အာဏာသိမ်းစစ်တပ် ဉီးစီးကျင်းပပြီးသည့် ရွေးကောက်ပွဲရလဒ်များကို အခြေခံ၍ လာမည့်လပိုင်းအတွင်း စစ်ကောင်စီ အသွင်ပြောင်း “အစိုးရသစ်” တစ်ရပ်ကို ဖွဲ့စည်းရန် ပြင်ဆင်နေသည်။
သို့သော်လည်း ဖြစ်စဉ်တစ်ခုလုံးမှာ တရုတ်နိုင်ငံ အလိုကျ ဖန်တီးထားသည့် စစ်အာဏာရှင် သက်တမ်းတိုး အရွေ့တစ်ခုသာဖြစ်ပြီး ပြည်သူလူထုအတွက်မူ အနှစ်သာရ ကင်းမဲ့သော “ဗလာနတ္ထိ” အချိုးအကွေ့တစ်ခုသာ ဖြစ်နေသည်ကို တွေ့ရသည်။


မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီ တစ်ဖြစ်လည်း စစ်ကော်မရှင်က နိုင်ငံရေးအရ တရားဝင်မှု ပြသရန် ကြိုးပမ်းသည့် ၂၀၂၅-၂၀၂၆ အတုအယောင် ရွေးကောက်ပွဲကို အပိုင်း (၃) ပိုင်းခွဲကာ ကျင်းပပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံ တစ်ဝှမ်းလုံး မြို့နယ်ပေါင်း ၃၃၀ မြို့နယ် ရှိသည့်အနက် ရွေးကောက်ပွဲ ပထမပိုင်းတွင် (၁၀၂) မြို့နယ်၊ ဒုတိယပိုင်းတွင် (၁၀၀) မြို့နယ်နှင့် တတိယပိုင်းတွင် (၆၁) မြို့နယ် ကျင်းပခဲ့သော်လည်း ကျန်မြို့နယ် (၆၇) ခုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိပေ။
သျှမ်းပြည်အတွင်း (၅၅) မြို့နယ် ရှိသည့်အနက် စစ်ကော်မရှင် လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ (၃၈) မြို့နယ်တွင် အပိုင်း(၃) ပိုင်းခွဲကာ ရွေးကောက်ပွဲ ပြုလုပ်ခဲ့ပြီး ကျန် (၁၇) မြို့နယ်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပါ။
တစ်နိုင်ငံလုံး စစ်အာဏာရှင်တော်လှန်ရေး ခုခံတွန်းလှန် စစ်ကို ဆင်နွှဲနေချိန်တွင် စစ်ကော်မရှင်ဘက်က နည်းလမ်းမျိုးစုံဖြင့် ကျင်းပခဲ့သည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲမဟုတ်ဘဲ ခြိမ်းခြောက်မှု၊ ကြိုတင်မဲမသမာမှုနှင့် နည်းပညာပိုင်းဆိုင်ရာ လိမ်လည်မှုများဖြင့် ပြည့်နှက်နေသည့် “အတုအယောင် ရွေးကောက်ပွဲ” တစ်ခုသာ ဖြစ်ကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများက ပြောဆိုထားသည်။
အီလက်ထရောနစ် မဲပေးစက် (MEVM) နှင့် ပွင့်လင်းမြင်သာမှုမရှိသည့် နည်းပညာ
စစ်ကော်မရှင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက် (MEVM)ကို ပထမဆုံးအကြိမ် အသုံးပြုခဲ့သော်လည်း နည်းပညာပိုင်းဆိုင်ရာ သံသယဖြစ်ဖွယ်ရှိခြင်း၊ အပိုင်းလိုက် ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲကာလအတွင်း စက်ချို့ယွင်းခြင်း၊ မဲရေတွက်ချိန်တွင် မဲပေးစက်မှ ထုတ်ပေးသည့် မဲရလဒ်ကိုသာ အတည်ယူပြီး မဲပုံးထဲမှ မဲစာရွက်များကို ပြန်လည်ရေတွက်မှု မပြုခြင်း စသည့် အားနည်းချက်များ ဖြစ်ပေါ်ခဲ့သည်။
ရွေးကောက်ပွဲသည် ပြည်သူတစ်ဦးချင်း၏ နိုင်ငံရေးသဘောထား၊ နိုင်ငံရေး ရပ်တည်ချက်တို့ကို လွတ်လပ်စွာ လုံခြုံစွာ ထုတ်ဖော်ပြောဆိုခွင့်ရမည့် နေရာဖြစ်ခြင်းကြောင့် မဲပေးစက်တွင် မဲပေးခဲ့သည့် မဲဆန္ဒရှင် ပြည်သူတို့၏ သတင်းအချက်အလက် လုံခြုံမှု အရေးကြီးကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ တစ်ဦးဖြစ်သည့် ကိုထင်ကျော်အေးက သုံးသပ်ပြောဆိုသည်။
“ဒီလူဟာ ဒီမဲရုံမှာ မဲပေးတယ် မဲမပေးဘူး၊ ဘာမဲပေးသွားတယ် ဆိုတာအထိကို စစ်အုပ်စုအနေနဲ့ သိနိုင်လောက်တဲ့ အနေအထားမျိုး ရှိတယ်။ ဒီလို သိနေတဲ့ အခြေအနေ၊ သိနေတဲ့ အချက်အလက်တွေကို ပြည်သူကို ဒီငါးနှစ်တစ်လျှောက်လုံး ဖိနှိပ်လာခဲ့တဲ့၊ ဖမ်းဆီးလာခဲ့တဲ့ စစ်အုပ်စုအနေနဲ့ ထောက်လှမ်းရေးအတွက် အသုံးမပြုဘူးဆိုတဲ့ အာမခံချက်မျိုး မရှိနေဘူး” ဟု မဲပေးစက် အသုံးပြုသည့် စစ်ကော်မရှင်၏ ရည်ရွယ်ချက်ကို ကိုထင်ကျော်အေးက သုံးသပ်သည်။
ပြည်သူလူထု၏ ဖုန်းပြောဆိုမှုများနှင့် အင်တာနက်အသုံးပြုမှုများကို ကြားဖြတ်နားထောင်ရန် ကြိုးစားနေသည့် စစ်အုပ်စုအနေဖြင့် ရွေးကောက်ပွဲ အချက်အလက်များကို ထောက်လှမ်းရေး အချက်အလက်အဖြစ် အသုံးမပြုဟု အာမခံချက် မရှိခြင်းကြောင့် ပြည်သူများ မဲမပေးဘဲ မနေရဲအောင် ပြုလုပ်သည့် ခြိမ်းခြောက်မှုတစ်ခုလည်း ဖြစ်နိုင်ကြောင်း ကိုထင်ကျော်အေးက ရှင်းပြသည်။

ရွေးကောက်ပွဲလုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် မဲရလဒ်များကို ထိန်းသိမ်းခြင်း၊ သိုလှောင်ခြင်း၊ ဖျက်ဆီးခြင်းများနှင့် ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်မှ ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
အလားတူ ပြင်ပမှ လွတ်လပ်သော လေ့လာစောင့်ကြည့်သူများလည်း အီလက်ထရောနစ် မဲပေးစက် MEVM အသုံးပြုသည့် စနစ်ကို မည်သို့ ကိုင်တွယ်အသုံးပြုနေသည်ကို မသိရဘဲ ရွေးကောက်ပွဲမတိုင်ခင် ရက်ပိုင်းအလိုတွင် စစ်ကော်မရှင်လက်အောက်ခံ “အမျိုးသား စံချိန်စံညွှန်းကောင်စီ”မှ အရည်အသွေး ပြည့်မီကြောင်း ထောက်ခံပေးခဲ့သည်။
ပြည်တွင်းနည်းပညာရှင်များ တီထွင်ထုတ်လုပ်ထားသည့် မြန်မာ့အီလက်ထရောနစ် မဲပေးစက်များ၏ အရည်အသွေးနှင့် စံချိန်စံညွှန်းကို အမျိုးသားစံချိန်စံညွှန်းကောင်စီက ကဏ္ဍအလိုက် ပညာရှင်များ ပါဝင်သည့် အဖွဲ့ဝင် (၂၀) ဦးဖြင့် စစ်ဆေးခဲ့ပြီး မြန်မာစံချိန်စံညွှန်းအဖြစ် သတ်မှတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၅ နိုဝင်ဘာလအတွင်း ထုတ်ပြန်ခဲ့သည်။
