စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲ အပိုင်း(၁) ကို လာမည့် ဒီဇင်ဘာလ (၂၈) ရက်တွင် စတင်ပြုလုပ်မည်ဖြစ်ကြောင်း ဩဂုတ်လ (၁၈) ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
မဲအများဆုံးရရှိသူ အနိုင်ရသည့် (First Past the Post – FPTP) စနစ်နှင့် အချိုးကျကိုယ်စားပြု (Proportionate Representation) စနစ်ကိုပေါင်းစပ်အသုံးပြု၍ ကျင်းပမည့် မဲဆန္ဒနယ်များကိုလည်း တပြိုင်တည်း ထုတ်ပြန်ခဲ့ရာ ရွေးကောက်ပွဲ အပိုင်း(၁) ကျင်းပသွားမည့်ထဲတွင် သျှမ်းပြည်မှ (၁၂) မြို့နယ် ပါဝင်ခဲ့သည်။
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ နည်းစနစ်နှင့် ကျင်းပမည့်ပုံစံများ၊ အီလက်ထရောနစ် မဲပေးစက် အသုံးပြုရန် လုပ်ဆောင်နေမှုနှင့်ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ အကြောင်းတို့ကို ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP ကျားဖြူပါတီ) ကိုယ်စားပြုပြီး လင်းခေးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် နေရာအတွက် ပါဝင်ယှဉ်ပြိုင်ရန် လျာထားခံရသည့် စိုင်းဆေဟန် ထံ သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းခွမ်မိန်း ဆက်သွယ်မေးမြန်းထားသည်။
မေး ။ ။ ပထမဆုံးအနေနဲ့ နာမည်နဲ့ ရွေးကောက်ပွဲဝင်ပြိုင်မယ့်နေရာကို မိတ်ဆက်ပေးပါဉီး။ နောက်ပြီး နိုင်ငံရေးခံယူချက်၊ ကိုယ်စားပြုပါတီ ရွေးချယ်မှုနဲ့ ရွေးကောက်ပွဲ ဖြတ်သန်းမှုတွေကို ပြောပြပေးပါ။
ဖြေ ။ ။ ကျနော်ရဲ့ နာမည်ကတော့ စိုင်းဆေဟန် ပါ၊ လင်းခေးမြို့နယ်မှာ နေပါတယ်။ ကျနော့်ရဲ့ နိုင်ငံရေး ခံယူချက်ကတော့ ဖြစ်သင့်ဖြစ်ထိုက် ဖြစ်နိုင်တာကို ဦးစားပေးပြီးတော့ လုပ်မှာပေါ့။ ကျနော် ရွေးကောက်ပွဲဆိုတာ ဖြတ်သန်းလာတာကတော့ နှစ်ကြိမ်ဆက်တိုက် ရှိပြီ။ ၂၀၁၅တုန်းက တစ်သီးပုဂ္ဂလ အနေနဲ့ လင်းခေးမြို့မှာ ဝင်ပြိုင်တယ်၊ ပြီးတော့ ၂၀၂၀ မှာလည်း NLD လွှတ်တော်ကိုယ်စားလှယ် ကိုယ်စားပြုအနေနဲ့ကျနော်ဝင်ပြိုင်ပါတယ်။
မေး ။ ။ အခုလာမယ့် ၂၀၂၅ ရွေးကောက်ပွဲမှာရော ဘယ်ပါတီကို ကိုယ်စားပြုပြီးတော့ ပါဝင်ယှဉ်ပြိုင်သွားမလဲ၊ ဘယ်လို ပြင်ဆင်မှုတွေလုပ်နေပါသလဲ။
ဖြေ ။ ။ ကျနော် ၂၀၂၅ မှာ အခုလက်ရှိကတော့ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ကျားဖြူပါတီပေါ့နော်။ အဲ့မှာ ကျနော်ကလင်းခေးမြို့ကိုယ်စား ပြည်သူ့လွှတ်တော်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်၊ အဲ့မှာ လျာထားတာပေါ့။ အခုကတော့ ကျနော်တို့ ကိုယ်စားလှယ်လောင်း အမည်စာရင်းလည်း မတင်သွင်းရသေးပါဘူး၊ အခုတော့ လျာထားတုန်းပေါ့နော်။
ပြင်ဆင်မှုဆိုတာ အခုကတော့ ရွေးကောက်ပွဲကျင်းပမယ်ဆိုတာ ကြေညာပြီးကတည်းက ကျနော်တို့က တစ်ဆက်တည်း ပြင်ဆင်တာပေါ့။ ကျနော်တို့ မြို့နယ် EC ဖွဲ့ပြီးတော့ စည်းရုံးရေးအတွက် စည်းရုံးရေးမှူးတွေ ဖွဲ့တယ်၊ ကျနော်တို့ ပါတီနဲ့ ပတ်သက်တဲ့ လုပ်ငန်းဆောင်တာတွေ လုပ်တယ်။
မေး ။ ။ စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောင်းလဲကျင့်သုံးမယ့် နိုင်သူ အကုန်ယူစနစ် FPTP နဲ့အချိုးကျ ကိုယ်စားပြုစနစ် PR အကြောင်းကို ရှင်းပြပေးပါဦး။
ဖြေ ။ ။ ကျနော်တို့ ကိုယ်စားလှယ်လောင်း နေရာမှာဆိုရင် အခုက ဒီရွေးကောက်ပွဲမှာ အရင်တုန်းက ရွေးကောက်ပွဲပုံစံနဲ့ မတူဘူးဗျ၊ နည်းစနစ်က ရောနှောထားတဲ့ နည်းစနစ်ပေါ့နော်။ FPTP ဆိုတာ နိုင်သူအကုန်ယူစနစ်နဲ့ PR ဆိုတာ အချိုးကျ ကိုယ်စားပြုစနစ် အဲ့လိုမျိုး လုပ်ထားတယ်။
အခု ပြည်သူ့လွှတ်တော်မှာဆိုရင် ကျနော်တို့က နိုင်သူအကုန်ယူစနစ်၊ အရင်တုန်းက စနစ်လိုမျိုးပဲပေါ့။ နိုင်တဲ့လူကတော့ နိုင်သွားတယ် ရှုံးတဲ့လူတစ်မဲရှုံးရင်လည်း တစ်မဲရှုံးတယ်၊ တစ်မဲနိုင်ရင်လည်း သူက တစ်မဲနိုင်သွားတာ အဲ့လိုမျိုးပေါ့။

ပြည်နယ်လွှတ်တော် နေရာမှာ အချိုးကျကိုယ်စားပြု PR စနစ်နဲ့ ရောထားတယ်ဗျ။ ဥပမာ လင်းခေးမှာဆိုရင် ပြည်နယ်လွှတ်တော်မှာ ဝင်ပြိုင်တယ်ဆိုရင်တော့ အဲ့ဒီ လင်းခေးမဲဆန္ဒနယ် တစ်နယ်လုံးပေါ့၊ လင်းခေးမြို့ တစ်မြို့နယ်လုံးကို ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အဖြစ် သတ်မှတ်တယ် အဲ့ဒါက FPTP ။ FPTP ကတော့ အရင်တုန်းက ပုံစံလိုမျိုး မဲဆွယ်စည်းရုံးတဲ့ အချိန်မှာဆိုရင် ကျနော်တို့ ဓာတ်ပုံတွေ ထည့်လို့ရတယ်၊ ကျနော်ကတော့ ဒီပါတီရဲ့ကိုယ်စားပြု လုပ်လို့ရတယ်။
ဒါပေမဲ့ PR နေရာမှာတော့ သူက လျှို့ဝှက်အနေနဲ့ဆိုတော့ ပါတီကိုပဲ မဲပေးရမယ်၊ ပြီးတော့ ဘယ်သူ ဝင်ပြိုင်တယ်ဆိုတာ မသိရဘူး။ အဲ့ဒီ PR နေရာမှာ ပြည်နယ်အတွက် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးပေါ့၊ အဲ့ဒါကတော့ ကျနော်တို့ ဗဟိုမှာပဲ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေတင်ရမယ်။ မြို့နယ်တိုင်း ဗဟိုမှာပဲ တင်၊ တင်ပြီးမှ ဗဟိုကတော့ စာရင်းပိတ် Closed-List အနေနဲ့ ထည့်ထားတယ် PR အတွက်က။

ကျနော်တို့ လင်းခေးမှာဆိုရင် သျှမ်းပြည်အတွက် မဲဆန္ဒနယ် ၁ မှာ ပါဝင်တယ်။ မဲဆန္ဒနယ် ၁ ဆိုတာက ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တောင်ကြီးခရိုင်၊ ကလောခရိုင်နဲ့ လင်းခေးခရိုင် အားလုံး ငါးနေရာရှိတာပေါ့။ အဲ့ငါးနေရာမှာ ၁၃ မြို့နယ်ပေါင်းထားတယ်၊ အဲ့ဒါကို ကျနော်တို့ မဲဆန္ဒနယ် ၁ အနေနဲ့ သတ်မှတ်တာ။ ကျနော်တို့က PR ဆိုရင် ၁၃ ယောက် အဲ့မှာ ဝင်ပြိုင်မှာပေါ့၊ ဒါပေမဲ့အဲ့ဒီ နာမည်တွေကတော့ ထုတ်ဖော်ပြောလို့ မရပါဘူး။
ပြည်နယ်လွှတ်တော်အတွက် တစ်မြို့နယ်မှာဆိုရင် အရင်တုန်းက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နှစ်ယောက်ရှိတယ်။ ဒါပေမဲ့ တစ်ယောက်ကို FPTP နိုင်သူအကုန်ယူစနစ်နဲ့ သွားတယ်၊ နောက်တစ်ယောက်ကို PR စနစ် အချိုးကျနဲ့ သွားတယ်။ အချိုးကျစနစ် PR ဆိုတာ ခုနက ကျနော်ပြောသလိုမျိုး သူက မဲဆန္ဒနယ်ကို သတ်မှတ်လိုက်တယ်။
ကျနော်တို့ မဲဆန္ဒနယ်က ၁ ဆိုတော့ အဲ့ဒီထဲမှာ ၁၃ မြို့နယ် ပါတယ်။ အဲ့ဒါကြောင့် PR စနစ်မှာ ဝင်ပြိုင်တဲ့သူ ၁၃ ယောက်က အဲ့ဒီ ၁၃ မြို့နယ်မှာရတဲ့ မဲရလဒ်တွေ အကုန်လုံး ပေါင်းပြီးမှ သူက ၁၃ နဲ့ ပြန်စားတာပေါ့၊ ကိုယ်စားလှယ် အရေအတွက် ၁၃ နဲ့ ပြန်စားတယ်။ ဥပမာ ကျနော်တို့ကအဲ့ဒီ ၁၃ မြို့နယ်မှာ ခိုင်လုံမဲက တစ်သိန်းသုံးသောင်း ရတယ်ဆိုပါတော့ ၁၃ နဲ့စားရင် ကိုယ်စားလှယ်တစ်ဦးကို တစ်သောင်းနှုန်းပေါ့ အချိုးကျ။

အဲ့မှာ ကျနော်တို့ပါတီက ဥပမာ သုံးသောင်းရတယ်ဆိုရင် ကိုယ်စားလှယ်က အလိုအလျောက် Automatic သုံးယောက်ရတယ်။ ဒါပေမဲ့ အဲ့ဒီကိုယ်စားလှယ် စီမံခန့်ခွဲမှုက ဗဟိုပေါ်မှာပဲ မူတည်တယ်ဗျ၊ သက်ဆိုင်ရာ မြို့နယ်ကတော့ စာရင်းသွင်းထားပြီးပြီ။ ဒါပေမဲ့ ဗဟိုက အစဉ်လိုက်ချထားပေးမယ်၊ ၁၃ ယောက်နေရာမှာ ဘယ်သူ့ကတော့ နံပါတ်တစ် နံပါတ်နှစ် နံပါတ်သုံး အဲ့လို ထည့်ထားမှာပေါ့။
အမျိုးသားလွှတ်တော်လည်း ထိုနည်းတူပဲ။ တစ်ပြည်နယ်ကို ၁၂ ယောက်နှုန်းနဲ့ အချိုးကျ လုပ်ထားတဲ့အတွက် ခြောက်ယောက်ကို သူက PR ၊နောက်ထပ်ခြောက်ယောက်ကို FPTP အဲ့လိုသွားတယ်။
မေး ။ ။ စစ်ကော်မရှင်က ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပသွားမယ်ဆိုတော့ သျှမ်းပြည်မှာ ဘယ်နယ်မြေတွေမှာ အရင်ဆုံး ကျင်းပသွားမလဲ။ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ကျားဖြူပါတီ SNDP အနေနဲ့ သျှမ်းပြည်အတွင်း ဘယ်မြို့နယ်တွေမှာ ယှဉ်ပြိုင်သွားမလဲ။
ဖြေ ။ ။ ကျနော်တို့ အခုရွေးကောက်ပွဲ ကျင်းပမယ့် မြို့နယ်တွေ အားလုံးကို UEC က မြန်မာတစ်ပြည်လုံးမှာ ၃၃၀ မြို့နယ်လို့ ကြေညာထားတယ်။ ပြီးတော့ ပြည်နယ်လွှတ်တော်မှာ ဆိုရင် ၂၀၀ ကျော်ပေါ့နော်။
ကျနော်တို့ သျှမ်းပြည်မှာဆိုရင်လည်း လောလောဆယ်တော့ ရွေးကောက်ပွဲ ကျင်းပနိုင်မယ့် မြို့နယ်တွေ အားလုံးတော့ ပါဝင်ပါတယ်၊အကျုံးဝင်ပါတယ်။ ကျနော်တို့ ကိုယ်စားလှယ်တွေလည်း သျှမ်းပြည်မှာ အကုန်လုံး ပါဝင်ယှဉ်ပြိုင်မယ်လို့ လျာထားတယ်ဗျ။ သျှမ်းပြည်မှာကတော့ အခု ပထမပိုင်းအနေနဲ့ UEC က ၁၂ မြို့နယ်လို့ ကြေညာထားတယ်။
၁၂ မြို့နယ်ဆိုတာ ကျနော် တွက်ပြမယ်နော်။ သျှမ်းတောင်မှာဆိုရင် ပင်းတယမြို့နယ်၊ တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်၊ လွိုင်လင်မြို့နယ်၊ နမ့်စန်မြို့နယ်နဲ့ လင်းခေးမြို့နယ်။ ခရိုင်မြို့ကြီးတွေ ပထမဆုံး ကျင်းပမယ့် အပိုင်းထဲက ပါတယ်။ ပြီးတော့ သျှမ်းပြည်မြောက်ပိုင်း ဆိုရင် လားရှိုးမြို့၊ နောင်ချိုမြို့၊ မူဆယ်မြို့ပါမယ်။ သျှမ်းအရှေ့ အနေနဲ့ မိုင်းဆတ်မြို့၊ ကျိုင်းတုံမြို့၊ တာချီလိတ်မြို့ ပါမယ်၊ အားလုံးပေါင်းတော့ ၁၂ မြို့နယ်ဗျ။
မေး ။ ။ လာမယ့် ရွေးကောက်ပွဲမှာ မဲလာထည့်တဲ့ ပြည်သူတွေ ကိုယ်စားပြုမှု၊ ထောက်ခံမှုကရော ဘယ်လောက် အတိုင်းအတာအထိ ရနိုင်မယ်လို့ မျှော်လင့်ထားလဲ။
ဖြေ ။ ။ ကိုယ်စားပြုမှုအနေနဲ့ ပြောရရင်တော့ အရင်ပုံမှန် အခြေအနေအတိုင်းတော့ မတူဘူးပေါ့။ ဒါပေမဲ့ အခု ကျနော်တို့ ပြည်တွင်းမှာနေထိုင်တဲ့သူကတော့ ကိုယ်နေထိုင်တဲ့ မြို့မှာတော့ ဘာပဲဖြစ်ဖြစ် မဲတော့သွားပေးရမှာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ငါးနှစ်မှာတစ်ကြိမ်ရွေးကောက်ပွဲလုပ်တယ် ဆိုတာ ကျနော်တို့ လိုချင်တဲ့သူကို သွားမရွေးရင်လည်း ကျနော်တို့ မလိုချင်တဲ့သူက ပြန်ပါလာမယ်၊ အဲ့လိုမျိုးသဘောရှိတယ်။
နိုင်ငံရေးလုပ်တဲ့သူကတော့ ကျနော်တို့အနေနဲ့ ခံယူချက်ကတော့ ရွေးကောက်ပွဲရှိမှ ကျနော်တို့ ဆန္ဒကို ကိုယ်တိုင် ဖော်ထုတ်နိုင်တာပေါ့။ ဥပမာကျနော်က ဒီလူကို ကြိုက်တယ်ဆိုရင် ဒီလူကို မဲသွားပေးတယ်၊ ဟိုလူကို မကြိုက်ဘူးဆိုရင် မဲမပေးဘူးပေါ့နော်။ မပေးဘူးဆိုရင် သူလည်းပါဝင်လာဖို့ မရှိနိုင်တော့ဘူးပေါ့။
အခုက ‘ကျနော်တို့နိုင်ငံမှာ ပြောရရင်တော့ အာဏာသုံးရပ်စလုံး တစ်ယောက်ထဲမှာပဲ စုစည်းနေတာ”ပေါ့။ နိုင်ငံရေးမဏ္ဍိုင်မှာဆိုရင် တရားစီရင်ရေး၊ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးဆိုတာ အဲ့လိုမျိုးဖြစ်နေတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲပြီးတဲ့ အချိန်မှာဆိုရင် အဲ့ဒီမဏ္ဍိုင်သုံးရပ် ပြန်ပြီးတော့ခွဲဝေပြီးတော့ ကျင့်သုံးကြမှာပေါ့။ အဲ့အချိန်မှာဆိုရင် ကျနော်တို့က ပြည်သူတွေအတွက်လည်း ပိုပြီးတော့ အကာအကွယ် ပေးနိုင်တာပေါ့ သူကဖြစ်သင့်တာ၊ ဖြစ်ထိုက်တာကိုလေ။
ဒါပေမဲ့ အခုကာလမှာဆိုရင် သိတယ်မဟုတ်လား၊ နိုင်လွတ်လုံ ဆိုတဲ့ဥပဒေ ၂၀၂၀ ဩဂုတ်လ ၂၈ ရက်နေ့ကတည်းကနေ ပြဋ္ဌာန်းထားတဲ့ဥပဒေ။ အဲ့ဒီ နိုင်လွတ်လုံဥပဒေကို အခုက ခြောက်လအတွင်းပေါ့ ရွေးကောက်ပွဲ မပြီးမချင်း ခေတ္တ ဆိုင်းငံ့ထားတယ်။ အဲ့မှာ လူ့အခွင့်အရေးတွေ အားလုံးက အဲ့ထဲပါတယ်။ အဲ့ဒါကြောင့် ကျနော်တို့ ဘာပဲလုပ်လုပ် ပြည်တွင်းမှာ ရှိနေတဲ့ လူတွေအားလုံးကတော့ တစ်ခုခု လုပ်မယ်ဆိုရင်လည်း ဥပဒေနဲ့ ငြိစွန်းသွားရင် ဘယ်သူမှ ကျနော်တို့ကို လာကယ်နိုင်မှာ မဟုတ်ပါဘူးဗျ၊ အဲ့ဒါလည်း သတိထားစေချင်တယ်။
မေး ။ ။ လက်ရှိ စစ်ရေး ကျယ်ပြန့်နေတဲ့ ကာလမှာ ရွေးကောက်ပွဲလည်း လုပ်မယ်ဆိုတော့ နိုင်ငံရေး ပြုပြင်ပြောင်းလဲဖို့က ဘာတွေအရေးတကြီး လိုအပ်နေလဲ။
ဖြေ ။ ။ ပြုပြင်ပြောင်းလဲရေးဆိုတော့ အခုက စစ်ရေးဖြစ်နေတဲ့အချိန်မှာ ပထမဆုံး လုပ်ရမှာကတော့ အခုလည်း အစိုးရလည်း ကြိုးစားနေတာပေါ့။ ပြီးတော့ အဖွဲ့အစည်းတိုင်းလည်း ကြိုးစားနေတဲ့ ငြိမ်းချမ်းရေးပေါ့၊ အဓိကက ငြိမ်းချမ်းရေးပါ။ ပြောရရင်တော့ တိုက်ပွဲရှိမှ ငြိမ်းချမ်းရေးကို ခေါ်ကြမှာလေ၊ အဲ့ဒါကြောင့် ပြည်သူတွေပဲ နစ်နာမယ်။ နောက်ဆုံးကတော့ စားပွဲဝိုင်းပေါ်ပဲ ပြန်ရောက်ကြတယ် ဆွေးနွေးပွဲက။
ကျနော်တို့ ပြောချင်တာကတော့ အခု လွှတ်တော်တွေ အမြန်ရှိမှ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ကမ်းလှမ်းပြီးတော့ ငြိမ်းချမ်းရေးကိစ္စတွေမှာပါဝင်လာနိုင်အောင် တံတားအနေနဲ့ သံတမန် အနေနဲ့ ကျနော်တို့ ပါဝင်ဆောင်ရွက်လို့ ရပါတယ်။ ဒါပေမဲ့ အခုလိုမျိုး အခြေအနေမှာ ဆိုရင် ကျနော်တို့ သွားပြော၊ သွားပါရင်လည်း မရသေးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲ့ဒီ နိုင်လွတ်လုံတို့၊ နောက်ထပ် မတရားအသင်းတို့၊ ပြီးတော့အကြမ်းဖက်အသင်းတို့ အဲ့ဒီဥပဒေနဲ့ ငြိမှာလည်း စိုးရိမ်ရပါတယ်ဗျ။
မေး ။ ။ ဇူလိုင်လတုန်းက ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းက ကာကွယ်ပေးတဲ့ ဥပဒေကိုလည်း စစ်ကော်မရှင် ပြဋ္ဌာန်းခဲ့တဲ့အတွက် ဘယ်လို သက်ရောက်မှု ရှိမလဲဗျ။
ဖြေ ။ ။ ဒါလည်း ကျွန်တော်ပြောချင်ပါတယ်ဗျ။ အခုဖွဲ့စည်းလိုက်တဲ့ ကော်မရှင်က ၂၀၂၃ ခုနှစ်မှာ ဥပဒေတစ်ခု ပြဋ္ဌာန်းတယ်၊ ပုဒ်မ ၂၅အရ နိုင်ငံရေးပါတီတွေ အားလုံးကို ပြန်ပြီးတော့ မှတ်ပုံတင်ခိုင်းတယ်။ ဒါပေမဲ့ မှတ်ပုံမတင်တဲ့ နိုင်ငံရေးပါတီတွေ အားလုံးကတော့အလိုအလျောက် ပယ်ဖျက်တယ်ဆိုတာ အဲ့မှာပါတယ်ဗျ။
အဲ့ထဲမှာဆိုရင် ကျနော်တို့ သျှမ်းပါတီတွေ ကျားခေါင်းလည်း ပါတယ်၊ ပြီးတော့ ကျားဖြူလည်း ပါတယ်။ အကုန်လုံးပါတယ် ဖျက်သိမ်းခြင်းခံရတာ ပြန်ပြီးတော့ မှတ်ပုံတင် မတင်တာ၊ တချို့တော့ မသိကြပါဘူး။ တချို့ထင်တာကတော့ အားလုံးက မဖျက်သိမ်းခံရဘူးလို့ပဲ ထင်နေတယ်၊ဖျက်သိမ်းခံရတဲ့နေ့လည်း အတူတူပဲ ၂၉ ရက် မတ်လ ၂၀၂၃ မှာ။
အဲ့မှာ ကျနော်တို့ ကျားဖြူပါတီအနေနဲ့ တစ်နိုင်ငံလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ဆိုတာ UEC က သတ်မှတ်ချက်တွေ ပါလာတယ်၊ ဒီအသစ်ပြဋ္ဌာန်းတဲ့ ဥပဒေပေါ့။ အဲ့ဒီ စိန်ခေါ်ချက်တွေကို ကျနော်တို့ ကျော်လွှားနိုင်ပြီးတော့ အခု လုပ်ရမှာကတော့ ရွေးကောက်ပွဲဝင်ဖို့ ဘယ်လို ကိုယ်စားလှယ်တွေ ရွေးပြီးတော့ ရွေးကောက်ပွဲမှာ အနိုင်ရအောင် ဘယ်လို လုပ်မလဲဆိုတာ ကြိုးစားရမယ်။
ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းက ကာကွယ်ပေးတဲ့ ဥပဒေ ဆိုတာ ဟုတ်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရွေးကောက်ပွဲကာလအတွင်းမှာ မလိုလားအပ်တဲ့ ပြဿနာတွေ မလိုလားအပ်တဲ့ အကြောင်းအရာတွေ ပေါ်လာမှာစိုးလို့ အဲ့ဥပဒေကို ပြဋ္ဌာန်းတယ်။ အဲ့ဒါကြောင့် မည်သူမဆိုပေါ့ အဲ့ဒီဥပဒေအတွင်းမှာ ပြည်တွင်းမှာ နေထိုင်တဲ့သူကတော့ အဲ့ဥပဒေကိုပဲ လိုက်နာရမယ်။

မလိုက်နာရင်တော့ အခုက ကျနော်တို့ အရင်ရက်ကလား မသိဘူး၊ တောင်ကြီးက လူတစ်ယောက် အေးသာယာမှာနေတာ လိုင်းပေါ်မှာ တက်ပြီးတော့ ဝေဖန်လိုက်တာနဲ့ အဲ့ဥပဒေနဲ့ ချက်ချင်းငြိတယ်။ ဒါကြောင့် ဘယ်သူမှလည်း မကယ်နိုင်ဘူးပေါ့နော်။ ကိုယ်ပြောချင်တာကတော့ ဆန္ဒတွေမစောကြပါနဲ့၊ ဘာဖြစ်လို့လဲ ဆိုတော့ ဥပဒေတစ်ရပ်ရပ်မှာ ဆိုရင် ဘယ်သူမှ လွန်ဆန်နိုင်မှာ မဟုတ်ဘူးလေ။
အဲ့ဒါကြောင့် ဥပဒေနဲ့ မမှားအောင်တော့ ကျနော်တို့ နေရမယ်။ အဲ့ဒါကြောင့် ပြည်သူတွေ အနေနဲ့လည်း လိုင်းပေါ်မှာ ပြောမယ် ဆိုမယ် ဆိုရင်လည်း ကိုယ့်ရဲ့ဖြစ်လာမယ့် နောက်ဆက်တွဲတွေ အားလုံးက ဘယ်သူမှ တာဝန်ယူပေးမှာ မဟုတ်ဘူး။ ကိုယ်ပဲ ဒုက္ခရောက်ပါမယ် ဆိုတာ ပြည်သူတွေကို ပြောပြချင်တာပေါ့။
မေး ။ ။ လာမယ့် ရွေးကောက်ပွဲမှာ အရင်တုန်းကလို စာရွက်နဲ့ မဲပေးတာမျိုး မဟုတ်ဘဲနဲ့ ဒီတစ်ခေါက်က အီလက်ထရောနစ်စက်နဲ့ မဲပေးရမှာဆိုတော့ ပြည်သူတွေ မဲပေးတတ်အောင် ဘယ်လိုမျိုး ဆောင်ရွက်နေလဲ။
ဖြေ ။ ။ အခုက အီလက်ထရောနစ်စက်နဲ့ မဲပေးတဲ့စနစ်က ကျနော်ကိုယ်တိုင်လည်း သွားစမ်းသပ်လာပြီးပြီ။ လူတစ်ဦးမှာ သူက မဲသွားပေးတယ်လို့ သူစဉ်းစားတဲ့ အထဲမှာဆိုရင် သူက ခိုင်လုံမဲပဲ ပေးချင်တယ်။ ဒါပေမဲ့ အရင်တုန်းက စာရွက်ပေါ်မှာ တံဆိပ်တုံးထုလိုက်တာနဲ့ နည်းနည်းချော်သွားရင် ပယ်မဲ ဖြစ်သွားတယ်။
ဒီတစ်ခေါက်တော့ လူတစ်ဦးတစ်ယောက် မဲသွားပေးမယ်ဆိုရင် ဒီပါတီကို ကြိုက်တယ်၊ မဲပေးတယ်ဆိုရင် သူပေးတဲ့ မဲကလည်း အလဟဿ မဖြစ်ဘူး။ ပါတီလည်း ရတယ်၊ ပြီးတော့ သူလိုချင်တဲ့ ဆန္ဒလည်း ပြည့်ဝသွားတာပေါ့။ ခလုတ်လေး နှိပ်တတ်ရုံနဲ့ဆိုရင် ကျနော်တို့ မဲပေးလို့ ရပါပြီ၊ လူတစ်ဦးကို သူက တစ်ချက်ပဲ ပေးနှိပ်တယ်။ ဒါက မြန်မာ့နည်း မြန်မာ့ဟန်အနေနဲ့ ကျနော်ထင်တာ ဘယ်သူမှ မသုံးသေးဘူး။ ပယ်မဲတော့လုံးဝမရှိပါဘူး၊ ဥပမာ မဲရုံထဲမှာ လူအယောက်တစ်ရာ ဝင်သွားရင် ခိုင်လုံမဲက ၁၀၀ စလုံး ရှိပါတယ်။
မေး ။ ။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့မှ အခြားဖြည့်စွက် ပြောချင်တာရှိရင်လည်း ပြောပေးပါဦး။
ဖြေ ။ ။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ကျနော် ပြောချင်တာကတော့ လူတွေရဲ့ စိတ်ကြိုက်တော့ မတူပါဘူး။ တချို့လည်း ဘာပြောလဲဆိုတော့ မဲသွားပေးရင်လည်း အလကားပါပဲတဲ့၊ ဘာမှမထူးဘူးတဲ့။ ကျနော်ပြောချင်တာ မဲမပေးရင်တော့ အလကား ဖြစ်တယ်ဗျ။ ဒါပေမဲ့ကျနော်တို့ မကြိုက်တဲ့ ပါတီကို မပါစေချင်ဘူး ဆိုရင်တော့ မဲသွားပေးကြပါ။ ဘာဖြစ်လို့လဲ ဆိုတော့ မဲပေးရင် ကိုယ့်ရဲ့ စိတ်ဆန္ဒမှာ ရှိတဲ့အတိုင်းကိုယ်က နိုင်ငံသားကောင်း တစ်ယောက်အနေနဲ့ တာဝန်ကျေတာပေါ့နော်။
ပြောချင်တာကတော့ ဘယ်နိုင်ငံမှာမဆို နိုင်ငံတစ်နိုင်ငံမှာ နေတဲ့သူကတော့ မဲဆိုတာ ပေးသင့်ပါတယ်၊ ကိုယ့်ရဲ့ ကိုယ်ပိုင်ဆန္ဒမဲပါ။ ဘယ်သူမှသေနတ်ထောက်ပြီးတော့ ကျနော်တို့ကို မင်းတို့ ဒါပေးဆိုတာ ဘယ်သူမှလည်း မပြောပါဘူးဗျ။ အဲ့မှာ မဲသွားပေးတဲ့ အချိန်မှာဆိုရင် ကိုယ်ကြိုက်တဲ့ ပါတီကိုပဲ မဲပေးကြပါလို့ တိုက်တွန်းပါတယ် နှိုးဆော်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါးနှစ်မှာတစ်ကြိမ် စဉ်းစားကြည့်ပါ၊ လူတစ်ဦးတစ်ယောက်မှာဆိုရင် ၁၈ နှစ်ပြည့်တာနဲ့ ရွေးကောက်ပွဲလုပ်တယ်ဆိုရင် တစ်ကြိမ်ပဲ မဲသွားပေးရမယ်။
ဒါပေမဲ့ ရွေးကောက်ပွဲ လုပ်လာတာ သုံးကြိမ်ရှိပါပြီ၊ ဒီတစ်ခေါက်ဆိုရင် လေးကြိမ်ပေါ့။ ကျနော်တို့ တိုင်းရင်းသားတွေ များသောအားဖြင့် အဲ့လေးကြိမ်စလုံးမှာ တခြားသော သူတွေလည်း တစ်ခါမှ မဲပေးဖူးမှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ မဲသွားပေးကြပါလို့ ကျနော် တိုက်တွန်းပါတယ်ဗျ။
မေး ။ ။ အခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။
ဖြေ ။ ။ ဟုတ်ကဲ့ဗျ၊ ကျနော်လည်း ကျေးဇူးတင်ပါတယ်။












Leave a Comments