ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒွန်မောင်းဧရိယာအတွင်း တစ်လလျှင် ဘတ်ငွေ သန်း ၅၀၀ ကျော်ဖြင့်လည်ပတ်နေသော တရားမဝင် အွန်လိုင်းလောင်းကစားရုံတစ်ခုအား ဝင်ရောက်စီးနင်းခဲ့ပြီးလောင်းကစားကွန်ရက်အတွင်း ပါဝင်နေသူ ၂၀၀ ဦးခန့် ဖမ်းဆီးရမိကြောင်း ထိုင်းပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။
သြဂုတ် ၂၇ ရက် ညအချိန်တွင် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး ဖွမ်ထမ်း ဝီချရာချိုင်း ဦးဆောင်သည့် အုပ်ချုပ်ရေးဦးစီးဌာနမှ အထူးတာဝန်ပေးထားသော စစ်ဆေးရေးအဖွဲ့မှ ဘန်ကောက်မြို့ ဒွန်မောင်းဒေသအတွင်းရှိ တရားမဝင် လောင်းကစားရုံအား ဝင်ရောက်စီးနင်းခဲ့မှုနှင့် ပတ်သက်သောရလဒ်များကို ထုတ်ပြန်ကြေညာခဲ့သည်။
ထိုသို့ ဝင်ရောက်စီးနင်းမှုကြောင့် တရားမဝင် လောင်းကစားကွန်ရက်အတွင်း ပါဝင်ဆောင်ရွက်နေသူ ၂၀၀ ဦးအား ဖမ်းဆီးရမိခဲ့ပြီး တစ်လလျှင် ဘတ်ငွေ သန်း ၅၀၀ ကျော်ဖြင့် လည်ပတ်နေကြောင်း ဖော်ထုတ်နိုင်ခဲ့သည်ဟု ထိုင်းသတင်းများတွင် ဖော်ပြသည်။

ထိုတရားမဝင် လောင်းကစားရုံသည် ဒေသခံများအပေါ် ဆိုးဝါးသော သက်ရောက်မှုများ ရှိနေကြောင်း ပြည်သူများ၏ တိုင်ကြားချက်များအရ အထူးတာဝန်ပေးထားသော စစ်ဆေးရေးအဖွဲ့မှ စီစစ်အတည်ပြုခဲ့ပြီး ယခုကဲ့သို့ ဝင်ရောက်စီးနင်းနိုင်ရန် တစ်လကျော်ကြာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
ထိုလောင်းကစားလုပ်ငန်းကြီးသည် နေ့စဉ် နံနက် ၁၀ နာရီမှ နောက်တစ်ရက် နံနက် ၆ နာရီအထိလည်ပတ်နေပြီး တစ်ရက်လျှင် ၄ နာရီခန့်သာ နားချိန်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စုံစမ်းစစ်ဆေးမှုများအရ ထိုလောင်းကစားရုံအား ယခင်ကလည်း အကြိမ်ကြိမ် ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့သော်လည်း မရပ်မနား ဆက်လက်လည်ပတ်နေခဲ့ခြင်းကြောင့် ယခုတစ်ကြိမ် ဖမ်းဆီးမှုပြီးနောက် ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးဌာန၏ ခရိုင်အမှတ် ၂ အုပ်ချုပ်ရေးမှူးနှင့် ဒွန်မောင်းဒေသ ရဲဌာနမှ ရဲအုပ်တို့အား တာဝန်ပေါ့လျော့မှုများကြောင့် ပြောင်းရွှေ့ခံရနိုင်ဖွယ် ရှိကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြထားသည်။












Leave a Comments