“ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ကျွန်တော်တို့ ခံစားရတယ်”

စစ်ကော်မရှင် ဦးဆောင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲ အပိုင်း(၁) တွင် ကြိုတင်မဲများနှင့် ပတ်သက်၍ လွတ်လပ်ပြီး တရားမျှတမှု မရှိကြောင်း ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ SNDP) အပါအဝင် နိုင်ငံရေးပါတီ (၃) ခုမှ ခေါင်းဆောင်များက စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထံ ဇန်နဝါရီလ ပထမပတ်တွင် စာပို့အကြောင်းကြားခဲ့သည်။

နိုင်ငံတဝှမ်းလုံးတွင် ကိုယ်စားလှယ်လောင်း ၅၈၄ ဦး ဝင်ရောက်ယှဉ်ပြိုင်နေသည့် ကျားဖြူပါတီအနေဖြင့် ရွေးကောက်ပွဲပထမပိုင်းတွင် လင်းခေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်နေရာသာ အနိုင်ရရှိခဲ့ပြီး လာမည့် တတိယပိုင်းထဲ ပါဝင်သည့် မိုးနဲမြို့နယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာ ပြိုင်ဘက်မရှိဘဲ အနိုင်ရရှိထားသည်။

စစ်ကော်မရှင်ကျင်းပသည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ပါတီများ တင်ပြချက်အရ ကြိုတင်မဲကောက်ယူရာတွင် ပါတီကိုယ်စားလှယ်များ လိုက်ပါနိုင်ရန် လာမည့် ရွေးကောက်ပွဲ ဒုတိယပိုင်းနှင့် တတိယပိုင်းတွင် လုပ်ဆောင်သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ဘက်မှ ဇန်နဝါရီလ (၅) ရက်တွင် ပြန်လည်တုံ့ပြန်ထားသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ ကျားဖြူပါတီမှ စာပို့ထားသည့် အကြောင်းအရာ၊ ရွေးကောက်ပွဲ ယှဉ်ပြိုင်မှု အခြေအနေနှင့် ကြိုတင်မဲကိစ္စများကို ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP ကျားဖြူပါတီ) ဥက္ကဋ္ဌဖြစ်သူ စိုင်းအိုက်ပေါင်း ထံ သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းခွမ်မိန်း ဆက်သွယ်မေးမြန်းထားသည်။

မေး ။ ။ ကျားဖြူပါတီအနေနဲ့ ဇန်နဝါရီ ၂ ရက်နေ့က ရွေးကောက်ပွဲပထမပိုင်းမှာ ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အနိုင်ရတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို စာတင်ထားတယ်လို့ ကြားသိရပါတယ်။ အဲဒီစာထဲမှာ ဘာတွေ ရေးသားထားသလဲ ဆိုတာ သိနိုင်မလားဗျ။

ဖြေ ။ ။ အဲဒါ ကြိုတင်မဲကိစ္စပါ၊ ကြိုတင်မဲတွေက ဘယ်သူတွေ ကြိုတင်မဲပေးတယ် ဆိုတာ ကျွန်တော်တို့ မသိရဘူးလေ။ ဟိုဟာ (ရွေးကောက်ပွဲဥပဒေ) ထဲမှာတော့ အမှန်က ကြိုတင်မဲပေးမယ် ဆိုရင် ဘယ်သူတွေ ကြိုတင်မဲပေးတယ်ဆိုတာ မဲရုံမှာ ကပ်ထားမယ်လို့ ပါတာကိုး၊ အဲဒါမျိုး ကျနော်တို့ မသိရဘူး။

နောက်ပြီးတော့ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ကြိုတင်မဲ ယူတဲ့အချိန်မှာ မပါဘူး၊ မသိလိုက်ရဘူး အဲဒါတွေကြောင့်။ နောက်ပြီး “ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ကျွန်တော်တို့ ခံစားရတယ်။” နောက်ဒုတိယအသုတ်နဲ့ တတိယအသုတ် ရွေးကောက်ပွဲလုပ်တယ် ဆိုရင် ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ပါ ဆိုတာကို ကျနော်တို့ က မေတ္တာရပ်ခံတာပါ၊ အဲဒါပါပဲ။

