တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် နှစ် (၈၀) ပြည့် ဒုတိယကမ္ဘာစစ် အောင်ပွဲအခမ်းအနားသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သည် ရုရှားသမ္မတ ပူတင်၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့နှင့်အတူ တက်ရောက်မည်ဖြစ်ကြောင်း သတင်းသိရသည်။
လာမည့် စက်တင်ဘာလ (၃) ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပမည့် ဒုတိယကမ္ဘာစစ်အောင်ပွဲ သို့မဟုတ် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း အခမ်းအနားသို့ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် ၏ ဖိတ်ကြားချက်အရ တက်ရောက်မည့် ပြည်ပနိုင်ငံ အကြီးအကဲ (၂၆) ဦး စာရင်းထဲတွင် စစ်ခေါင်းဆောင်ကို မြန်မာနိုင်ငံ ယာယီသမ္မတ အဖြစ် ဆင်ဟွာသတင်းဌာနက ဖော်ပြထားသည်။
ထိုထဲတွင် အာဆီယံနိုင်ငံများမှ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့မှ နိုင်ငံခေါင်းဆောင်များလည်း တက်ရောက်မည်ဖြစ်ပြီး အခမ်းအနားပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် တို့ သီးသန့် တွေ့ဆုံရန်ရှိကြောင်း စစ်ကော်မရှင်ဘက်ကလည်း ယနေ့ (ဩဂုတ်လ ၂၈ ရက်)တွင် ထုတ်ပြန်ထားသည်။
အလားတူ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေးကိုလည်း တူရကီ၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယားတို့နှင့်အတူ မြန်မာနိုင်ငံမှ ဆွေးနွေးဖက်နိုင်ငံအဖြစ် စစ်ခေါင်းဆောင်က ဦးစွာ တက်ရောက်မည်ပြီး ဩဂုတ်လ (၃၁) ရက်မှ စက်တင်ဘာလ (၁) ရက်အထိ နှစ်ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တရုတ်နိုင်ငံသို့ ဒုတိယအကြိမ် သွားရောက်မည်ဖြစ်ပြီး ပြီးခဲ့သည့် မေလ ၉ ရက် ရုရှားခရီးစဉ်အတွင်း မော်စကိုမြို့၌ စစ်ခေါင်းဆောင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ လူကိုယ်တိုင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ပုံစာ – မေလ ၉ ရက် ရုရှားခရီးစဉ်အတွင်း စစ်ခေါင်းဆောင်နှင့် တရုတ်သမ္မတ တွေ့ဆုံစဉ်












Leave a Comments