“မဲပေးစက်တွေရဲ့ ပြဿနာကတော့ Software တွေကို ဘယ်သူတွေ ထုတ်တယ်၊ နောက်ပြီး Paper Trail မရှိတာပေါ့။ Paper Trail ဆိုတာ တကယ် မဲပေးတဲ့လူ ကိုယ်တိုင် ပြန်စစ်လို့မရတဲ့ ကိစ္စတွေ ပေါ့နော်။ နောက်တစ်ခုကတော့ လွတ်လပ်တဲ့ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေ မပါတာ။ မြန်အောင်တော့ လုပ်တယ်၊ ဒါပေမယ့် ယုံကြည်ကိုးစားလောက်တဲ့ အဖြေတွေတော့ ထွက်မလာဘူး။ အဲ့ဒါကြောင့်လည်း မဲပေးစက်က မဲရလဒ်တွေကလည်း ၁၀၀ ရာခိုင်နှုန်းတော့ ဘယ်တော့မှ မမှန်နိုင်ဘူး” ဟု DVB သတင်းဌာနမှ Chief Operating Officer ဖြစ်သူ ကိုမြင့်ဇော်က သုံးသပ်ပြောဆိုသည်။
စစ်ကော်မရှင် အသုံးပြုခဲ့သည့် မဲပေးစက်တွင် မဲပေးသူကိုယ်တိုင် ပြန်စစ်နိုင်သည့် စာရွက်ဖြတ်ပိုင်း – Paper Trail ဟု ခေါ်ဆိုသည့် မဲပေးခလုတ် နှိပ်ပြီးချိန် ထွက်လာသော စက္ကူစာရွက်ကို (ကိုယ်ခလုတ်နှိပ်မဲပေးခဲ့သည့် ပါတီ ကိုယ်စားလှယ်နှင့် စာရွက်ထွက်ကျလာသည့် ဆန္ဒမဲ) တိုက်ဆိုင်စစ်ဆေး ကြည့်ရှုခွင့် မရရှိဘဲ မဲပေးစက်ထဲ ကျသွားကြောင်း ကိုမြင့်ဇော်က ရှင်းပြသည်။
ထို့အတူ မဲရုံပိတ်သိမ်းပြီးနောက် မဲရေတွက်ချိန်တွင်လည်း အီလက်ထရောနစ် မဲပေးစက်မှ ထုတ်ပေးသည့် မဲရလဒ်ကိုသာ အတည်ယူလိုက်ပြီး မဲပုံးထဲရှိ ဆန္ဒမဲ စာရွက်များကို မဲရုံမှူးများက ပြန်လည်ရေတွက်၍ တိုက်ဆိုင်စစ်ဆေးခြင်း မရှိသလောက် နည်းပါးကြောင်း ရွေးကောက်ပွဲဖြစ်စဉ်တလျှောက် လေ့လာစောင့်ကြည့်ခဲ့သည့် ကိုထင်ကျော်အေးက ပြောဆိုသည်။
“စက်ကနေ ထုတ်ပေးလိုက်တဲ့ နံပါတ်ကိုပဲ အတည်ယူလိုက်ကြတာ များတယ်ပေါ့နော်။ မဲပုံးထဲက ရလဒ်နဲ့ မဲပုံးထဲက ဆန္ဒမဲ Slip နဲ့ ယှဉ်ပြီးတော့ စစ်တဲ့ဟာမျိုး အခြေအနေတော့ နည်းခဲ့တာတွေ တွေ့ရတယ်။ ဒါကလည်း ဒီမဲပေးစက်က ဘယ်လောက်ထိ မှန်မှန်ကန်ကန်နဲ့ ရေတွက်ပေးသွားပါတယ် ဆိုတာမျိုးကိုတော့ အာမခံချက် ရှိမနေတာမျိုးလည်း တွေ့ရတယ်” ဟု မဲရေတွက်မှု အခြေအနေကို ကိုထင်ကျော်အေး က ရှင်းပြသည်။

စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက် (MEVM) ကို ပထမဆုံးအကြိမ် အသုံးပြုခဲ့ခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ် အများစု မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ရခြင်း၊ သျှမ်းပြည်အတွင်း အချို့မြို့နယ်များတွင် စက်ပျက်ယွင်းခြင်းကြောင့် အသစ်ပြန်လဲရခြင်း စသည့် အခက်အခဲ ပြဿနာများ ကြုံတွေ့ခဲ့ရသည်။
လင်းခေးမြို့နယ်တွင်လည်း မဲရုံတွင် တာဝန်ကျသူများက မဲလာပေးသည့် သက်ကြီးပိုင်းများကို အချိန်လောသည့်အတွက် မဲပေးစက်ပေါ်ရှိ ပါတီအမှတ်အသားများကို သေချာမကြည့်လိုက်ရဘဲ မဲပေးလိုက်ရကြောင်း လင်းခေးမြို့တွင် ဆန္ဒမဲသွားပေးခဲ့သည့် ဒေသခံများက ပြောသည်။
“မဲရုံစောင့်နေတဲ့လူတွေက လောနေတော့ ဘယ်ပါတီကို မဲပေးခဲ့လဲ ဆိုတာ ကိုယ်ဟာကိုတောင် မသိဘူး။ တချို့ကလည်း နားမလည်ဘူး၊ မဲသွားပေးဆိုလို့ ပေးလိုက်ကြတာ။ သူတို့ကလည်း လောနေတာ၊ အဲ့ကြောင့် လူတွေက သေချာကြည့်ဖို့ အချိန်မရဘူး”ဟု လင်းခေးမြို့တွင် ဆန္ဒမဲပေးခဲ့သူ သက်ကြီးပိုင်း အမျိုးသမီးတစ်ဦးက ပြောသည်။
အလားတူ သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်တွင်လည်း မဲပေးစက်ပေါ်ရှိ ပါတီတံဆိပ်များ သေးငယ်လွန်းသဖြင့် သက်ကြီးရွယ်အိုများ မမြင်ရဘဲ ရမ်းသမ်းနှိပ်ခဲ့ရသည့် ဖြစ်ရပ်များ ရှိခဲ့သည်။
ကြိုတင်မဲနှင့် USDP အောင်နိုင်ရေးလက်နက်
မကြာသေးမီက ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲ (၃) ပိုင်းစလုံးတွင် ပွဲဆူစေခဲ့သည့် ဖြစ်ရပ်မှာ စစ်တပ်ကျောထောက်နောက်ခံ ပေးထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP မှ အာဏာသိမ်း စစ်အစိုးရအဆက်ဆက် ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲများကဲ့သို့ ကြိုတင်မဲများဖြင့် ပြိုင်ဘက်ပါတီများကို အနိုင်ပိုင်းခဲ့ခြင်း ဖြစ်သည်။
၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင်လည်း ဘယ်ကလာမှန်း မသိရသည့် ကြိုတင်မဲများဖြင့် ကြံ့ခိုင်ရေးပါတီ USDP အပြတ်အသတ် အနိုင်ရခဲ့ပြီးနောက် စစ်ကော်မရှင် ပြုလုပ်သည့် ၂၀၂၅ ရွေးကောက်ပွဲတွင်လည်း လိုချင်သည့် ရလဒ်ထွက်အောင် ကြိုတင်မဲများ အသုံးပြုလာသည်ဟု ယူဆရကြောင်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများက ပြောသည်။
“ဒီရွေးကောက်ပွဲ ဦးဆောင်ကျင်းပတဲ့ လူတွေကို မယုံကြည်ရတာရယ်၊ ကြိုတင်မဲတွေက ဘယ်ကလာမှန်း မသိတာရယ်၊ ပွင့်လင်းမြင်သာမှု မရှိတာရယ်၊ အဲ့လိုမျိုး ပေါင်းစပ်လိုက်တဲ့ အခါကျတော့ ကြိုတင်မဲတွေက ပြောရမယ်ဆိုရင် မဲနိုင်အောင် လုပ်တဲ့ စနစ်တစ်ခုပေါ့နော်။ အဲ့လိုမျိုးပဲ ဖြစ်သွားပြီးတော့ ကြိုတင်မဲကြောင့် USDP နိုင်သွားတာတွေ အများအပြား တွေ့လာရတာ”ဟု DVB သတင်းဌာနမှ ကိုမြင့်ဇော်က သုံးသပ်သည်။
