နှစ်စဉ် စက်တင်ဘာလ ၈ ရက်ရောက်တိုင်း ကမ္ဘာ့နိုင်ငံအနှံ့တွင် လူတိုင်းပညာသင်ယူခွင့်ရရှိစေရန် အသိပေးနှိုးဆော်သည့်နေ့အဖြစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားကျင်းပလေ့ရှိသော်လည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် အခြေခံပညာသင်ယူခွင့် ဆုံးရှုံးသူ (၇) သန်းဝန်းကျင် ရှိနေသည်။
အာဏာမသိမ်းခင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ကျောင်းအပ်နှံသူ ၉ ဒသမ ၇ သန်းကျော်ရှိခဲ့ရာမှ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ၆ ဒသမ ၁ သန်းသာ ရှိခဲ့သည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ပြီးခဲ့သော သြဂုတ် ၆ ရက်နေ့တွင် အစီရင်ခံစာဖော်ပြသည်။
၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းနှင့် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) တို့၏ ထုတ်ပြန်ချက်အရ ကျောင်းနေအရွယ် လူဦးရေမှာ ၁၃သန်း ဝန်းကျင်ရှိနိုင်သည်ဟု (ISP-Myanmar) က ဖော်ပြသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးမပြေလည်ခြင်း၊ ဝင်ငွေထွက်ငွေ မမျှတခြင်းနှင့် လက်နက်ကိုင်ပဋိက္ခများအတွင်း လုံခြုံရေးစိတ်မချရခြင်း စသည့်ဖြင့် ကျောင်းတက်နှုန်းကျဆင်းမှုကို ဝါးကူထိုးနေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထိုထဲတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူနှုန်းလည်း ဆက်တိုက်ကျဆင်းနေသည်။ အဆင့်မြင့်ပညာ တက်လှမ်းသင်ခွင့်ရှိမည့် ကက္ကသိုလ်ဝန်တန်းဖြေဆိုသူများသည် ၂၀၂၀ ပြည့်နှစ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ၉ သိန်းကျော် ရှိခဲ့သော်လည်း ၂၀၂၅ ခုနှစ်တွင်မူ ၂ သိန်းဝန်းကျင်သာ ရှိတော့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
“နောင်တရတယ် ပြောရမလား၊ စစ်အာဏာစသိမ်းတုန်းက အခြေအနေတွေ ဒီလောက်ထိကြာသွားမယ် မထင်ဘူး။ အခုအားလုံးထဲမှာ ကိုယ်တွေတစ်ယောက်ထဲ ကျန်ခဲ့ပြီး၊ မိသားစုအဆင်ပြေတဲ့ ရွယ်တူသူငယ်ချင်းတွေ နိုင်ငံခြားမှာ ကျောင်းတက်နေတာမြင်တော့ ဝမ်းနည်းမိတယ်၊ စိတ်ဓာတ်ကျတယ်”ဟု တောင်ကြီးတက္ကသိုလ်ပထမနှစ် ကျောင်းသူတစ်ဦးက ပြောသည်။
အခြေခံပညာသင်ယူခွင့် ရရှိရေးသည် မြန်မာကလေးငယ်များအတွက် ကြီးမားသော အခက်အခဲဖြစ်နေပြီး ကျောင်းနေအရွယ် ကလေးစုစုပေါင်း၏ ၅၃ ရာခိုင်နှုန်းမှာ ကျောင်းအပ်နိုင်ခြင်းမရှိဘဲ ပညာသင်ယူခွင့် ဆုံးရှုံးလျက်ရှိကြောင်း သိရသည်။
အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (ERO) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ထိန်းချုပ်ထားသည့် နယ်မြေများတွင် စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် မကြာခဏ ဗုံးကြဲတိုက်ခိုက်လေ့ရှိသည်။
စစ်ကော်မရှင်သည် အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ် မေလ ၁၂ ရက်အထိ နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၂,၆၇၉ မှုရှိခဲ့ပြီး အသက် (၁၈) နှစ်အောက် ကလေးငယ် (၄၄၁) ဦးအပါအဝင် ပြည်သူ ၃,၀၄၃ ဦးအထိ သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ယခုနှစ် မေလ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းပေါင်း ၂၄၀ ကျောင်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကော်မရှင်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် စစ်ဘေးရှောင်များလည်း လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်ကြသေးသလို ပညာသင်ယူခွင့်ဆုံးရှုံးနေရသည့် သားသမီးများနှင့် ၎င်းတို့ဘဝရှေ့ရေးအတွက်လည်း စိုးရိမ်နေရကြောင်း ပြောသည်။
“စစ်ဘေးရှောင်ဘဝဆိုတာလည်း အမျိုးမျိုးခက်ခဲနေကြတာပဲ။ အခုလည်း ပြည်တွင်း၊ ပြည်ပ အလှူရှင်တွေလည်း မရှိတော့ ဒေသခံတွေကို အားကိုးနေရတယ်။ အခုနောက်ပိုင်း စစ်ဘောင်ကကျယ်လာတော့ ဒေသခံတွေလည်း စစ်ဘေးရှောင်နေရတယ်။ အချိန်ကြာလာရင် ကလေးတွေလည်း စာမသင်ရဘူး၊ ဒီထက်ပိုပြီး ခက်ခဲလာမှာကို တွေးပြီးစိုးရိမ်နေရတာပေါ့”ဟု ကျောက်မဲမြို့ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် အခြေခံစားနပ်ရိက္ခာ ပျမ်းမျှကုန်ဈေးနှုန်းသည် ၂၀၂၁ ခုနှစ် အစောပိုင်းကာလနှင့် နှိုင်းယဉ်ပါက ၄ ဆအထိ မြင့်တက်လာပြီး မြန်မာနိုင်ငံရှိ လူ ၃ ဦးတွင် ၁ ဦးသည် ဝမ်းရေးမဖူလုံမှုကို ရင်ဆိုင်နေရကြောင်း၊ လူဦးရေ ၂ ဒသမ ၈ သန်းမှာ ထမင်းတစ်နပ်အတွက် နေ့စဉ်ရုန်းကန်နေရသည့် အရေးပေါ်အခြေအနေ ဖြစ်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က စက်တင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ထို့ပြင် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရှိ လူငယ် ၁၀ ယောက်တွင် ၄ ယောက်သည် ပဋိက္ခ၊ စီးပွားရေးပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့် နိုင်ငံအတွင်းမှ ထွက်ခွာလိုကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UNDP) က သြဂုတ် ၁၂ ရက်နေ့တွင် အစီရင်ခံစာ ဖော်ပြသည်။












Leave a Comments