြီး ခက်ခဲလာတယ် စိန်ခေါ်မှုဖြစ်လာတယ်” လို့ ပအိုဝ်းအမျိုးသမီးသမဂ္ဂ (PWU) မှ နှင်းနှင်းက ပြောပါတယ်။

အမျိုးသမီးတွေ ဘဝလုံခြုံရေးဟာ အားလုံးနဲ့သက်ဆိုင်ပြီး လူမှုအဖွဲ့အစည်း တစ်ခုလုံးရဲ့ တာဝန်ဖြစ်ကြောင်း၊ ကျူးလွန်သူတွေကို လွတ်မြောက်ခွင့် ပေးနေသရွှေ့ အမျိုးသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံရေး၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးက ပိုပြီး ဆိုးရွားလာနိုင်ကြောင်း ပအိုဝ်းအမျိုးသမီးသမဂ္ဂ (PWU) မှ နှင်းနှင်းက ထောက်ပြပြောဆိုလိုက်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နိုင်ငံရေးမတည်ငြိမ်တည့်ကြား ရေအားလျှပ်စစ် ထုတ်လုပ်ရေးတွင် ရင်းနှီးမြှုပ်နှံရန် စစ်တပ်ဖိတ်ခေါ်

0
မြန်မာနိုင်ငံတွင် တိုက်ပွဲများဖြစ်ပွားနေပြီး နိုင်ငံရေးအရ မတည်ငြိမ်မှုများ ကြုံတွေ့နေရသော်လည်း အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်က နိုင်ငံအတွင်းရှိ ရေအားလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုဝင်ဝင်ရောက်လာစေရန် ပြောကြားလိုက်သည်။ ယမန်နေ့ (ဇွန်လ ၉ ရက်) က နေပြည်တော်တွင် ကျင်းပသည့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အစည်းအဝေးတွင် အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်က ပြောကြားခဲ့ခြင်း...

သျှမ်းတောင်မှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်၊ စိုက်ခင်းများပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် တောင်လေးလုံးကျေးရွာဘက်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး နေအိမ်များနှင့် စိုက်ခင်းများ ပျက်စီးသွားကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၄)ရက် မှစပြီး ဇွန်လ (၈)ရက်အထိ  သျှမ်းပြည် တောင်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းနေပြီး တောင်ကြီးမြို့ပေါ်မှ စီးဆင်းလာသည့် ရေများကြောင့် အေးသာယာနှင့် ညောင်ရွှေဘက်တွင်...

ဟိုပုံးမြေသိမ်းမှု ကန့်ကွက်သူ ၆ ဦး သတင်းအစနမရ

0
သျှမ်းပြည်တောင်ပိုင်း၊ဟိုပုံးမြို့နယ် ညောင်ပင်ကျေးရွာမှ မြေယာသိမ်းဆည်းမှုကို ကန့်ကွက်ခဲ့သည့် ရွာသူကြီးအပါအဝင် ဒေသခံ ၆ဦးသည် ယနေ့ (မေ ၂၇)ရက်အထိ ပြန်လည်မလွတ်မြောက်သေးဘဲ သတင်းအစန မရရှိသေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ ပအိုဝ်းပြည်သူ့စစ် ( PNO)...

ညောင်ရွှေတွင် ဧည့်စာရင်းစစ်ပြီး စစ်ကော်မရှင်က ပေါ်တာဆွဲ ဖမ်းဆီးမှုများရှိ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး နယ်ခံမဟုတ်သူများကို ဖမ်းဆီပေါ်တာဆွဲနေကြောင်း ဒေသခံများပြောသည်။ ပြီးခဲ့သည့် မေလ၂၁ရက်တွင် ညောင်ရွှေမြိုနယ် အင်းလေးဒေသ နန်းပန်မြို့မှ အသက် ၃၀ ကျော် လင်မယားနှစ်ဦးသည် ညောင်ရွှေမြို့တွင် သွားရောက်တည်းခိုစဉ် စစ်ကော်မရှင်တပ်က ဧည့်စာရင်းဝင်စစ်ကာ ဖမ်းဆီးသွားကြောင်း ၎င်းအသိမိတ်ဆွေ တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထိုသို့...

ရွာငံတွင် စစ်ကော်မရှင်က ရှောင်တခင် စလော့ဂိမ်းစစ်ဆေးမှုများပြုလုပ်ပြီး ဖမ်းဆီးအရေးယူနေ

0
သျှမ်းပြည်၊ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်က ကျေးရွာလမ်းမများနှင့် စစ်ဆေးရေးဂိတ်များတွင်  ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်နေပြီး ဒေသခံများ၏ဖုန်းအတွင်း စလော့ဂိမ်းတွေ့ရှိလျှင် ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ရွာငံမြို့နယ်အတွင်း အွန်လိုင်းစလော့ဂိမ်းများကို အသက် ၁၅နှစ်ဝန်းကျင်မှစပြီး အသက် ၆၀ကျော်အထိ ဂိမ်းကစားနေကြပြီး အဆိုပါဂိမ်းကြောင့် ကျေးရွာများ အတွင်း ခိုးဆိုးလုယက်ခြင်း၊ပိုင်ဆိုင်များကို ပေါင်နှံရောင်းချမှုများ ပိုမိုများလာကြောင်း ဒေသခံများက...