ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖော်ဆောင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” အတွင်း သျှမ်းပြည်မြောက်ပိုင်းရှိ မြို့အများအပြားကို စစ်အုပ်စုထံက သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော်လည်း တရုတ်၏ ကြားဝင်စေ့စပ်မှုအရ သိမ်းပိုက်ထားသည့် မြို့အချို့အား ပြန်လည်လက်လွှတ်ခဲ့ရသည်။
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ခေါ် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီတို့သည် ၂၀၂၅ ဇန်နဝါရီလ ၁၈ ရက်အတွင်း အပစ်အခတ် ရပ်စဲခဲ့ပြီး အောက်တိုဘာလ ၂၇ နှင့် ၂၈ ရက်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတို့ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ထပ်မံတွေ့ဆုံ ဆွေးနွေးပြီး အပစ်ရပ် သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။
အဆိုပါ သဘောတူညီမှုအရ TNLA သည် သျှမ်းပြည်မြောက်ပိုင်းတွင် မြို့အချို့အား သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပြီး အလားတူ MNDAA သည်လည်း မြို့အချို့ကို သိမ်းပိုက်အုပ်ချုပ်လျက် ရှိနေသည်။
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA အပါအဝင် TNLA ၊ MNDAA တို့သည် သျှမ်းပြည်အတွင်း သီးခြားထိန်းချုပ်မြို့များဖြင့် အုပ်ချုပ်ရေးယန္တရား လည်ပတ်လျက်ရှိသည်ကို တွေ့ရသည်။
သျှမ်းပြည်မြောက်ပိုင်းရှိ နိုင်ငံရေးအခြေအနေများ၊ လက်နက်ကိုင်အဖွဲ့အစည်းများ၏ အပစ်အခတ်ရပ်စဲမှုများ အပါအဝင် စစ်အုပ်စု ကျင်းပမည့် ရွေးကောက်ပွဲ အခြေအနေများနှင့် ပတ်သက်၍ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ၏ ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်း ထံ သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားသည်။
မေး ။ ။ ၂၀၂၁ နောက်ပိုင်း သျှမ်းပြည်မှာ ဖြစ်ပွားလာတဲ့ စစ်ရေးပဋိပက္ခဟာ အထူးသဖြင့် သျှမ်းမြောက်မှာ တရုတ်ရဲ့ ကြားဝင်မှုကြောင့် အပစ်အခတ် ရပ်စဲသွားကြတယ်။ ဒီ အပစ်ရပ် သဘောတူညီမှုက အတိုင်းအတာ တစ်ခုအထိ သွားနိုင်သလား၊ ဘာလို့ဆို ဒေသခံတွေကလည်း နေရပ်ပြန်ရေး မပြန်ရေး စောင့်ဆိုင်းနေတဲ့ အခြေအနေတွေ ရှိနေတော့ ဆရာအနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သုံးသပ်ပေးပါဦး။
