သျှမ်းပြည်လွှတ်တော်တွင် ရေးရာကော်မတီ(၄)ခုဖွဲ့၊ သင်္ကြန်မတိုင်မီ အစိုးရအဖွဲ့သစ် ပေါ်မည်ဟုဆို

စစ်ကော်မရှင် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် သျှမ်းပြည်နယ်လွှတ်တော်တွင် ဥပဒေပြုရေးဆိုင်ရာကော်မတီ အပါအဝင် ရေးရာကော်မတီ (၄) ခုကို ထပ်မံဖွဲ့စည်းခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (မတ်လ ၂၆ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့ ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့၌ ဥပဒေပြုရေးဆိုင်ရာ ကော်မတီ၊ တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာကော်မတီ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ၊ ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာကော်မတီတို့ကို ဖွဲ့စည်းရန် ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်က တင်ပြခဲ့ကြောင်း သိရသည်။

အဆိုပါ ကော်မတီ(၄)ဖွဲ့သည် သျှမ်းပြည်နယ်လွှတ်တော်သို့ တင်ပြထားသည့် အနေအထားသာဖြစ်ပြီး လာမည့် မတ်လ ၃၀ ရက်တွင် အတည်ပြုသွားမည်ဖြစ်ကြောင်း၊ ကော်မတီတစ်ခုလျှင် သက်တမ်း တစ်နှစ်သာရှိကြောင်း သိရသည်။

“လွှတ်တော် အဆုံးအဖြတ်နဲ့ အတည်မပြုရသေးဘူး။ လုပ်ငန်းတာဝန်ရယ် ပြီးမှ ရပိုင်ခွင့်တွေပေါ့။ လွှတ်တော် တစ်ရပ်လုံး၊ ပြီးမှ လွှတ်တော်ဥက္ကဋ္ဌကို တာဝန်ခံပြီးမှ လိုအပ်တဲ့ ကဏ္ဍအလိုက် ကော်မတီ တာဝန်ခွဲပြီးမှ လုပ်သွားတဲ့ သဘောပါပဲ” ဟု သျှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ တတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော်တွင် ၂၀၂၆-၂၀၃၀ သက်တမ်းအတွက် ရေးရာကော်မတီ (၄) ခုကို ကနဦး ဖွဲ့စည်းမည်ဖြစ်ပြီး နောက်ပိုင်းတွင် ရေးရာကော်မတီ ၁၀ ခု၊ ၁၁ ခုခန့်အထိ ထပ်မံဖွဲ့စည်းသွားမည်ဟု သိရသည်။

ထို့အပြင် တောင်သူလယ်သမား၊ အလုပ်သမားနှင့် သက်ဆိုင်သော ကော်မတီ၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူငယ်ကဏ္ဍနှင့် သက်ဆိုင်သည့် ကော်မတီ၊ သဘာဝ သယံဇာတ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေးနှင့် ပတ်သက်သည့် ကော်မတီ၊ တရားဥပဒေစိုးမိုးရေး ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သည့် ကော်မတီများကိုလည်း ထပ်ဖွဲ့ရန်ရှိကြောင်း ၎င်း လွှတ်တော်ကိုယ်စားလှယ်က ဆက်ပြောသည်။

“အဲ့ရေးရာကော်မတီတွေက သျှမ်းပြည်ရဲ့အကျိုးကို ဝိုင်းပြီးမှ လုပ်မယ်ဆိုတဲ့ အနေအထားမှာ ရှိပါတယ်။ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးကဏ္ဍကို ဝိုင်းပြီးမှ လုပ်ကြမှာ။ ပြည်သူကိုယ်စားပြုပြီးမှ သျှမ်းပြည်လွှတ်တော်ကတဆင့် ပြည်သူ့အသံကို အဓိက ဦးစားပေးပြီး ဒီ ၅ နှစ်အတွင်း ဖွံ့ဖြိုးတိုးတက်အောင် ပုံဖော်နိုင်လိမ့်မယ်” ဟု အဆိုပါ လွှတ်တော်ကိုယ်စားလှယ်က ပြောဆိုသည်။