မေး ။ ။ အဲဒီစာ ရေးသားပေးပို့တာက ရွေးကောက်ပွဲကော်မရှင်ကိုရော ပို့တာလား၊ ဒါမှမဟုတ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုပဲ ပို့တာလား။ အဲဒီစာတွေနဲ့ ပတ်သက်ပြီးတော့ တခြားပါတီတွေလည်း အလားတူ ပို့တာ ကြားရတော့ လက်ရှိမှာ ပြန်ကြားစာ ရပြီလား၊ ဘာတွေ ထူးခြားလဲ။

ဖြေ ။ ။ လိပ်မူတာကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လိပ်မူတယ်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကိုလည်း လိပ်မူတယ်။ တိုင်းနဲ့ ပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတွေလည်း မိတ္တူပို့တယ်။

ပြန်ကြားချက် သူတို့ မပေးပါဘူး။ ဒါပေမယ့် အခု ကြိုတင်မဲ လုပ်တော့မယ်ဆိုရင် ကျွန်တော်တို့ ပါတီတွေကို ခေါ်ပြီပေါ့။ မခေါ်တဲ့ဟာက မနေ့တစ်နေ့က သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမှာ ကြိုတင်မဲလုပ်တဲ့ဟာ ကျနော်တို့လူကို မခေါ်ဘူး။ မခေါ်တော့ ကျနော်တို့ လှမ်းပြီးတော့ ဦးခင်မောင်ဦး (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC အဖွဲ့ဝင်) ကို လှမ်းပြီးတော့ ပြောလိုက်တယ်လေ။

ဦးခင်မောင်ဦးက နေပြည်တော်က တစ်ခါတည်း သျှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဆီ လှမ်းပြီးတော့ ပြောလိုက်တော့ ကြိုတင်မဲ လုပ်တော့မယ်ဆိုရင် အခုနောက်ပိုင်း ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ခေါ်တယ်။ အဲဒါတစ်ခုတော့ ပွင့်လင်းမြင်သာမှုတော့ ရှိလာတယ်။

မေး ။ ။ အခု ရွေးကောက်ပွဲ ပထမပိုင်းကတော့ ပြီးသွားပြီ။ ကျန်တဲ့ ဒုတိယပိုင်း၊ တတိယပိုင်း ကျင်းပဖို့လည်း ရှိနေတော့ ရွေးကောက်ပွဲအတွက် ကြိုတင်မဲအခြေအနေက ဘယ်လိုရှိလဲ။ ရွေးကောက်ပွဲ မသမာမှုတွေ ရှိတယ်လို့ရော ထင်မြင်မိလား။

ဖြေ ။ ။ တစ်ခုက ပွင့်လင်းမြင်သာမှု ရှိလာပြီလေ ကျွန်တော်တို့ကိုလည်း ခေါ်ပြီလေ။ အခုက မလုပ်ရသေးဘူးဆိုတော့ ကျနော်တို့ ကြိုပြောလို့လည်း မကောင်းဘူးလေနော်။ ဒုတိယအသုတ် တတိယအသုတ် မလုပ်ရသေးတော့ ကြိုပြောလို့လည်း မကောင်းဘူး။ ဒါပေမယ့် သူတို့ ကြိုတင်မဲ လုပ်တော့မယ်ဆိုရင် ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ခေါ်ပြီးတော့ သူတို့ကို သွားကြည့်ခိုင်းတယ်။ အဲဒါလေးတော့ တိုးတက်မှုရှိလာတယ်လို့ ပြောလို့ရတယ်။

