ထိုင်း-မြန်မာ-လာအို (၃) နိုင်ငံ ဆုံရာ ရွှေတြိဂံဒေသမှလာသည့် သန်းနှင့်ချီရှိသော စိတ်ကြွဆေးပြားများသည် ထိုင်းနိုင်ငံအတွင်းသို့ ဆက်တိုက်ဝင်ရောက်လာပြီး ထိုင်းရဲတပ်ဖွဲ့ကလည်း လိုက်လံပိတ်ဆို့ဖမ်းဆီးခဲ့ရာတွင် ပြီးခဲ့သည့်ရက်ပိုင်းက မူးယစ်မှောင်ခိုသမားများနှင့် ထိုင်းအာဏာပိုင်တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီခန့်က ချင်းရိုင်ခရိုင် မယ်ဖလုံမြို့နယ်အတွင်းရှိ တောလမ်းမှတစ်ဆင့် ကျောပိုးအိတ်များဖြင့် ဝင်လာသော လူ ၁၀ ဦးထက်မနည်းကို စစ်ဆေးရန်လုပ်နေစဉ် ၎င်းတို့က သေနတ်ဖြင့်စတင်ပစ်ခတ်ခဲ့သဖြင့် နှစ်ဖက်အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ထိုင်းသတင်းဌာနက ဖော်ပြသည်။
အဆိုပါနှစ်ဖက်အကြား ပစ်ခတ်မှုရပ်တန့်သွားပြီးနောက် ထိုင်းအာဏာပိုင်များက နယ်မြေရှင်းလင်းလုပ်ခဲ့ရာ ကောက်ရိုးအိတ် ၁၅ အိတ် စွန့်ပစ်ထားသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့နောက် စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် Chao Tak Task Force မှ တပ်ခွဲမှူး Col. Anuwat Panyanant နှင့်အတူ မယ်ဖလုံမြို့နယ် အုပ်ချုပ်ရေး၊ မယ်ဖလုံမြို့နယ် ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများသည် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်စစ်ဆေးခဲ့ပြီး အနီရောင် (L 999) အမှတ်အသားပါ အထုပ်များကို စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုအိတ်ထဲတွင် မက်သာဖက်တမင်း စိတ်ကြွဆေးပြား လေးသန်းကျော် (၄,၂၉၈,၀၀၀) ကို သိမ်းဆည်းရမိကြောင်း ထိုင်းသတင်းဌာနတွင် ရေးသားဖော်ပြထားသည်။
အလားတူ စက်တင်ဘာလ ၁၄ ရက်နေ့တွင်လည်း ချင်းရိုင်ခရိုင် Wiang Pa Pao မြို့နယ် Ban Pong Nong နယ်မြေရှိ တောထဲတစ်နေရာတွင် ချင်းရိုင်လိုင်စင်နံပါတ်ပါ အဖြူရောင်တစ်စီး စွန့်ပစ်ထားကြောင်း သတင်းရရှိသဖြင့် ထိုင်းအာဏာပိုင်များက သွားရောက်စစ်ခဲ့ရာ ကားတံခါးပေါက်အတွင်း ဝှက်ထားသည့် စိတ်ကြွဆေးပြား နှစ်သိန်း (၂၀၀,၀၀၀) ခန့်ကို သိမ်းဆည်းရမိကြောင်း သိရသည်။












Leave a Comments