သျှမ်းပြည်အတွင်း ရွေးကောက်ပွဲကျင်းပသည့် (၃၈) မြို့နယ် အပါအဝင် နိုင်ငံတဝှမ်းလုံး လွှမ်းခြုံကြည့်ပါက USDP ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် မဲရုံမဲရလဒ်အရ ရှုံးနိမ့်သော်လည်း တပ်တွင်းကြိုတင်မဲများဖြင့် ပြိုင်ဘက်ပါတီများကို အနိုင်ယူခဲ့ကြောင်း ယှဉ်ပြိုင်ခဲ့သည့် ပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းအချို့က ပြောဆိုနေကြသည်။
ဒီဇင်ဘာလ ၂၈ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၁) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင်လည်း မဲဆန္ဒနယ် ၅၆ နေရာတွင် ကြံ့ခိုင်ရေးပါတီက ပြိုင်ဘက်မရှိသည့် နေရာများ အပါအဝင် မဲဆန္ဒနယ် ၅၂ နေရာတွင် အနိုင်ရခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဥပမာအားဖြင့် ရွေးကောက်ပွဲ အပိုင်း(၁) တွင် ပါဝင်ခဲ့သည့် မူဆယ်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက်၌သာ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပြီး မဲရုံ (၁၈) ရုံ ရှိသည့်အနက် မဲရုံ (၁၇) ရုံတွင် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP ကျားဖြူပါတီ) မှ အနိုင်ရရှိခဲ့သော်လည်း နောက်ဆုံးမဲရုံတွင် တပ်ကြိုတင်မဲများကြောင့် USDP ပါတီကို ရှုံးနိမ့်ခဲ့သည်။
“စဉ်းစားလို့ ရတယ်လေဗျာ။ မဲရုံ ၁၈ ရုံ ရှိတာ ၁၇ ရုံ ကျွန်တော်တို့ ကျားဖြူပါတီက နိုင်နေပြီဗျာ။ နောက်ဆုံး မဲရုံတစ်ရုံကျမှ လာပြီးတော့ ဒီကြိုတင်မဲတွေ လာထည့်တယ်ဆိုတဲ့ဟာက ဒါဘာခေါ်မလဲ မှန်ကန်မှုမရှိဘူးလို့ ပြောလို့ရတာပေါ့ဗျာ” ဟု ကျားဖြူပါတီ SNDP ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက ပြောဆိုသည်။
မူဆယ်မြို့တွင် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းမှ တပ်ကြိုတင်မဲများဖြင့် အနိုင်ရခဲ့ခြင်းကို ကန့်ကွက်ရန် သင့် မသင့် ကျားဖြူပါတီဘက်မှ ကနဦးတွင် စဉ်းစားခဲ့သော်လည်း ရန်ပုံငွေ မရှိခြင်းကြောင့် အခက်အခဲရှိကြောင်း စိုင်းအိုက်ပေါင်းက ရှင်းပြသည်။
ရွေးကောက်ပွဲနေ့တွင် မူဆယ်မြို့ပေါ် မဲပေးပိုင်ခွင့်ရှိသူ အားလုံး မရောက်ရှိလာသဖြင့် မဲရုံပိတ်ချိန် မြန်မာစံတော်ချိန် ညနေ (၄) နာရီအစား ညနေ (၆) နာရီအထိ အချိန်ထပ်တိုးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ် SNDP ပါတီ (ကျားဖြူပါတီ) သည် ရွေးကောက်ပွဲ အပိုင်း (၂) တွင် သျှမ်းပြည်မှ လဲချား၊ မိုင်းကိုင်နှင့် ကွန်ဟိန်း မြို့နယ်တွင်သာ အနိုင်ရခဲ့ပြီး အချို့မြို့နယ်တွင် မဲရုံမဲရလဒ်အရ အနိုင်ရသော်လည်း ကြိုတင်မဲများကြောင့် ကြံ့ခိုင်ရေးပါတီကို ရှုံးနိမ့်ခဲ့ကြောင်း ကျားဖြူပါတီ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက ပြောသည်။
“ကျနော်တို့ရှုံးတယ်ဆိုတာလည်း အလားတူပဲလေ။ မိုင်းယောင်း၊ မိုင်းယန်း၊ မိုင်းပန်တို့ဆိုရင် ကျနော်တို့ နိုင်ပြီလို့ တွက်ထားတာ။ နောက် ကြိုတင်မဲတွေ ရောက်လာတော့ ရှုံးသွားတာပေါ့။ ဒါကလည်း ၂၀၁၀ ခုနှစ်က ရွေးကောက်ပွဲ ပုံစံလိုပါပဲ။ အဲ့လိုမျိုးပုံစံ ဖြစ်နေတာပေါ့။ စိတ်မကောင်းစရာပေါ့” ဟု ကျားဖြူပါတီ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက ပြောသည်။
အလားတူ ကလောမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် မဲရုံမဲရလဒ်အရ ကြံ့ခိုင်ရေးပါတီ (USDP)က ၂၉,၄၇၆ မဲ၊ ဓနုပါတီ (DNDP)က ၂၈,၁၇၄ မဲ၊ ပအိုဝ်းပါတီ (PNO)က ၂၇,၁၈၃ မဲ မတိမ်းမယိမ်း ဖြစ်သော်လည်း ကြိုတင်မဲတွင် ကြံ့ခိုင်ရေးပါတီက ၅,၀၀၀ ကျော်နှင့် ဓနုပါတီက ၇၄ မဲသာ ရခဲ့သည့်အတွက် ကြံ့ခိုင်ရေးပါတီကပင် အနိုင်ရခဲ့သည်။
ကလောမြို့၌ ကြိုတင်မဲဖြင့် ရှုံးခဲ့သူ ဓနုပါတီ ဥက္ကဋ္ဌ ဦးမင်းလွင်ဦးက ရွေးကောက်ပွဲကျင်းပပြီး နောက်တစ်ရက်တွင် ကြိုတင်မဲနှင့် ပတ်သက်၍ ရွာငံနှင့် ပင်းတယ ကဲ့သို့ တပ်မဲရုံ မပါလျှင် ကလောမြို့မှာလည်း နှစ်နေရာစလုံး အနိုင်ရမည်ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှ ရေးသားဖော်ပြထားသည်။
၎င်းက “ရွာငံနဲ့ ပင်းတယလို တပ်မဲရုံ မပါရင် ကလောမှာ ဓနုက နှစ်နေရာစလုံး အနိုင်ရသွားမှာဖြစ်ပါတယ်။ အံ့သြဖို့ကောင်းတာက ပအိုဝ်းမဲတွေကို ဓနုတွေမဲထည့်ထားတာ အများကြီး တွေ့ရှိခဲ့ရမှုပါပဲ။ ဒါကလည်း ပြည်သူ့လွှတ်တော် တစ်နေရာမှာ လစ်လပ်သွားပြီး မဲပေးသူတွေ ယောင်မှားသွားနိုင်စရာ ကြုံခဲ့ရလိုပါ” ဟု DNDP ပါတီဥက္ကဋ္ဌ ဦးမင်းလွင်ဦး၏ လူမှုကွန်ရက်၌ ရေးသားထားသည်။
သျှမ်းပြည်တောင်ပိုင်း တစ်ခုလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီအနေဖြင့် ရွေးကောက်ပွဲ ပထမပိုင်း ကျင်းပပြီးနောက် ကြိုတင်မဲနှင့် ပတ်သက်၍ အငြင်းပွားမှုအချို့ ဖြစ်ပေါ်ခဲ့သည့်အပေါ် တရားမျှတမှုအတွက် စိစစ်ဆောင်ရွက်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ စာပို့တောင်းဆိုခဲ့ကြောင်း သိရသည်။
“ရွေးကောက်ပွဲမှာ တရားမျှတဖို့အတွက် ရွေးကောက်ပွဲကော်မရှင်ကို စာထုတ်ညွှန်ကြားထားတာ ရှိတယ်။ ကျနော်တို့ လာမယ့် အပိုင်း (၂) ၊ အပိုင်း (၃) မှာ ကြိုတင်မဲတွေအတွက် အားလုံး ပြောထားတယ်။ ရွေးကောက်ပွဲ ကော်မရှင်ရော၊ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ ကော်မရှင်ကအစပေါ့။ ကြိုတင်မဲ ပေးတော့မယ်ဆိုရင် သက်ဆိုင်ရာ ကိုယ်စားလှယ်တွေအားလုံးကို အကြောင်းကြားဖို့ပေါ့” ဟု PNO ပါတီ အထွေထွေအတွင်းရေးမှူး-(၂) ဖြစ်သူ စောခွန်ကျော်ဝင်းက ပြောသည်။
ခြိမ်းခြောက်မှုနှင့် ဖိအားပေးမှုကြားက မဲရုံများ
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တို့တွင် ရွေးကောက်ပွဲကျင်းပစဉ်အတွင်း စစ်ကော်မရှင်လက်အောက်ခံ အုပ်ချုပ်ရေးမှူးများက လော်စပီကာများဖြင့် လိုက်လံဆော်ဩကာ မဲမပေးသူများကို ခရီးသွားလာခွင့်ပိတ်ပင်မည်၊ အိမ်ထောင်စုစာရင်းမှ ပယ်ထုတ်မည်၊ သို့မဟုတ် စစ်မှုထမ်းစာရင်းထဲ ထည့်သွင်းမည်ဟု ခြိမ်းခြောက်မှုများ ရှိခဲ့သည်။
ထို့အပြင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက ရပ်ကွက်/ ကျေးရွာအတွင်း မဲပေးခဲ့သူနှင့် မဲမပေးသူများကို ပြန်လည်စစ်ဆေးသွားမည်ဟု စစ်ကော်မရှင် လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများက ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း တန့်ယန်းဒေသခံများက ပြောသည်။
အလားတူ သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် ဇန်နဝါရီလ ၁၁ ရက်၌ ရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပရာ မဲရုံတွင် မဲသွားမထည့်လျှင် ငွေကောက်ခံခြင်း၊ ခရီးသွားလာ ခွင့်မပြုခြင်းတို့ ပြုလုပ်သွားမည်ဟု စစ်ကော်မရှင်လက်အောက်ခံ အုပ်ချုပ်ရေးမှူးများက ခြိမ်းခြောက်ခဲ့သည်။
မဲရုံတွင် မဲသွားမထည့်ပါက ဒဏ်ငွေအနေဖြင့် ငွေထပ်မံကောက်ခံမည့်အပြင် အဝေးရောက်နေသည့် ဒေသခံများကိုလည်း နေရပ်ပြန်လာခိုင်းပြီး ပြန်မလာပါက အိမ်ထောင်စုစာရင်းထဲ ပယ်ထုတ်မည်ဟု အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်ခဲ့ကြောင်း မိုင်းယောင်းဒေသခံများက ပြောသည်။
“လူတိုင်းမဲသွားထည့်ရတယ်။ မဲမထည့်ရင် ငွေကောက်မယ်၊ အိမ်ထောင်စုစာရင်းထဲ ပယ်ထုတ်မယ်၊ ခရီးသွားခွင့်မပြုဘူးလို့ နားမွန်းမိုင်ရွာက အုပ်ချုပ်ရေးမှူးက အမျိုးမျိုး ခြိမ်းခြောက်ထားတယ်။ ပြီးတော့ တစ်အိမ်ကို ၅,၀၀၀ ကျပ် မထည့်မနေရ ထည့်ရတယ်။ မဲမထည့်ရင်လည်း ဒဏ်ငွေအနေနဲ့ ထပ်ကောက်မှာတဲ့” ဟု မိုင်းယောင်းမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။


သျှမ်းပြည်တောင်ပိုင်းရှိ ရွာငံနှင့် ရပ်စောက်မြို့နယ်တွင်လည်း ပြည်သူအများစုမှာ နောက်ဆက်တွဲ ပြဿနာများ စိုးရိမ်မှုကြောင့် မဲသွားပေးကြပြီး မဲရုံအချို့တွင် စစ်ကော်မရှင်လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ မဲလာပေးသူများကို ရေသန့်နှင့် မုန့်ပဲသရေစာများ ဝေငှရန် ဒေသခံများထံမှ မဲရုံစရိတ်ဟု ခေါင်းစဉ်တပ်ကာ ငွေကောက်ခံမှုများ ရှိခဲ့ကြောင်း သိရသည်။
“မဲသွားပေးရင် စောစောသွားဖို့ ပြောထားရတာ၊ ဗုံးတွေပေါက်မှာ စိုးရိမ်လို့။ ရွာမှာလည်း မဲရုံရှိတော့ စစ်သားတွေလည်း အပြည့်ပဲ၊ မဲရုံတစ်ရုံကို စစ်သား ၂၀ စီလောက် စောင့်နေတာ။ မဲပေးတဲ့လူတွေ များတယ်၊ ကြောက်လို့ သွားပေးတဲ့ လူတွေချည်းပဲ။ မဲစာရင်းကို ကိုယ့်နံပါတ်အလိုက် ၃ ခါ လက်မှတ်ထိုးရတယ်၊ နောက်ဆက်တွဲကိစ္စ ကြောက်လို့ သွားကြတာ” ဟု ရွာငံဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ရွေးကောက်ပွဲရက်မတိုင်မီ ရွာငံမြို့နှင့် အနီးတစ်ဝိုက် ရွေးကောက်ပွဲကျင်းပမည့် ကျေးရွာများတွင် စစ်ကော်မရှင်တပ်နှင့် ၎င်း၏လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့က စစ်အင်အား ဖြည့်ပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများမှာ စိုးရိမ်စိတ်ဖြင့် မဲသွားထည့်ခဲ့ရကြောင်း ရွာငံဒေသခံများထံမှ သိရသည်။
ဆီဆိုင်မြို့တွင်လည်း စစ်ကော်မရှင် ပြုလုပ်သည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် မဲရုံစောင့်ဝန်ထမ်းများ မလုံလောက်သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ၎င်းနှင့်နီးစပ်သူများကို ခေါ်ယူပြီးစောင့်ခိုင်းနေကြောင်း ဒေသခံများထံမှ သိရသည်။
“ဆရာမ အင်အား မလုံလောက်လို့ လာစောင့်ခိုင်းတာ။ အရင်ဆုံး ကြိုတင်မဲထည့်ခိုင်းတာ၊ ထည့်ပြီးပြီဆိုမှ မဲရုံကို စောင့်ခိုင်းတာ။ ဒါပေမယ့် မဲရုံစောင့်မယ့်သူကို သူတို့ ဘယ်လို ရွေးထားသလဲတော့ မသိဘူး။ သင်တန်ပေးတာလည်း မကြားဘူး” ဟု ဆီဆိုင်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
၂၀၂၅ ဒီဇင်ဘာလ ၂၈ ရက်မှ စ၍ အပိုင်း ၃ ပိုင်းခွဲ ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၂၄ သန်းအနက် ၁၃ ဒဿမ ၁၃ သန်း လာရောက်မဲပေးခဲ့ကြပြီး ရာခိုင်နှုန်းအားဖြင့် ၅၄ ဒဿမ ၂၂ ရာခိုင်နှုန်း မဲပေးခဲ့သည်ဟု စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီလဆန်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
သို့သော် ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲများတွင် မဲထွက်ပေးခဲ့သည့် ပြည်သူလူထု ပါဝင်မှု Turn Out နှင့် နှိုင်းယှဉ်ပါက ၂၀၂၅ ရွေးကောက်ပွဲသည် မဲပေးသူ အနည်းဆုံးဖြစ်ကြောင်း DVB သတင်းဌာနမှ ကိုမြင့်ဇော်က ထောက်ပြသည်။