မေး ။ ။ ဥပမာအနေနဲ့ ရွေးကောက်ပွဲ ပထမပိုင်းက မူဆယ်မြို့နယ်မှာဆိုရင် ပြည်သူတွေ လာပေးတဲ့မဲကို ရေတွက်ပြီးတဲ့အချိန်မှာ ကျားဖြူပါတီက အနိုင်ရနေတယ်။ နောက်ဆုံး ကြိုတင်မဲတွေ ရောက်လာတဲ့အချိန်မှာ အနိုင်ရလဒ်က ပြောင်းသွားတယ်ဆိုတော့ ဒီအပေါ်မှာ ဘယ်လိုမျိုး ထင်မြင်မိလဲ။

ဖြေ ။ ။ ခင်ဗျားတို့လည်း စဉ်းစားလို့ ရတယ်လေဗျာ။ မဲရုံ ၁၈ ရုံ ရှိတာ ၁၇ ရုံ ကျွန်တော်တို့ ကျားဖြူပါတီက နိုင်နေပြီဗျာ။ နောက်ဆုံး မဲရုံတစ်ရုံကျမှ လာပြီးတော့ ဒီကြိုတင်မဲတွေ လာထည့်တယ်ဆိုတဲ့ဟာက ဒါဘာခေါ်မလဲ မှန်ကန်မှုမရှိဘူးလို့ ပြောလို့ရတာပေါ့ဗျာ၊ ဟုတ်တယ်မလား။

ကျနော်တို့က အဲဒါကို စဉ်းစားနေတယ်၊ ကန့်ကွက်ဖို့ ကျနော်တို့ စဉ်းစားနေတယ်။ ဒါပေမယ့် ခက်တာက ကန့်ကွက်ဖို့ဆိုရင် မူဆယ်ကနေပြီးတော့ နေပြည်တော် လာတဲ့ သွားလိုက်လာလိုက် စရိတ်က နည်းတာမဟုတ်ဘူး။ ကန့်ကွက်မယ်ဆိုရင် ငွေ ၁၀ သိန်း အရင်တင်ရတယ်၊ နောက်ပြီးတော့ သွားစရိတ် လာစရိတ် ဒီမှာစိစစ်တာနဲ့ ဘာနဲ့ဆိုတော့ သိန်း ၅၀၊ ၆၀ သိန်း ၁၀၀ နီးပါးလောက် ကုန်သွားမယ်။ အဲဒါ ကျနော်တို့က ရန်ပုံငွေမရှိတော့ ကန့်ကွက်ဖို့ သင့် မသင့် စဉ်းစားနေတာပေါ့။

မေး ။ ။ သျှမ်းပြည်မှာဆိုရင် ကျားဖြူပါတီအနေနဲ့ UEC က ကြေညာချက်အရဆိုရင် လင်းခေးနဲ့ မိုးနဲမြို့နယ်အတွက် ပြည်သူ့လွှတ်တော်မှာ အနိုင်ရတယ်။ လာမယ့် ဒုတိယပိုင်းနဲ့ တတိယပိုင်းတွေမှာရော အနိုင်ရဖို့ ဘယ်လောက်ထိ မျှော်လင့်ထားလဲ။

ဖြေ ။ ။ မျှော်လင့်ပါတယ်၊ ဒုတိယပိုင်းနဲ့ တတိယပိုင်းတော့ မျှော်လင့်တယ်။ ဘာလို့ဆိုတော့ အဲ့ဒီနေရာတွေက သျှမ်းတွေများတဲ့ နေရာတွေလေ။ ပထမပိုင်းက တောင်ကြီးတို့ ဟိုပုံးတို့က သျှမ်းလူဦးရေ နည်းတယ်လေဗျာ။ အခု အမှန်တကယ်တမ်းကျတော့ တာချီလိတ်မှာ ကျနော်တို့ ကျားဖြူပါတီ နိုင်ရမှာဗျ။ ပထမပိုင်းက ကျွန်တော်တို့ နိုင်နေပြီ၊ ဒါပေမယ့် တာချီလိတ်ကလည်း ခက်တော့ခက်တယ်။ ပြည်သူ့စစ်တွေကရှိတော့ ပြည်သူ့စစ်တွေကတော့ ပြည်ခိုင်ဖြိုးဘက် ထည့်မှာပဲလေ၊ ပြည်သူ့စစ်က အစိုးရတပ်ရဲ့ လက်အောက်မှာကိုး။