အလားတူ လာမည့် မတ်လ (၃၀) ရက်တွင် စစ်ကော်မရှင် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များဖြင့် ခေါ်ယူကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ဒုသမ္မတများကို သက်ဆိုင်ရာ အစုအဖွဲ့များမှ အမည်စာရင်း တင်သွင်းပြီး စစ်တပ်အသွင်ပြောင်း သမ္မတကို ရွေးကောက်တင်မြှောက်ပြီးပါက သင်္ကြန်မတိုင်မီတွင် ပြည်ထောင်စုနှင့် သက်ဆိုင်ရာ ပြည်နယ်/တိုင်း အစိုးရအဖွဲ့သစ်များ ပေါ်ပေါက်လာနိုင်ကြောင်း လွှတ်တော်အသိုင်းအဝိုင်းထံမှ သိရသည်။

“ပြည်ထောင်စုမှာကတော့ နိုင်ငံတော်သမ္မတ ပေါ်လာမှ၊ သူကနေ အဆိုပြုတဲ့ သက်ဆိုင်ရာ ပြည်နယ်/တိုင်း ဝန်ကြီးချုပ်လောင်း ပေါ်လာမှ။ ပြီးမှ အစိုးရအဖွဲ့ကို တင်ပြလာမှ သျှမ်းပြည်နယ် လွှတ်တော်ကနေ အတည်ပြုမှ အဲ့ဒီသျှမ်းပြည်နယ် အစိုးရအဖွဲ့ အသစ်က ပေါ်လာမယ်။ ဒီမတ်လ ၃၀ ရက်နေ့ နောက်ပိုင်း၊ သင်္ကြန်ရှေ့ပိုင်းတော့ ဖြစ်ဖို့များတယ်” ဟု အမည်မဖော်လိုသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယနေ့ (မတ်လ ၂၇ ရက်)တွင် ကျရောက်သည့် (၈၁) ကြိမ်မြောက် စစ်ကော်မရှင်တပ်နေ့ အခမ်းအနား နောက်ပိုင်းတွင် စစ်တပ်ခေါင်းဆောင် အပြောင်းအလဲ ဖြစ်မည်ဟု ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ယမန်နေ့ (မတ်လ ၂၆ ရက်) တွင် ပြုလုပ်ခဲ့သည့် စစ်တပ်အငြိမ်းစား အရာရှိကြီးများ ကန်တော့ပွဲတွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၈) ရက်တွင် ထိုင်းနိုင်ငံ ဖူးခတ်မြို့၌ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံခဲ့စဉ် မကြာခင်က ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲမှတဆင့် သင်္ကြန်ကာလမတိုင်မီ စစ်တပ်အသွင်ပြောင်း အစိုးရသစ်တစ်ရပ် ဖွဲ့စည်းနိုင်လိမ့်မည်ဟု စစ်ကော်မရှင်ဝန်ကြီး ဦးသန်းဆွေက ပြောဆိုခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောကြားချက်ကို ကိုးကား၍ ထိုင်းသတင်းများတွင် ဖော်ပြသည်။

မတ်လ တတိယပတ်မှ စတင်ပြီး စစ်ဗိုလ်ချုပ်များနှင့် စစ်တပ်ကိုယ်ပွားများက တရားမဝင် လွှတ်တော်ကို နေပြည်တော်တွင် ခေါ်ယူကျင်းပခဲ့ပြီး ထိပ်တန်းစစ်ဗိုလ်ချုပ်များသည် အရေခွံလဲသည့်အနေဖြင့် စစ်ယူနီဖောင်းကို စွန့်ကာ အရပ်ဝတ်လဲရန် ဧပြီလ အစောပိုင်းတွင် အပြီးသတ် ဆောင်ရွက်မည့် ပုံပြောင်းလုပ်ငန်းစဉ် စတင်ပြီဟု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က မတ်လ (၁၆) ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထိုကဲ့သို့ လွှတ်တော်ခေါ်ယူပြီး အစိုးရဖွဲ့ရန် ကြိုးပမ်းနေသည့် စစ်ကော်မရှင်တပ်၏ ဟန်ပြရာထူးဂုဏ်ပုဒ်များ တပ်ပြီး အရပ်ဝတ်လဲရန် ကြိုးစားမှုများသည် မြန်မာပြည်သူများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကို လှည့်စား၍ မရကြောင်း၊ ၎င်းတို့ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကိုလည်း ဖျောက်ဖျက်၍ မရဘဲ နောက်ဆုံးတွင် အညံ့ခံပြီး တရားမျှတမှုကို ရင်ဆိုင်ရမည်ဟု SAC-M အဖွဲ့ဝင် မစ္စ ယန်ဟီးလီက ပြောကြားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းပြည်လွှတ်တော် ဥက္ကဋ္ဌအဖြစ် USDP ပါတီမှ စိုင်းလုံကျော် ဖြစ်လာ

0
သျှမ်းပြည်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဖယ်ခုံမြို့နယ်တွင် အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးကောက်ခံခဲ့ရသည့် စိုင်းလုံကျော်ကို တင်မြှောက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၂၀ ရက်) နံနက် ၁၀ နာရီတွင် တောင်ကြီးမြို့ရှိ သျှမ်းပြည်နယ် လွှတ်တော်ရုံး အစည်းအဝေးခန်းမတွင် တတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော်ကို စတင်ခေါ်ယူ ကျင်းပခဲ့သည်။ အဆိုပါ...

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကတိသစ္စာပြု၊ CRPH လည်း လွှတ်တော်ခေါ်ယူ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်သူ့လွှတ်တော်တွင် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) တွင် နေပြည်တော်၌ ပြည်သူ့လွှတ်တော် အစည်းအဝေးကို စစ်တပ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များဖြင့် စတင်ခေါ်ယူ ကျင်းပခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်...

ကွဲအက်ရာကို ကျော်လွှားပြီး စုပေါင်းအားနဲ့ အာဏာရှင်ကို ရင်ဆိုင်နိုင်ဖို့

0
မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ တရားဝင်အခင်းအကျင်းရဖို့ ဟန်ပြရွေးကောက်ပွဲကျင်းပပြီး တရားဝင်လွှတ်တော်၊ တရားဝင်အစိုးရ၊ တရားဝင်သမ္မတ နေရာရဖို့ အာဏာသိမ်းစစ်တပ်က လုံးပမ်းနေချိန်မှာ သျှမ်းပြည်တိုင်း ရင်းသား လက်နက်ကိုင်အုပ်စုကြားမှာ ယှဉ်ပြိုင်မှုတွေ ပြည့်နှက်လာပြီး ပဋိပက္ခတွေဟာ နေ့စဉ်နဲ့အမျှ တိုးများလာနေပါတယ်။ TNLA နဲ့ KIA ၊ TNLA နဲ့ SSPP ၊...

“မြန်မာ့မျက်နှာစာသစ်” ဖိုရမ်ကို အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်မည်

0
စစ်ကော်မရှင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များသည် လွှတ်တော်အစည်းအဝေး မစတင်မီ "မြန်မာ့မျက်နှာစာသစ်" ဖိုရမ်ကို တက်ရောက်ရမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ လာမည့် မတ်လ ၁၃ ရက်နှင့် ၁၄ ရက်တွင် နေပြည်တော်ရှိ MICC-1 ၌ စစ်ကော်မရှင် ဦးဆောင်ကျင်းပမည့် “မြန်မာ့မျက်နှာစာသစ်ဖိုရမ်”ကို ရွေးကောက်ပွဲမှတဆင့် တက်လာမည့်...

PR စနစ်ဖြင့် ရွေးကောက်တင်မြှောက်ခံရသည့် သျှမ်းပြည်လွှတ်တော်အမတ်စာရင်း UEC ထုတ်ပြန်

0
သျှမ်းပြည် မြို့နယ်(၁၇) ခုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်သော်လည်း အချိုးကျကိုယ်စားပြုစနစ် PR ဖြင့် ရွေးကောက်တင်မြှောက်ခံရသည့် ပြည်နယ်လွှတ်တော်အမတ် စာရင်းကို UEC မှ ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၂ ) ရက်စွဲဖြင့် စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ သျှမ်းပြည်နယ်လွှတ်တော်အတွက် နိုင်သူအကုန်ယူစနစ်...