သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦး ပြန်လွှတ်လာကြောင်း သတင်းသိရှိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက် နေ့လယ် ၂ နာရီခွဲအချိန်တွင် ကျောက်မဲမြို့ နမ့်ခုံးရှမ်းများပရဟိတ အသင်းဝင် တစ်ဦးဖြစ်သည့် နန်းအေးယိင်းသည် ကျောက်မဲမြို့ ပင်ပေါက်ကြီး ဈေးဆိုင်တန်းတွင် ဈေးရောင်းနေစဉ် ၎င်းကို စစ်တပ်သတင်းပေးဟု စွပ်စွဲကာ TNLA မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။
ထိုအကြောင်းကို နမ့်ခုံးရှမ်းများပရဟိတအသင်းမှ သွားရောက်ဖြေရှင်းပြီးနောက် ယမန်နေ့ (စက်တင်ဘာလ ၂၀) ရက် ညနေပိုင်း ၆ နာရီခန့်တွင် ပြန်လွှတ်လာပေးခဲ့ကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“စစ်တပ်သတင်းပေးသူကို လိုက်ရှာပြီးဖမ်းနေတာ၊ အခုထိ မမိသေးဘူး။ သူ့ (နန်းအေးယိင်း) ကတော့ ပင်ပေါက်ကြီး ဈေးဆိုင်တန်းမှာ ဈေးရောင်းနေတုန်း ဖမ်းခံရတာ၊ သူ့နဲ့အတူ ဖမ်းခံရတဲ့သူတွေ အများကြီးပဲ။ အသင်းက သွားဖြေရှင်းရတယ်။ အသင်းကလည်း ဘယ်အဖွဲ့အစည်းနဲ့မှ ပတ်သက်မရှိသလို သူလည်း နိုင်ငံရေးနဲ့ ဘာမှ ပတ်သက်မှုမရှိဘူးဆိုလို့ ပြန်လွတ်လာပေးတာ” ဟု ၎င်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
သို့သော် နန်းအေးယိင်းနှင့်အတူ ဖမ်းဆီးခံရသော အရပ်သားအများစုကတော့ ပြန်လွှတ်လာခြင်းမရှိသေးကြောင်း ၎င်းက ပြောသည်။
စစ်တပ်သတင်းဟုစွပ်စွဲပြီး ပြီးခဲ့သော စက်တင်ဘာလ ၁၉ ရက်နေ့က ဖမ်းဆီးမှုတွင် နန်းအေးယိင်းအပါအဝင် အရပ်သား စုစုပေါင်း ၃၀ ခန့် ဖမ်းဆီးခံရကြောင်း မြိုခံများ၏ပြောပြချက်အရ သိရသည်။
“လမ်းမှာဖမ်းခံရတဲ့သူတွေရော၊ ကားပေါ်တင်ပြီး ခေါ်သွားတဲ့သူတွေရော ရှိတယ်။ သက်ကြီးရွယ်အိုတွေကိုတော့ ပြန်လွတ်လာပေးတယ်၊ ဒါပေမယ့် လူငယ်အရွယ်တွေကို ခေါ်ထားဆဲပဲ။ အခုထိစစ်ဆေးမေးမြန်းမှု မပြီးသေးလို့ ထိန်းသိမ်းထားလို့ ပြောတယ်” ဟု ကျောက်မဲမြို့ဒေသခံတစ်ဦးက ပြောသည်။
အလားတူ စက်တင်ဘာလ ၁၅ ရက် ညတွင်လည်း ကျောက်မဲမြို့ ရပ်ကွက် (၁)၊ ရပ်ကွက် (၂)နှင့် ပန်ပေါင်းရွာ ဒေသခံ စုစုပေါင်း (၃၀) ခန့်ကိုလည်း TNLA မှ အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အချိန်ထိ ပြန်လွတ်လာခြင်းမရှိသေးကြောင်း သိရသည်။
အဆိုပါအရပ်သားများကို စစ်တပ်ပေးဟုစွပ်စွဲပြီး ဖမ်းဆီးမှုနှင့် ပတ်သက်၍ ကျောက်မဲမြို့ တက်ကြွလှုပ်ရှားသူတစ်ဦးက “တကယ်ဆိုရင် TNLA ကအုပ်ချုပ်ရေးအပိုင်း ဖော်ဆောင်တဲ့နေရာမှာ ခိုင်မာတဲ့ ဥပဒေရှိဖို့ လိုတယ်။ ဥပဒေဆိုတဲ့နေရာမှာ စစ်ထောက်လှမ်းရေးလည်း ရှိသင့်တယ်။ အဲ့လိုမှ မဟုတ်ဘဲ တွေ့ရာလူတွေကို လိုက်ဖမ်းမယ်ဆိုရင်တော့ စားဝတ်ရေးအတွက် ရှာဖွေစားသောက်နေရတဲ့ ပြည်သူတွေ ဘယ်လိုလုပ်ကြမလဲ” ဟု ၎င်းက ပြောသည်။
TNLA သည် ယခုလဆန်းပိုင်းမှ စတင်၍ ကျောက်မဲမြို့ ကျေးရွာဒေသရှိ ဒေသခံများကို ဖမ်းဆီးခေါ် ဆောင်သွားခြင်း ရှိသကဲ့သို့ မြို့ပေါ် ရပ်ကွက်ရှိ ဒေသခံများကိုလည်း ဖမ်းဆီးခေါ်သွားခြင်းရှိကြောင်း ဒေသခံများက ပြောသည်။
ဖမ်းဆီးခံရသည့် ဒေသခံများအချို့သည် တောင်ပေါ်သို့ ဖမ်းဆီးခေါ်ဆောင်သွားခံရသလို အချို့မှာလည်း ကျောက်မဲမြို့ ရဲစခန်းဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ဆေးမေးမြန်းနေကြောင်း သိရသည်။
လက်ရှိ ကျောက်မဲမြို့နယ် တွင်လည်း TNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကော်မရှင်တပ်တို့အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေလျက်ရှိသဖြင့် ဒေသခံများက စိုးရိမ်နေရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ ရက်တွင် နောင်ပိန်တိုက်နယ်အတွင်းရှိ ခဲလုံကျေးရွာဘက်တွင် TNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကော်မရှင်တပ်တို့ ထိတွေ့တိုက်ပွဲကြား တောထဲ ထွက်ပြေးတိမ်းရှောင်နေရသည့် အရပ်သားတစ်ဦးလည်း သေနတ်ပစ်ခတ်ခံရပြီး စက်တင်ဘာလ ၁၈ ရက်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။












Leave a Comments