ဖြေ ။ ။ ကျနော်ထင်တယ် အခုလက်ရှိ သျှမ်းမြောက်ပေါ့နော်၊ သျှမ်းမြောက်ကတော့ အပစ်အခတ်ရပ်စဲရေး ရသွားတယ်။ ရသွားတော့ အဲဒါကို ကျနော်တို့ ပြောတာတော့ Bilateral Ceasefire (နှစ်ဖက်အပစ်အခတ် ရပ်စဲရေး) ခေါ်တာပေါ့၊ Bilateral ဆိုတာ နှစ်ဖွဲ့ချင်း သဘောတူညီတဲ့ ကိစ္စမျိုး။ အဲဒါက ပြဿနာက နိုင်ငံရေးအရ ကြေလည်အောင် ဆွေးနွေးဖို့ မဖြစ်နိုင်ဘူး ဆိုတာ လောလောဆယ် မင်းလည်း မပစ်နဲ့ ဒီလူလည်း လေယာဉ်ပျံနဲ့ ဗုံးမကြဲနဲ့ အဲဒီလောက်ပဲ ရပ်ထားတဲ့ အနေအထားမျိုး၊ ဒါက အာမခံချက်တော့ မရှိဘူး။
ဒါပေမဲ့ အာမခံချက်က ဘယ်သူ ဝင်လုပ်ပေးတာလဲ ဆိုတော့ ကြားက တရုတ်က ဝင်အာမခံထားပေးရတာပေါ့၊ ဒီလိုသဘောတော့ ရှိတယ်။ ဒီအနေအထား အတိုင်းကတော့ တစုံတရာတော့ ငြိမ်မယ်။ ဒီအတိုင်းတော့ ဆက်ရှိနေဖို့ များတာပေါ့၊ အထူးသဖြင့် တရုတ်က ကျားကန်ပေးထားရင်တော့ ဖြစ်မှာပေါ့။
မေး ။ ။ သျှမ်းပြည်မှာ ‘ဝ’တပ်ဖွဲ့က တသီးတခြား ရပ်တည်နေတယ်၊ သူ့ဥပဒေနဲ့ သွားနေတဲ့ ပုံစံမျိုးပေါ့။ အခုကျတော့ သျှမ်းမြောက်မှာ TNLA ၊ MNDAA တို့ကလည်း မြို့အချို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ဖို့ ကြိုးစားနေတယ်၊ စစ်တပ်နဲ့လည်း သဘောတူညီမှုရပြီး အပစ်ရပ်သွားကြပြီဆိုတော့ သျှမ်းပြည် အနေအထားက ဘယ်လို ဖြစ်သွားပြီလဲ။
ဖြေ ။ ။ အဲဒီလိုတော့ ပြောဖို့ခက်တယ်ဗျ၊ နိုင်ငံရေးအရ ဘာမှ သဘောတူညီချက် မရှိဘဲ သွားနေတဲ့ အနေအထားမျိုးနဲ့ တူတယ်လေနော်။ အရင် အစောပိုင်းတုန်းက ဒီ FPNCC ဆိုပြီးတော့ ‘ဝ’က ဦးဆောင်တယ်၊ ကျန်တဲ့ သျှမ်းပြည်က အဖွဲ့အစည်း တော်တော်များများ ပါပြီးတော့ တပ်ပေါင်းစုလို ရှိတယ်။ အခုချိန်မှာ FPNCC လည်း တော်တော် ဩဇာမရှိတော့ဘူး၊ ဒီလိုပုံစံ ဖြစ်သွားတယ်။
မေး ။ ။ ‘ဝ’တပ်ဖွဲ့ကို အားကျ အတုယူပြီးတော့ လက်နက်ကိုင်တပ်တွေက အင်အားတွေ တည်ဆောက်လာကြတာ တွေ့ရတယ်။ ဒီအခြေအနေက ပြည်ထောင်စုအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်သလဲ။
ဖြေ ။ ။ အထူးသဖြင့် AA တို့လို ပြောတာပေါ့နော်၊ သူတို့ ပြောတာတော့ ကွန်ဖက်ဒရေးရှင်း ဆန်ဆန် ပုံစံမျိုး ပြောပြီးတော့ အားကျတယ်၊ လိုချင်လာတယ်ဆိုတဲ့ ပုံစံမျိုးတော့ ရှိတာပေါ့နော်။ ဒါပေမဲ့ အဲဒါကတော့ အဖွဲ့အစည်းတိုင်း လုပ်ဖို့တို့၊ ဒီလို အင်အားတည်ဆောက်ဖို့ဆိုတာ လွယ်တဲ့ အနေအထား မဟုတ်ဘူးလို့ ထင်တာပေါ့။
နောက်တစ်ခုက အခုပုံစံ အထူးသဖြင့် တရုတ်က ဖြတ် ၅ ဖြတ်တွေ လုပ်ပြီးတဲ့နောက်ပေါ့နော်၊ ‘ဝ’ကိုယ်တိုင် အကျပ်အတည်း ရှိတယ်လို့ ကျနော်ထင်တယ်။ ကျန်တဲ့ အဖွဲ့အစည်းတွေလည်း ဒီကျည် လက်နက်ပေါ့ ဒါတွေ အခက်အခဲရှိတယ်လို့ ကျနော်ထင်ပါတယ်။
မေး ။ ။ အခု စစ်အုပ်စုက ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ထင်ရှားပြီး လူထုထောက်ခံမှု ရရှိထားတဲ့ အတိုက်အခံ နိုင်ငံရေးပါတီတွေ မပါဝင်တဲ့ အဲဒီ ရွေးကောက်ပွဲအလွန် ဘယ်လို အခင်းအကျင်း ပေါ်လာနိုင်သလဲ။
ဖြေ ။ ။ အဲဒါကတော့ ဒီလို အခုအပြောင်းအလဲက စစ်အုပ်စုက ဦးဆောင်တယ်၊ သူက ဦးဆောင်ပြီးတော့ ချုပ်ကိုင်ပြီး အပြောင်းအလဲ လုပ်ချင်တာလေ။ ကျနော်တို့ကတော့ ပြောတာတော့ Regime-led Change ပေါ့၊ လက်ရှိ “စစ်အုပ်စုကပဲ ဦးဆောင်ပြီး လုပ်လိုက်တဲ့ အပြောင်းအလဲမျိုး ဖြစ်မှာပေါ့၊ အများကြီးတော့ မျှော်လင့်ထားလို့ မရဘူး”။
မေး ။ ။ အဲဒီ ရွေးကောက်ပွဲအလွန်မှာ ပဋိပက္ခတွေကရော ပိုပြီး ကြီးထွားလာနိုင်သလား။
ဖြေ ။ ။ ကျနော်ထင်တယ် ပဋိပက္ခဆိုတာတော့ မကျေနပ်တဲ့သူ ရှိရင် ရှိမှာပဲလေ။ အဲဒီတော့ တစ်ခုရှိတာတော့ အဲဒီ လက်ရှိအခြေအနေမှာ စစ်ရေးပေါ့နော် အထူးသဖြင့်တော့ ညီနောင်သုံးဖော် ကိစ္စရှိတယ်၊ နောက်တစ်ခါ ခုနလိုပေါ့ နှစ်ပါတီချင်း အပစ်အခတ် ရပ်စဲရေးတွေ ရှိတယ်။
နောက်တစ်ခါ တရုတ်က ဒီလို လက်နက် ကျည်လမ်းကြောင်းတွေ ပိတ်ဆို့တဲ့ဟာမျိုးတွေ ရှိတော့ အခြေအနေကတော့ ကျနော်တို့ မြင်တာတော့ Stalemate ဖြစ်သွားပြီ။ Stalemate ဆိုတာ သူမသာ ကိုယ်မသာ ပေါ့၊ ဆိုတော့ ဒီလို အနေအထား ဖြစ်သွားပြီလို့ ထင်တယ်။
အဲဒီတော့ ဘာဖြစ်နိုင်သလဲ ဆိုတဲ့အခါ ကြတော့ နေပြည်တော် သွားသိမ်းမယ်တို့ ဖြိုချလိုက်မယ်တို့ ဆိုတာလည်း မဖြစ်နိုင်ဘူး။ တဖက်ကလည်း ဒီဖက်က အုပ်စုတွေ အကုန်လုံး အပြုတ် ဖြုတ်ချမယ် ဆိုတာမျိုးလည်း မဖြစ်နိုင်ဘူး ထင်ပါတယ်။ ဒါပေမဲ့ ဘယ်လိုခေါ်မလဲ ပျောက်ကြားတိုက်ပွဲတွေမျိုးပေါ့ဗျာ ဒီလိုပွဲမျိုးတော့ ရှိမှာပေါ့။
မေး ။ ။ ၁၉၈၈ ခုနှစ်နောက်ပိုင်း ကျင်းပတဲ့ ၁၉၉၀ ရွေးကောက်ပွဲနဲ့ အခု ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ပြုလုပ်မယ့် ၂၀၂၅ ရွေးကောက်ပွဲ နှစ်ခုမှာ ဘယ်လို ကွာခြားမှု ရှိနိုင်မလဲ။
ဖြေ ။ ။ Nature ချင်းက မတူဘူးလေနော်။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက သူက ပါတီတွေကို တတ်နိုင်သလောက် ပါတီစုံရင် ကောင်းတယ်ဆိုပြီးတော့ များများ ဖွဲ့ခိုင်းတယ်။ ပြီးတော့ ပါတီတွေဖွဲ့ရင် ဘာခေါ်မလဲ မြေကွက်ပေးတာတို့၊ နောက်တစ်ခါ ဓာတ်ဆီရောင်းပေးတာတို့ ဒါမျိုးတွေလည်း လုပ်ခဲ့တာတွေ ရှိတာလေ။ အဲဒီတော့ NLD ကိုလည်း ခွင့်ပြုထားတယ်၊ နောက်တစ်ခါ NLD ကို ပြိုင်ဖို့ဆိုရင် ကျန်တဲ့ ပါတီတော်တော်များများကို ခွင့်ပြုထားတဲ့ အနေအထားမျိုး ရှိတယ်။ ဒါက ၁၉၉၀ အနေအထား ပြောတာပါ။
အခုအနေအထားမှာကျတော့ သူက ပါတီတွေကို တတ်နိုင်သလောက် ဘာခေါ်မလဲ ဘား (Bar) မြှင့်တာပေါ့၊ တစ်နိုင်ငံလုံး ပြိုင်နိုင်တဲ့ ပါတီ လုပ်တယ်။ ဆိုတော့ အဲ့ဒီဟာကလည်း သိပ်မရှိဘူး ၆ ပါတီလား ရှိတယ်၊ ဒီဘက်က ကျန်တဲ့ ပါတီတွေက ကိုယ့်ပြည်နယ်နဲ့ ကိုယ့်တိုင်းဒေသကြီးပဲ ပြိုင် ဆိုတဲ့ဟာမျိုးတွေ လုပ်ပစ်လိုက်တယ်။ အဲဒီလို ကန့်သတ်မှုကတော့ ပိုများတယ်လို့ ထင်တယ်။
နောက်တစ်ခုကကျတော့ ၁၉၉၀ ရွေးကောက်ပွဲတုန်းကတော့ ဘာမှ အစီအစဉ် သေချာ ပြင်ထားတာ မရှိတော့ Unicameral (လွှတ်တော်တစ်ရပ်တည်းသာ ရှိသော စနစ်) ပေါ့၊ လွှတ်တော် တစ်ရပ်တည်းအတွက် လုပ်တဲ့ ရွေးကောက်ပွဲလေ။ အခုကကျတော့ လွှတ်တော်နှစ်ရပ်အတွက် ဖြစ်တယ်၊ ပိုပြီးတော့မှ ရှုပ်ထွေးတဲ့ PR ကိစ္စတွေ၊ FPTP ကိစ္စတွေလည်း ပါလာတာပေါ့နော်။ အဲ့တော့ ဒီရွေးကောက်ပွဲကတော့ ပိုရှုပ်ထွေးအောင် လုပ်ထားတယ်လို့တော့ ထင်ပါတယ်။
မေး ။ ။ အခု စစ်အုပ်စု လုပ်မယ့် ရွေးကောက်ပွဲကို အားလုံးက မကြိုက်ဘူး၊ မလုပ်ဖို့ပြောပေမယ့် ရွေးကောက်ပွဲ မလုပ်ဘဲ ဒီတိုင်းပဲ နေရင်ရော ဒီတိုင်း တိုက်ခိုက်နေကြရင် အဖြေက ပေါ်လာမှာလား။
ဖြေ ။ ။ ဒီနိုင်ငံရေးနည်းအားဖြင့်တော့ တစ်ချိန်ချိန်မှာ ဆွေးနွေးရမှာပေါ့ဗျာ၊ ဒီစစ်ကြီးပဲ တိုက်လို့တော့ မရပါဘူး။