မေး ။ ။ ကျားဖြူပါတီအနေနဲ့ ပြည်ထောင်စုတဝှမ်းလုံး ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီ ၆ ခုထဲမှာ ပါနေတော့ တစ်နိုင်ငံလုံး လွှမ်းခြုံမှုအရ ဘယ်လောက်အဆင့် ဘယ်နေရာကနေ အနိုင်ရရှိဖို့ မျှော်မှန်းထားလဲ။

ဖြေ ။ ။ ကျနော်တို့ အမြဲတမ်းပြောနေတယ်။၊ တကယ်လို့ ပွင့်လင်းမြင်သာမှု ရှိတယ်ဆိုရင် ကျနော်တို့က နံပါတ် ၂ လောက် နေရာရမယ်လို့ ရွေးကောက်ပွဲမတိုင်ခင်က ကျနော်တို့ ပြောခဲ့တယ်လေ။ ဒါပေမယ့် အခုက ခက်တာဗျာ၊ ကျနော်တို့က မပြောချင်တော့ဘူး။ ပြောလည်း မကောင်းဘူး မပြောတော့ဘူးဗျာ၊ မထူးဘူးလေ။

မေး ။ ။ ရွေးကောက်ပွဲနောက်ပိုင်း ဖြစ်ပေါ်လာမယ့် လွှတ်တော်အခင်းအကျင်းမှာရော ကျားဖြူပါတီအနေနဲ့ ဘယ်လို မျှော်လင့်ထားလဲ။

ဖြေ ။ ။ ရွေးကောက်ပွဲ ရလဒ်ပေါ်မှာ မူတည်တာပေါ့ ဘယ်လိုအခင်းအကျင်း ဖြစ်မလဲဆိုတာ။ အခု ပြည်ခိုင်ဖြိုးက သူအစိုးရဖွဲ့လို့ ရပြီလေ။ အခု ရွေးကောက်ပွဲတောင် မပြီးသေးဘူး အစိုးရ သူတို့ဖြစ်ပြီ၊ တပ်မတော်သား ၁၆၆ ဦးနဲ့ ပေါင်းလိုက်ရင် သူတို့ အစိုးရဖွဲ့လို့ ရပြီလေနော်။

မေး ။ ။ ဒါဆိုရင် လွှတ်တော်အခင်းအကျင်းသစ် ပေါ်လာရင် အစိုးရအဖွဲ့သစ်လည်း ပေါ်လာမှာဆိုတော့ အဲဒီလို အခန်းကဏ္ဍတွေမှာ ကျားဖြူပါတီအနေနဲ့ ဘယ်လိုပါဝင်ဖို့ ရည်ရွယ်ထားလဲ။ ညွန့်ပေါင်းအစိုးရလိုမျိုး ဖြစ်လာရင် ပါဝင်သွားမှာလား၊ ဒါမှမဟုတ် အတိုက်အခံအနေနဲ့ ရပ်တည်သွားမလား။

ဖြေ ။ ။ မဲရလဒ်ပေါ်မှာ မူတည်တယ်၊ အခြေအနေပေါ်မှာ မူတည်တယ်။ ကြိုပြောလို့ မရပါဘူးနော်။ အဓိကတော့ ပြည်သူအကျိုးပဲ ကြည့်ရမယ်လေ။ ပြည်သူအကျိုးရရှိဖို့အတွက် အရေးကြီးဆုံးပဲ။

မေး ။ ။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မမေးမိတာ၊ ဖြည့်စွက်ပြီးတော့မှ ပြောချင်တာ ရှိရင်လည်း ပြောဆိုပေးပါဦး။

ဖြေ ။ ။ မရှိတော့ပါဘူးဗျာ။ ပြောဖို့ အားကုန်နေတယ်နော်။

မေး ။ ။ ဟုတ်ကဲ့ပါ၊ အချိန်ပေးပြီးတော့ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

0
မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။ အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။ လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ...