သျှမ်းပြည်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဖယ်ခုံမြို့နယ်တွင် အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးကောက်ခံခဲ့ရသည့် စိုင်းလုံကျော်ကို တင်မြှောက်ခဲ့ကြောင်း စုံစမ်းသိရသည်။
ယနေ့ (မတ်လ ၂၀ ရက်) နံနက် ၁၀ နာရီတွင် တောင်ကြီးမြို့ရှိ သျှမ်းပြည်နယ် လွှတ်တော်ရုံး အစည်းအဝေးခန်းမတွင် တတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော်ကို စတင်ခေါ်ယူ ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ တက်ရောက်လာသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ မဲခွဲရွေးချယ် ဆုံးဖြတ်ရာတွင် သျှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP မှ ဖယ်ခုံမြို့နယ်ကိုယ်စားပြု စိုင်းလုံကျော်ကို ရွေးချယ် တင်မြှောက်ခဲ့ကြပြီး၊ မိုင်းပျဉ်းမြို့နယ်ကိုယ်စားပြု စိုင်းထွန်းစိန်ကို ဒုဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြကြောင်း သိရသည်။
“ပုံမှန်လိုပဲ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတွေကို ရွေးချယ်သွားတယ်။ အစည်းအဝေးတွေ ပြီးသွားရင်တော့ အရင်လို ဒီမိုကရေစီ ပြန်ဖြစ်ပြီး၊ အရင်လို ၂၀၀၈ အခြေခံဥပဒေအရ အခွင့်အရေးတွေ ပြန်ရမယ်လို့တော့ မျှော်လင့်မိပါတယ်။ အခြေအနေတွေ ဘယ်လို ဖြစ်လာမလဲဆိုတာ ထပ်စောင့်ကြည့်ရပါဦးမယ်”ဟု လဲချားမြို့နယ် FPTP ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းအက်စကီးမိုး က သျှမ်းသံတော်ဆင့်ကို ပြောသည်။
သျှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခံရသည့် စိုင်းလုံကျော်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ကိုယ်စားပြု၍ ဖယ်ခုံမြို့နယ် မဲဆန္ဒနယ်မှ အချိုးကျ ကိုယ်စားပြု PR စနစ်ဖြင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အမှတ်(၂) ဖြစ်လာခဲ့ကြောင်း သိရသည်။
ဖယ်ခုံမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး အင်အားစုတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် ပြိုင်ဘက်မရှိဘဲ အနိုင်ရခဲ့သည်။
စိုင်းလုံကျော်သည် ပြီးခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် သျှမ်းပြည်အစိုးရအဖွဲ့ထဲ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ကြောင်း သိရသည်။
တတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပထမနေ့ အစည်းအဝေးကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၃၂ ဦး တက်ရောက်ခဲ့ကြောင်း သိရပြီး ဗိုလ်မှူးကြီး စိန်ဝင်း ဦးဆောင်သည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၃၃ ဦး၊ မိုင်းလားမြို့နယ်မှ လွဲ၍ သျှမ်းပြည် ၅၄ မြို့နယ်မှ နိုင်သူအကုန်ယူ FPTP နှင့် အချိုးကျကိုယ်စားပြု PR စနစ်အရ ရွေးကောက်တင်မြောက်သည့် ကိုယ်စားလှယ် (၉၂)ဦး၊ တိုင်းရင်းသားလူမျိုး ကိုယ်စားပြု ကိုယ်စားလှယ် (၇) ဦးတို့ ဖြစ်သည်။
ထိုထဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP မှ ၅၉ ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP မှ ၂ဝ ဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ PNO မှ ၁၁ ဦး၊ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ INLP မှ ၃ ဦး၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ DNDP မှ ၃ ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ NUP မှ ၂ ဦးနှင့် အာခါအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ANDP မှ ၁ ဦးတို့ အသီးသီး ကိုယ်စားပြု တက်ရောက်နေသည်။
သျှမ်းပြည်တွင် အရေးပေါ်အခြေအနေ ကြေညာခံထားရသည့် မြို့နယ် (၁၇) နှင့် စစ်အစိုးရအဆက်ဆက် တစ်ကြိမ်တစ်ခါမျှ ရွေးကောက်ပွဲ မကျင်းပဖူးသည့်‘ဝ’ဒေသရှိ မြို့နယ်များကို အချိုးကျကိုယ်စားပြုစနစ် PR ဖြင့် တစ်မြို့နယ်လျှင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကျစီ ရွေးကောက်တင်မြှောက်ထားသည်။













Leave a Comments