မေး ။ ။ နောက်တစ်ခုက အိမ်နီးချင်း ထိုင်းနိုင်ငံမှာ မကြာခဏ အာဏာသိမ်းမှု ဖြစ်တယ်၊ ဝန်ကြီးအပြောင်းအလဲတွေ မကြာခဏ လုပ်တယ်။ ထိုင်းအာဏာသိမ်းမှုနဲ့ မြန်မာအာဏာသိမ်းမှု ဘာကွာခြားလဲ။
ဖြေ ။ ။ ထိုင်းမှာကတော့ သူ့ Institution (အဖွဲ့အစည်းဆိုင်ရာ စနစ်) တွေ များပါတယ်။ သူတို့ကလည်း ခိုင်ခိုင်မာမာနဲ့ ရှိပြီးသား ဖြစ်တယ်။ ဥပမာ နန်းတော်ဆိုလည်း Institution တစ်ခုပဲလေ။ ကျနော်တို့ဆီမှာကျတော့ အဲဒီလို Institution ဆိုလို့ စစ်တပ်တစ်ခုပဲ ရှိတယ်။ ကျန်တဲ့ဟာတွေကို သူက ဖြိုချပစ်တာကြီးပဲ၊ အဲ့လိုမျိုး ဖြစ်တာပေါ့။
မေး ။ ။ အခု မေးသွားတဲ့ သျှမ်းပြည်အရေးနဲ့ ပတ်သက်ပြီး ဆရာအနေနဲ့ ဘာများ ဖြည့်စွက် ပြောကြားလိုပါသလဲ။
ဖြေ ။ ။ သျှမ်းပြည်အရေးကတော့ ဒီမှာ ဟိုတစ်လောကပဲ ICG ( International Crisis Group) ကနေပြီးတော့ အစီရင်ခံစာ ထွက်ပါတယ်။ ထွက်တယ်ဆိုတာက သျှမ်းပြည်မှာ အခုက အဓိက ပြောရင်တော့ သျှမ်းအမျိုးသား နိုင်ငံရေးရှိတယ်။ အဲဒါက အရင်ကာလတွေတုန်းက သူတို့က ဦးဆောင်မှုတွေ ရှိတာပေါ့။
အခုကျတော့ ပလောင် (TNLA) ကလည်း သူ့ဘာသာသူ ဖြစ်လာတယ်။ ကိုးကန့် (MNDAA) ကလည်း သူ့ဘာသာသူ ဖြစ်လာတယ်၊ နောက်တစ်ခါ ‘ဝ’ (UWSA) တို့ ဘာတို့ စသဖြင့်ပေါ့ဗျာ။ နောက်တစ်ခါ သျှမ်းမှာလည်း နှစ်ဖွဲ့ (RCSS နှင့် SSPP) မညီညွတ်ဘူးဆိုတဲ့ဟာ ဖြစ်တယ်။
နောက်တစ်ခုက ဦးစိုင်းညွန့်လွင်တို့ပါတီ (SNLD) ဆိုရင် Register လည်း ပါတီမှတ်ပုံတင် မလုပ်ထားဘူး၊ ရွေးကောက်ပွဲလည်း မဝင်ဘူးလေနော်။ အဲ့တော့ ပြောမယ်ဆိုရင်တော့ ဒီ သျှမ်းအမျိုးသားရေးဝါဒီတွေပေါ့၊ သူတို့အတွက်ဆိုရင် အခက်ခဲဆုံး အခြေအနေလို့ ထင်တယ်။ သျှမ်းပြည်အတွက်လည်း ကျနော်ထင်တာကတော့ အရှုပ်ထွေးဆုံး အခြေအနေလို့ ထင်တယ်ဗျ။
မေး ။ ။ အဲဒီအခြေအနေကနေ စိုးရိမ်မှု အနေအထား ဘယ်လို ဖြစ်သွားနိုင်သလဲ။
ဖြေ ။ ။ အဓိက ဘယ်သူ ဦးဆောင်မှာလဲပေါ့နော်၊ နောက်တစ်ခုက ဘယ်သူကနေ စပြီး ဦးဆောင်စုစည်းမှာလဲ ဆိုတဲ့ Question မေးခွန်းမျိုး ရှိတယ်။ ဘယ်လို အခြေအနေမှာ အခြေခံမလဲ ဆိုတာလည်း ရှိတယ်ပေါ့။












Leave a Comments