“မဲထွက်ပေးတဲ့လူက များလေလေ Turn out တွေ များလေလေ၊ ပိုပြီးတော့ ယုံကြည်စိတ်ချမှု ပြည်သူလူထု ပါဝင်မှု များလေလေ ပေါ့နော်။ ဒါပေမယ့် ဒီရွေးကောက်ပွဲမှာ ကျတော်တို့ Data တွေနဲ့ ယှဉ်ကြည့်ရင် ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲ Turn out တွေ ဆိုတာ ဒီတစ်ခေါက်က မဲပေးတဲ့လူက အနည်းဆုံးပဲ။ ရွေးကောက်ပွဲ ပြန်လုပ်ခဲ့တဲ့ ၂၀၁၀ ကလုပ်တဲ့ ရွေးကောက်ပွဲနဲ့ စာရင် အများကြီး နည်းတယ်” ဟု ကိုမြင့်ဇော်က နှိုင်းယှဉ်ပြသည်။
စစ်တပ်လက်အောက်ခံ UEC ထုတ်ပြန်ခဲ့သည့် မဲပေးသူ ၁၃ သန်းကျော်စာရင်းထဲတွင် မဲသွားပေးရန် အတင်းအကြပ် ဖိအားပေးခံရသည့် ပြည်သူများ၊ စစ်တပ်အသိုင်းအဝိုင်းနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများကဲ့သို့ မဖြစ်မနေ မဲပေးခဲ့ရသူများ ပါဝင်နေခြင်းကြောင့် ယုံကြည်ရလောက်သည့် ကိန်းဂဏန်း အချက်အလက် မဟုတ်ကြောင်း ၎င်းက ပြောဆိုသည်။
“မဲသွားပေးတဲ့ လူတွေရဲ့ စိတ်ထဲမှာလည်း တကယ်ပေးချင်လို့ သွားပေးတာလည်း မဟုတ်ဘူး။ သွားပေးခိုင်းလို့ ပေးရတာ ဖြစ်တဲ့အတွက် သူတို့မှာ လုံခြုံမှုလည်း မရှိဘူး။ ဘာလုံခြုံမှု မရှိလဲဆိုရင် သူတို့ လိပ်ပြာပေါ့၊ လိပ်ပြာလည်း မသန့်ဘူးပေါ့။ ကျွန်တော်တို့ သွားသာ ပေးရတယ်၊ ကိုယ့်စိတ်နဲ့ကိုယ် သွားပေးတာ မဟုတ်ဘူးဆိုတော့ လုံခြုံမှု မရှိဘူးဆိုတာ ရုပ်ပိုင်းဆိုင်ရာ အားဖြင့်တော့ ပြောလို့ရတယ်၊ စိတ်ပိုင်းဆိုင်ရာမှာ Insecure ဖြစ်တယ် Guilty ဖြစ်တယ်” ဟု ခြိမ်းခြောက်မှုနှင့် ဖိအားပေးမှုကြား မဲပေးရသည်ကို ကိုမြင့်ဇော်က ရှင်းပြသည်။
PR စနစ်နှင့် တိုင်းရင်းသားပါတီများ၏ မျှော်လင့်ချက်ပျက်သုဉ်းမှု
စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲတွင် ပါတီစုစုပေါင်း (၅၇) ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြည်နယ်နှင့်တိုင်း အားလုံးတွင် ဝင်ရောက်ပြိုင်ခဲ့ကြသည့် ပြည်ထောင်စုအဆင့် (၆) ပါတီ ရှိသည်။
သျှမ်းပြည်အတွင်း ကျင်းပသော စစ်ကော်မရှင် ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်နေသည့် နိုင်ငံရေးပါတီ (၁၂) ခု ရှိပြီး ပြည်ထောင်စုအဆင့် ယှဉ်ပြိုင်နေသည့် (၆) ပါတီ၊ ပြည်နယ်အဆင့် ယှဉ်ပြိုင်နေသည့် (၆) ပါတီတို့ ဖြစ်သည်။
သျှမ်းပြည်အတွင်း ရွေးကောက်ပွဲကျင်းပနိုင်သည့် (၃၈) မြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP ကျားဖြူပါတီ)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) နှင့် ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP) တို့မှာ အဓိက ပြိုင်ဘက်များ ဖြစ်ကြသည်။

စစ်ကော်မရှင် ကျင်းပခဲ့သည့် ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲတွင် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP) ကျင့်သုံး၍ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်း လွှတ်တော်များအတွက် နိုင်သူအကုန်ယူစနစ် (FPTP) နှင့် အချိုးကျကိုယ်စားပြုစနစ် (PR) ဖြင့် မဲဆန္ဒနယ်များ ပိုင်းခြားသတ်မှတ်ထားသည်။
သျှမ်းပြည်နယ်လွှတ်တော်အတွက် အချိုးကျကိုယ်စားပြု PR စနစ်ဖြင့် ကျင်းပမည့် မြို့နယ်/ ခရိုင်များကို စုပေါင်း၍ မဲဆန္ဒနယ် (၆) ခု သတ်မှတ်ထားခြင်းကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ်များအတွက်လည်း အကျုံးဝင်နေပြီး ထိုနယ်မြေများအတွက် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်ဦးရေ အချိုးကျ ခွဲတမ်းရရှိနိုင်ရေး မျှော်လင့်ခဲ့ကြောင်း သိရသည်။
“အချိုးကျစနစ် PR လည်း ပါတော့ သျှမ်းမြောက်အတွက် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ တန့်ယန်း၊ မိုင်းရယ်နဲ့ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုးမိတ်၊ မဘိမ်း ဒီ ၁၀ မြို့နယ်မှာ အချိုးကျစနစ်နဲ့ ပါတီတွေဘက်က ကိုယ်စားလှယ်လောင်း စာရင်းတင်ထားတာ ရှိတယ်။ ရတဲ့ မဲအရေအတွက်ပေါ် မူတည်ပြီး ပါတီတွေက ခွဲယူရမှာ။ အဲ့ဒီကနေ ကိုယ်စားလှယ် ၃ ယောက်လား ၅ ယောက်လား အဲ့လိုမျှော်လင့်လို့ ရတာပေါ့” ဟု သျှမ်းပြည်မြောက်ပိုင်းတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အမည်မဖော်လိုသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးက ပြောသည်။
ပြည်နယ်/တိုင်း လွှတ်တော်အတွက် တစ်မြို့နယ်လျှင် လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးကျ ရွေးကောက်တင်မြှောက်ရန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားခြင်းကြောင့် ပြောင်းလဲလိုက်သည့် ရွေးကောက်ပွဲစနစ်တွင် တစ်ဦးကို FPTP စနစ်နှင့် ကျန်တစ်ဦးကို PR စနစ်ဖြင့် ရွေးကောက်တင်မြှောက်မည် ဖြစ်သည်။
သျှမ်းပြည်နယ်လွှတ်တော်အတွက် မြို့နယ်/ခရိုင်များကို စုပေါင်း၍ အချိုးကျကိုယ်စားပြုစနစ် PR ဖြင့် ကျင်းပမည့် မဲဆန္ဒနယ် (၆) ခု သတ်မှတ်ထားပြီး လွှတ်တော်ကိုယ်စားလှယ် (၅၅) ဦးကို ရွေးကောက်တင်မြှောက်မည်ဟု ၂၀၂၅ ဩဂုတ်လ ၁၅ ရက်တွင် UEC မှ ကြေညာထားသည်။
ဖေဖော်ဝါရီလ ၂ ရက် ရက်စွဲဖြင့် စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ သျှမ်းပြည်နယ်လွှတ်တော်အတွက် နိုင်သူအကုန်ယူစနစ် FPTP နှင့် အချိုးကျကိုယ်စားပြုစနစ် PR ဖြင့် ရွေးကောက်တင်မြှောက်ခံရသည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စာရင်းများကို ထုတ်ပြန်ခဲ့သည်။
ထိုထဲတွင် အရေးပေါ်အခြေအနေ ကြေညာခံထားရသည့် မြို့နယ် (၁၇) ခုနှင့် စစ်အစိုးရအဆက်ဆက် တစ်ကြိမ်တစ်ခါမျှ ရွေးကောက်ပွဲ မကျင်းပဖူးသည့်‘ဝ’ဒေသ အပါအဝင် သျှမ်းပြည်ရှိ မြို့နယ်အားလုံးအတွက် အချိုးကျကိုယ်စားပြုစနစ် PR ဖြင့် တစ်မြို့နယ်လျှင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကျ ရွေးကောက်တင်မြှောက်ထားသည်။
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ထားသည့် ‘ဝ’ဒေသသည် အချိုးကျကိုယ်စားပြု PR စနစ်ဖြင့် ရွေးကောက်တင်မြှောက်မည့် သျှမ်းပြည် မဲဆန္ဒနယ် အမှတ်(၆) တွင် ပါဝင်သည်။
‘ဝ’ဒေသရှိ ပန်ဆန်း(ပန်ခမ်း)၊ ဟိုပန်၊ ပန်ဝိုင်၊ နားဖန်း၊ မိုင်းမောမြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိသော်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ SNDP)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည NUP) တို့မှ PR စနစ်ဖြင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ခွဲတမ်းရရှိထားသည်။
အလားတူ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၊ ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် ကချင်လွတ်လပ်ရေးတပ် KIA တို့ ထိန်းချုပ်ထားသည့် သျှမ်းပြည်မြောက်ပိုင်းရှိ မြို့နယ်များတွင်လည်း ရွေးကောက်ပွဲ မကျင်းပနိုင်သော်လည်း PR စနစ်ဖြင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ထားသည်။
အလားတူ သျှမ်းပြည်တောင်ပိုင်းရှိ ရွေးကောက်ပွဲကျင်းပနိုင်သည့် မြို့နယ်များတွင်လည်း ကြံ့ခိုင်ရေးပါတီ USDP ၊ ကျားဖြူပါတီ SNDP ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီ၊ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ INLP ၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ DNDP တို့မှ PR စနစ်ဖြင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ အသီးသီး ခွဲတမ်းရရှိကြသည်။
စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြောင်းလဲကျင့်သုံးနေသည့် ရွေးကောက်ပွဲစနစ်ကြောင့် ပေါ်ပေါက်လာမည့် အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်းလွှတ်တော်များတွင် အချိုးကျကိုယ်စားပြု PR စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ်များကို ရွေးကောက်တင်မြောက်သည်မှာ ကိုယ်စားပြုမှုဆိုင်ရာ အငြင်းပွားဖွယ် ဖြစ်နေကြောင်း ရွေးကောက်ပွဲလေ့လာသူများက သုံးသပ်ပြောဆိုသည်။
“မြို့နယ်တွေကို ကိုယ်စားပြုပါတယ်လို့ ပြောတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်ထဲ ရောက်သွားကြပေမယ့် တကယ်တမ်း သူတို့ရဲ့ ကိုယ်စားပြုမှုကတော့ အားပျော့တဲ့ ကိုယ်စားပြုမှုပဲ ဖြစ်နေလိမ့်မယ်။ အဲ့ဒေသမှာ ရှိတဲ့ ပြည်သူတွေကလည်း မထောက်ခံသလို၊ အဲ့ဒေသမှာ ရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း သူတို့ကို အသိအမှတ်ပြုမှာလည်း မဟုတ်ဘူး။ နိုင်ငံရေးအင်အားစုတွေကလည်း အသိအမှတ်ပြုမှာ မဟုတ်ဘူး” ဟု PR စနစ်အရ ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ ကိုယ်စားပြုမှုကို ကိုထင်ကျော်အေးက သုံးသပ်ပြောဆိုသည်။
ထို့အပြင် သက်ဆိုင်ရာ မဲဆန္ဒနယ်ရှိ ပြည်သူများနှင့် ထိတွေ့ဆက်ဆံနိုင်ရန် အကန့်အသတ်များစွာ ရှိနိုင်ပြီး စစ်တပ်ဖန်တီးထားသည့် ရွေးကောက်ပွဲစနစ်အရ ရှုပ်ထွေးသည့် ကိုယ်စားပြုမှု၊ ထပ်နေသည့် ပထဝီဒေသ နယ်မြေများကို ကိုယ်စားပြုရခြင်းကြောင့် လွှတ်တော်ကိုယ်စားလှယ် အချင်းချင်းကြား ပြိုင်ဆိုင်မှုများ ထပ်မံဖြစ်ပေါ်လာနိုင်သည်။
“သျှမ်းမြောက်ပိုင်းမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့တယ် ဆိုပေမယ့် တကယ်တမ်းကျတော့ ရွေးကောက်ပွဲက တစ်မြို့နယ်လုံးကို ခြုံငုံလို့ မရဘူး။ အဲ့မြို့နယ်ထဲမှာ ရှိတဲ့ နေရာအစုံကိုလည်း ကျင်းပနိုင်တာမျိုး မဟုတ်ဘူး၊ နေရာကွက်ကြားပဲ မြို့ပေါ်ဒေသတွေလောက်ပဲ ရွေးကောက်ပွဲ ကျင်းပနိုင်တယ်။ မြို့နယ်ထဲမှာမှ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုအလိုက်ကို ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နေရာတွေ ထပ်ကြေညာလိုက်တယ်” ဟု ကိုထင်ကျော်အေးက ရွေးကောက်ပွဲ မဲဆန္ဒနယ်ကို ရှင်းပြသည်။
ဥပမာအားဖြင့် ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA လက်ထဲမှ ယမန်နှစ် ၂၀၂၅ အောက်တိုဘာလတွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သော်လည်း မြို့နယ်တစ်ခုလုံးတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိဘဲ မြို့ပေါ်ရပ်ကွက် (၉) ခုနှင့် မြို့အနီးအနား ကျေးရွာအုပ်စု (၅) စု တွင် မဲရုံ (၂၅) ရုံသာ ဖွင့်လှစ်နိုင်ခဲ့သည်။
ကျောက်မဲမြို့နယ်တွင် ကျေးရွာအုပ်စု စုစုပေါင်း ၈၁ စု ရှိသည့်အနက် မြို့အနီးပတ်ဝန်းကျင် ကျေးရွာအုပ်စု ၅ စုသာ ရွေးကောက်ပွဲကျင်းပနိုင်ပြီး ကျန်ကျေးရွာအုပ်စု (၇၆) စုနှင့် TNLA ဆက်လက်ထိန်းချုပ်ထားသည့် မိုင်းငေါ့မြို့၊ မိုင်းလုံမြို့ပေါ် ရပ်ကွက် (၁၁) ခုတို့တွင် ကျင်းပနိုင်ခြင်း မရှိပေ။
ထို့ကြောင့် မြို့နယ်တစ်ခုလုံး၏ (၆) ရာခိုင်နှုန်းတွင်သာ ရွေးကောက်ပွဲကျင်းပနိုင်ကြောင်း ကျောက်မဲမြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးက ရှင်းပြသည်။
“စစ်ဖြစ်ပြီးစဆိုတော့ လူတွေက အကုန် ပြန်မလာသေးဘူး၊ မြို့ထဲမှာလည်း အဲ့လိုပဲ မဲသွားထည့်တဲ့လူ နည်းတယ်။ မြို့ပေါ်ရပ်ကွက် ၉ ခုနဲ့ ကျေးရွာအုပ်စု ၅ စုမှာ ပဲ ရွေးကောက်ပွဲ လုပ်နိုင်တယ်။ ပိန္နဲကုန်း၊ ကျောက်မဲကြီး၊ မန်ကျောင်း၊ ခိုမုန်းနဲ့ ကျွဲကုန်းအုပ်စုထဲက ၂၅ ရွာပဲ ပြိုင်ရတယ်။ စစ်တပ်က သူတို့နိုင်ချင်တဲ့ပုံစံ လုပ်ထားတာပေါ့” ဟု ကျောက်မဲမြို့နေ အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကော်မရှင်ဘက်မှ ပြောင်းလဲကျင့်သုံးလိုက်သည့် ရွေးကောက်ပွဲစနစ်တွင် အချိုးကျကိုယ်စားပြုစနစ် PR ဖြင့် ယှဉ်ပြိုင်ခြင်းအားဖြင့် လွှတ်တော်အတွင်း နိုင်ငံရေးပါတီနှင့် တိုင်းရင်းသားကိုယ်စားပြုမှု အရောင်အသွေး စုံလင်မည့် အခင်းအကျင်း ဖြစ်မည်ဟု ပြောဆိုခဲ့သော်လည်း အမှန်တကယ်တွင် စစ်တပ်ကျောထောက်နောက်ခံ ပေးထားသည့် ကြံ့ခိုင်ရေးပါတီ USDP သာ အများဆုံး အနိုင်ရရှိခဲ့သည်။
ရွေးကောက်ပွဲ အပိုင်း (၃) ပိုင်းစလုံးအပြီး မဲရလဒ်အရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP မှ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၇၃၉ ဦးဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ NUP မှ ၆၈ ဦး၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP မှ ၃၉ ဦး၊ ပြည်သူ့ပါတီ PP မှ ၃၀ ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီ PPP မှ ၂၀ ဦးသာ အသီးသီး အနိုင်ရရှိခဲ့သည်။
“PR စနစ်ကို ကျင့်သုံးတာသည် ပါတီငယ်တွေ၊ တိုင်းရင်းသားပါတီတွေ လွှတ်တော်ထဲမှာ ပိုရောက်လာဖို့ ရည်ရွယ်ချက်နဲ့ PR စနစ်ကို ကျင့်သုံးတယ်လို့ ပြောပေမယ့်၊ ဒီစနစ်ရဲ့ PR စနစ်ရဲ့ တောက်လျှောက်ထဲမှာကို ပါတီငယ်တွေ နေရာမရနိုင်အောင် နည်းမျိုးစုံနဲ့ ဒီစနစ်ထဲမှာ တည်ဆောက်ထားတာတွေ တွေ့ရတယ်” ဟု တိုင်းရင်းသားပါတီများ မျှော်လင့်ခဲ့သလောက် ရလဒ် ဖြစ်မလာသည့်အပေါ် ကိုထင်ကျော်အေးက ရှင်းပြသည်။
တရုတ်သဘောထားနှင့် နိုင်ငံတကာ အခင်းအကျင်း
စစ်ကော်မရှင်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို နိုင်ငံတကာ အသိုင်းအဝိုင်းက အသိအမှတ် မပြုသော်လည်း အိမ်နီးချင်း တရုတ်နိုင်ငံကမူ “တည်ငြိမ်အေးချမ်းစွာ ပြီးဆုံးခဲ့သည်” ဟု သုံးနှုန်းကာ ထောက်ခံခဲ့သည်။
တရုတ်အထူးကိုယ်စားလှယ်သည် ရွေးကောက်ပွဲ အပိုင်း(၁) တွင် နေပြည်တော်သို့ ကိုယ်တိုင်လာရောက် လေ့လာခဲ့ပြီး မြန်မာနိုင်ငံ ရွေးကောက်ပွဲသည် တရုတ်သမ္မတ ရှီကျင်းဖျင်နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့အကြား သဘောတူညီမှုအရ ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟုပင် ပြောဆိုခဲ့သည်။

ထို့အပြင် အိန္ဒိယနှင့် ထိုင်းနိုင်ငံကဲ့သို့သော အိမ်နီးချင်းနိုင်ငံများကလည်း ၎င်းတို့၏ အကျိုးစီးပွားအတွက် စစ်ကော်မရှင်၏ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုလာနိုင်မည့် လမ်းကြောင်းပေါ်တွင် ရှိနေသည်။
သို့သော် ဥရောပသမဂ္ဂ EU ၊ ဂျပန်၊ အာဆီယံအဖွဲ့ထဲမှ စင်ကာပူ၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့ကမူ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုမည် မဟုတ်ကြောင်း ပြတ်ပြတ်သားသား ငြင်းဆိုထားသည်။
ရွေးကောက်ပွဲ အပိုင်း(၃) ကျင်းပသည့် ၂၀၂၆ ဇန်နဝါရီလ ၂၅ ရက်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မန္တလေးမြို့ရှိ မဲရုံများသို့ သွားရောက်ကြည့်ရှုခဲ့စဉ် ရွေးကောက်ပွဲကို နိုင်ငံတကာ အသိအမှတ် ပြုခြင်း မပြုခြင်းအပေါ် နားမလည်ကြောင်း ပြောဆိုခဲ့ပြီး ပြည်သူလူထု မဲထွက်ပေးခဲ့ခြင်းကို အသိအမှတ် ပြုကြောင်း ပြည်တွင်းမီဒီယာများကို ပြောဆိုသည်။
“တရုတ်က လုပ်တဲ့ ရွေးကောက်ပွဲ ဆိုတော့ သူတို့ရဲ့ အကျိုးစီးပွားပေါ် မူတည်ပြီးတော့ လုပ်တဲ့ ရွေးကောက်ပွဲကတော့ အဆင်မပြေဘူး။ တခြားတိုင်းပြည်က လာပြီးတော့ ကျွန်တော်တို့ကို ရွေးကောက်ပွဲ လုပ်ပေးပါတယ်ဆိုလို့ သူက အဖြစ်လုပ်ပေးတာက တကယ့် ဒီမိုကရေစီကို ရေရှည်သွားဖို့လည်း အဆင်မပြေဘူး။ တရုတ်လုပ်တဲ့ ရွေးကောက်ပွဲက ကျွန်တော်တို့ရဲ့ စစ်မှန်တဲ့ ဒီမိုကရေစီကိုလည်း ရဖို့တော့ မရှိဘူး” ဟု DVB သတင်းဌာနမှ ကိုမြင့်ဇော်က သုံးသပ်သည်။
ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှလည်း စစ်ကောင်မရှင်၏ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး စိတ်မသက်မသာ ဖြစ်ရကြောင်း ဇန်နဝါရီလ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများကို ပြန်လွှတ်ပေးပြီး နိုင်ငံရေးအရ ဆွေးနွေးကြဖို့ အကြိမ်ကြိမ် တိုက်တွန်းခဲ့သော်လည်း ဖြစ်မလာခဲ့ကြောင်း၊ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး အနီးကပ် စောင့်ကြည့်သွားမည်ဟု ရေးသားထားသည်။
အလားတူ စစ်ကော်မရှင် ကျင်းပသည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသည့် အားလုံးပါဝင်သည့် ရွေးကောက်ပွဲ အခြေခံစံနှုန်းများကို ပြည့်မီခြင်း မရှိဘဲ စစ်အုပ်ချုပ်ရေးကို အမြစ်တွယ်စေမည့် စစ်ယူနီဖောင်းချွတ် အရပ်သားပုံစံ တရားဝင်မှုရအောင် ပြုလုပ်ထားကြောင်း၊ ပြည်သူထောက်ခံသည့် ရွေးကောက်ပွဲ မဟုတ်ခြင်းကြောင့် တရားဝင်မှု မပေးသင့်ကြောင်း ဒီမိုကရေစီနှင့် ရွေးကောက်ပွဲဆိုင်ရာ အကူအညီပေးရေး နိုင်ငံတကာ အဖွဲ့အစည်း (International IDEA) အဖွဲ့က ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် သဘောထား ထုတ်ပြန်ကြေညာခဲ့သည်။
ထို့ကြောင့် စစ်ကော်မရှင် ရွေးကောက်ပွဲသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD တို့ကို စနစ်တကျ ဖယ်ကြဉ်ထားခြင်းကြောင့် ပြည်သူလူထု ကိုယ်စားပြုမှု ထောက်ခံမှု မရှိသည့် ရွေးကောက်ပွဲသာဖြစ်ကြောင်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများက ပြောဆိုလိုက်သည်။
“သေနတ်နဲ့ ထောက်ပြီး လုပ်တဲ့ ရွေးကောက်ပွဲ ဆိုတော့ လူတိုင်းကတော့ မဖြစ်မနေ သွားပေးရတာမျိုး ရှိတယ်။ ဒါပေမယ့် သူတို့စိတ်ထဲမှာ Insecure မလုံခြုံမှု ဖြစ်တယ်ဆိုတာ တိုက်ပွဲရှိတဲ့ နေရာတွေမှာ ပိုဆိုးတယ်။ တိုက်ပွဲ မရှိဘဲနဲ့ သွားပေးတဲ့ နေရာတွေမှာလည်း သူ့စိတ်ထဲမှာ Guilty ပေါ့၊ ဒီဟာကို မပါဝင်သင့်ဘဲနဲ့ ပါဝင်ခဲ့ရတယ် ဆိုတဲ့ သူ့မှာ Insecure စိတ်မလုံခြုံမှုက ခံစားရတာ ပိုများမယ်လို့ ထင်ပါတယ်” ဟု ရွေးကောက်ပွဲတွင် အတင်းအကြပ် မဲပေးခဲ့ရသည့် ပြည်သူအခြေအနေကို ကိုမြင့်ဇော်က သုံးသပ်ပြောဆိုလိုက်သည်။
ကုလသမဂ္ဂ အပါအဝင် ဥရောပသမဂ္ဂ၊ အာဆီယံတို့က စစ်တပ်ရွေးကောက်ပွဲကို အသိအမှတ်ပြုမည် မဟုတ်ကြောင်း၊ နိုင်ငံတဝန်း အကြမ်းဖက်မှု၊ အခြေခံလွတ်လပ်ခွင့်အပေါ် ကန့်သတ်မှု၊ အစုလိုက်အပြုံလိုက်ဖမ်းဆီးမှု၊ အဓိကကျသည့် နိုင်ငံရေးသမားများအား ဖယ်ထုတ်ထားမှု၊ လက်နက်ကိုင်ပဋိပက္ခ များကြား အားလုံးပါဝင်ပြီး လွတ်လပ်တရားမျှတ၊ ယုံကြည်ရသော ရွေးကောက်ပွဲမဖြစ်နိုင်ကြောင်း ထုတ်ပြန်ပြောဆိုထား ကြသည်။
နိဂုံးချုပ် သုံးသပ်ချက်
ခြုံငုံသုံးသပ်ရလျှင် ၂၀၂၅-၂၀၂၆ အတုအယောင် ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေး အကြပ်အတည်းကို ပြေလည်စေမည့် ထွက်ပေါက်မဟုတ်ဘဲ စစ်အာဏာရှင်စနစ်အား အရပ်သားအသွင်ဖြင့် သက်တမ်းတိုးရန် ကြိုးပမ်းသည့် “နိုင်ငံရေးပြဇာတ်” တစ်ခုသာ ဖြစ်သည်။
နေပြည်တော်၏ အစိုးရသစ်ဆီ အရွေ့သည် အိမ်နီးချင်း တရုတ်နိုင်ငံ၏ ဒေသတွင်း တည်ငြိမ်ရေးနှင့် စီးပွားရေးအကျိုးစီးပွား (BRI) အလိုကျ ဖန်တီးထားသည့် ဗျူဟာမြောက် အရွေ့တစ်ခု ဖြစ်နိုင်သော်လည်း၊ လက်တွေ့မြေပြင်တွင်မူ ပြည်သူလူထု၏ အစစ်အမှန် ဆန္ဒသဘောထားကို ကိုယ်စားပြုနိုင်ခြင်း မရှိသည့်အတွက် အနှစ်သာရ ကင်းမဲ့သော “ဗလာနတ္ထိ” အချိုးအကွေ့ တစ်ခုအဖြစ်သာ သမိုင်းတွင် ကျန်ရစ်မည် ဖြစ်သည်။
စစ်မှန်သော နိုင်ငံရေးဆွေးနွေးမှုများ ကင်းမဲ့ခြင်း၊ အဓိကအတိုက်အခံ ခေါင်းဆောင်များကို ဖယ်ကြဉ်ထားခြင်းနှင့် အီလက်ထရောနစ် မဲပေးစက်များ၊ အချိုးကျကိုယ်စားပြု PR စနစ်များကို အသုံးချ၍ မဲမသမာမှုများ ပြုလုပ်ခြင်းတို့ကြောင့် ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲသည် နိုင်ငံတကာစံနှုန်းအရ တရားဝင်မှု (Legitimacy) လုံးဝ မရှိကြောင်း ပေါ်လွင်နေသည်။
၎င်းရွေးကောက်ပွဲသည် ပဋိပက္ခကို ချုပ်ငြိမ်းစေမည့်အစား မြေပြင်ရှိ တော်လှန်ရေး အင်အားစုများနှင့် စစ်အုပ်စုအကြား တင်းမာမှုများကို ပိုမိုမြင့်တက်စေပြီး ငြိမ်းချမ်းရေးလမ်းစကို ပိုမိုဝေးကွာစေခဲ့သည်။
“စစ်ကော်မရှင်က မည်မျှပင် အောင်မြင်ကြောင်း ကြွေးကြော်နေပါစေ၊ အတင်းအကြပ် ဖိအားပေးမှုနဲ့ ခြိမ်းခြောက်မှုများကြားမှ ရရှိလာတဲ့ မဲရလဒ်နဲ့ အစိုးရသစ်ဟာ ပြည်သူ့ထောက်ခံမှုကို ကိုယ်စားမပြုနိုင်ဘူး” ဟု ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တစ်ဉီးက ပြောဆိုသည်။
စစ်မှန်သော ဒီမိုကရေစီ၊ ကိုယ်စားပြုမှုနှင့် ဖက်ဒရယ်ပြည်ထောင်စုဆီသို့ ဦးတည်သည့် အရွေ့မျိုး မဟုတ်ဘဲ အာဏာရှင်စနစ် အမြစ်တွယ် ခိုင်မြဲရေးအတွက်သာ ရွေးကောက်ပွဲကို အသုံးချ ပုံဖော်သွားခဲ့ခြင်းကြောင့် သျှမ်းပြည်သားများနှင့် ပြည်သူတစ်ရပ်လုံး မျှော်လင့်သော နိုင်ငံရေးအပြောင်းအလဲမှာ ပျောက်ဆုံးနေဆဲပင် ဖြစ်ပါတော့သည်။
စိုင်းဟန်လင်း ပူးပေါင်းရေးသားသည်။











Leave a Comments