စိမ်းလန်းစိုပြေနေသော ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ လိမ္မော်စိုက်ခင်းထဲတွင် ပိုးသတ်ဆေး အနံ့များမှာ ပြင်းရှရှ။
ထိုစူးရှပြင်းပြလှသည့် ပိုးသတ်ဆေးအနံ့ကို တစ်ကြိမ်တစ်ခါမျှ မရင်းနှီးသည့် လူတစ်ဦးအနေဖြင့် ရုတ်တရက် ရှူရှိုက်မိလျှင် မူးဝေသွားနိုင်သည်။
သို့သော် လိမ္မော်စိုက်ခင်းအတွင်း အလုပ်လုပ်နေကြသည့် သျှမ်းရွှေ့ပြောင်းအလုပ်သမားများသည် ထိုပိုးသတ်ဆေးအနံ့ကို နေ့စဉ်ရှူသွင်းနေရသဖြင့် ယဉ်ပါးနေပြီ ဖြစ်သည်။
ထိုဒေသသည် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ချင်းမိုင်မြို့ မြောက်ဘက် ၁၅၀ ကီလိုမီတာခန့် ကွာဝေးသော ဖန်မြို့နယ် စိုက်ပျိုးရေးဒေသ ဖြစ်သည်။ ဖန်မြို့သည် ထိုင်း-မြန်မာ နယ်စပ်ဒေသဖြစ်ပြီး သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နှင့် ၇၅ ကီလိုမီတာခန့်သာ ကွာဝေးသည်။
ရွှေ့ပြောင်းအလုပ်သမား မိသားစုများသည် ပြင်းရှရှ ပိုးသတ်ဆေးနံ့ကို ရှူရှိုက်ပြီး ရှေ့မှာရင်ဆိုင် ကြုံတွေ့ရမည့် ကျန်းမာရေးပြဿနာတွေကို အံတုရင်း ဘဝအတွက် မျှော်လင့်ချက် ကြိုးတစ်မျှင်အနေဖြင့် အလုပ်လုပ်ကိုင်နေခြင်းပင် ဖြစ်သည်။
ထိုထဲတွင် အသက် ၁၅ နှစ်အရွယ် နန်းအွမ် (အမည်လွှဲ) လည်း ပါဝင်သည်။
“ထိုင်းကို ရောက်တာတော့ သိပ်မကြာသေးဘူး၊ ငါးလ ခြောက်လပဲ ရှိသေးတယ်” ဟု ထိုင်ခုံပေါ်တွင် ထိုင်လျက် နန်းအွမ်က ပြောနေသည်။
ဆယ်ကျော်သက်အရွယ် နန်းအွမ်အနေဖြင့် လက်ရှိတွင် ကျောင်းတက်ရမည့် အရွယ်ဆိုသော်လည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် နိုင်ငံရေး အကြပ်အတည်းများကြောင့် စာသင်ခန်းနှင့် ဝေးကွာလာရာမှ လုပ်ငန်းခွင်ထဲ ရောက်ရှိလာရခြင်း ဖြစ်သည်။
“ဒီမှာလုပ်တာ တစ်ရက် ဘတ် (၁၀၀) ပဲ ရတယ်။ လိမ္မော်သီး သွားခူးရင်တော့ ပိုက်ဆံရတယ်၊ သွားမခူးရင်တော့ ပိုက်ဆံမရဘူး” ဟု နန်းအွမ်က ဝမ်းနည်းစွာဖြင့် ပြောသည်။

အထူးသဖြင့် နန်းအွမ် နေထိုင်သော သျှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ တပ်သားသစ် စုဆောင်းမှုကြောင့် ယခု ၂၀၂၅ နှစ်ဦးပိုင်းမှစ၍ ထွက်ပြေးလာခြင်း ဖြစ်သည်။
“အိမ်မှာ နေလို့မရဘူး၊ ယောကျ်ားလေးမရှိရင် မိန်းကလေးကို လာခေါ်တယ်” ဟု နန်းအွမ်က ဝမ်းနည်းစွာဖြင့် ပြောနေသည်။
နန်းအွမ်သည် အစ်မဖြစ်သူနှင့်အတူ လိမ္မော်ခြံထဲတွင် နေထိုင်ကြသည်။ သူ၏ အစ်မဖြစ်သူ နန်းယု (အမည်လွှဲ) မှာလည်း ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့လာရင်း ထိုင်းနိုင်ငံကို ရောက်နေသည်မှာ ၂ နှစ်ကျော်သာ ရှိသေးသည်။
နန်းယုသည် လိမ္မော်ခြံတွင် အလုပ်လုပ်နေသော်လည်း ထိုင်းနိုင်ငံတွင် သတ်မှတ်ထားသော အနိမ့်ဆုံး လုပ်အားခကိုပင် ပြည့်မှီအောင် မရပေ။ သူသည် တစ်ရက် လုပ်အားခ (၂၀၀) ဘတ်သာ ရရှိသည်။
ချင်းမိုင်ခရိုင် ဖန်မြို့နယ်တွင် လိမ္မော်ခြံထဲရှိ ရွှေ့ပြောင်းအလုပ်သမားများကို သျှမ်းသံတော်ဆင့်မှ သွားရောက်မေးမြန်းခဲ့ရာတွင် နန်းအွမ်တို့ ကဲ့သို့သော မိသားစုများ လိမ္မော်ခြံထဲတွင် ဒါဇင်များစွာ ရှိနေပြီး၊ ခြံတစ်ခုတွင် ရွှေ့ပြောင်းအလုပ်သမား မိသားစု (၄) စုခန့် နေထိုင်ကြသည်။
သို့သော် တိကျသော ရွှေ့ပြောင်းအလုပ်သမားဦးရေ အရေအတွက်ကို ဖော်ထုတ်ရန် ခက်ခဲသည်။ ချင်းမိုင်တက္ကသိုလ် လူထုကျန်းမာရေးဌာန၏ ၂၀၂၃ ခုနှစ် သုတေသနစာတမ်းများအရ အဆိုပါ ဖန်မြို့နယ် ဒေသရှိ လိမ္မော်ခြံပေါင်း ၇၅၀ ကျော်ရှိကြောင်း ခန့်မှန်းထားသည်။
ထိုဒေသထွက် လိမ္မော်သီး အများစုကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြောက်ဘက်ရှိ Pathum Thani ခရိုင်မှ Talaad Thai သစ်သီးဈေးသို့ တင်သွင်းပြီး ထိုမှတစ်ဆင့် ထိုင်းနိုင်ငံတဝှမ်းကို ပို့ဆောင်ဖြန့်ဖြူးသည်။
လိမ္မော်ခြံတွင် အလုပ်လုပ်နေသည့် ရွှေ့ပြောင်းအလုပ်သမားများ၏ ပြောပြချက်အရ လိမ္မော်သီးများကို အများအားဖြင့် ကုမ္မဏီများမှ ခြံအထိ တိုက်ရိုက် လာရောက်ဝယ်ယူကြသည်ဟု ဆိုသည်။
သို့သော် လိမ္မော်ခြံတွင် အလုပ်လုပ်နေရသည့် ရွှေ့ပြောင်းအလုပ်သမားများအား တရားဥပဒေအရ အကာအကွယ်ပေးမှု မရှိသလောက် နည်းပါးနေပြီး ခေါင်းပုံဖြတ် အမြတ်ထုတ်သည့် စိုက်ပျိုးရေး လုပ်ငန်းများတွင် မကြာခဏဆိုသလို လုပ်ခလစာ ဖိနှိပ်ခံထားရသည်။
တရားဝင် စာရွက်စာတမ်းများမရှိခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု မရရှိခြင်းနှင့် ၎င်းတို့၏ အခွင့်အရေးများကို သိရှိနားလည်မှု အားနည်းခြင်းတို့ကြောင့် အဆိုပါ ရွှေ့ပြောင်းအလုပ်သမားများသည် နာတာရှည် ဆင်းရဲမွဲတေမှု၊ ကျန်းမာရေးဆိုင်ရာ အန္တရာယ်များနှင့် မလုံခြုံမှုများကို ရင်ဆိုင်နေကြရသည်။
ရှာဖွေသလောက် စားဖို့မလောက်သည့် လုပ်အားခ
ကျယ်ပြောလှသော တောင်ကုန်းတောင်တန်းပေါ်ရှိ လိမ္မော်ပင်များ အကြားတွင် အလုပ်သမားများသည် စူးရှပြင်းထန်လှသည့် ပိုးသတ်ဆေးအနံ့ကို မရှူမိလေအောင် နှာခေါင်းကို မျက်နှာအုပ်ခေါင်းစွပ် တပ်ထားရသည်။
ပိုးသတ်ဆေးနံ့ စူးရှပြင်းထန်လှသည့် လိမ္မော်ပင်များကြားတွင်လည်းကောင်း၊ လမ်းခုလတ်နှင့် တဲထဲတွင်လည်းကောင်း အလုပ်သမားများကို မကြာခဏ တွေ့ရတတ်သည်။
ထိုအလုပ်သမားများသည် တစ်ဖက်တွင် ဘေးလွယ်အိတ်ကို ကြိုးသိုင်းလွယ်ထားပြီး၊ တစ်ဖက်တွင် ကတ်ကြေးကိုင်ကာ လိမ္မော်သီး ခူးဆွတ်သူများနှင့် အသီးပင် ပိုးသတ်ဆေးဖြန့်သူများဖြစ်သည်။
“ဒီမှာ အလုပ် လာလုပ်ရတာတော့ တော်တော်ပင်ပန်းတယ်။ ပိုးသတ်ဆေးနံ့က တစ်ဖက်နဲ့ လိမ္မော်ပင်တွေကလည်း တောင်ပေါ်တောင်စောင်းမှာ စိုက်ထားတော့ မသွားတတ်ရင် ချော်လဲတယ်”ဟု လိမ္မော်ခြံတွင် အလုပ်လုပ်နေသည့် နန်းအွမ်က ပြောသည်။
သို့သော် ရွှေ့ပြောင်းအလုပ်သမားများသည် လုပ်ငန်းခွင်တွင် ပင်ပန်းသလောက် လုပ်အားခများ အပြည့်အဝ မရရှိကြပေ။
ထိုင်းအစိုးရက ၂၀၂၅ နှစ်ဦးပိုင်းမှ စ၍ ခရိုင်နှင့် ဒေသအလိုက် အလုပ်သမားများအနေဖြင့် တစ်ရက်လျှင် အခြေခံလုပ်အားခ (၃၃၇) ဘတ်မှ (၄၀၀) ဘတ်အထိ တိုးမြှင့်ပေးခဲ့သော်လည်း လိမ္မော်ခြံထဲရှိ ရွှေ့ပြောင်းအလုပ်သမားများကို သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ရာတွင် အများစုမှာ ဘတ် (၁၀၀) မှ (၂၂၀) ကြားသာ ရရှိကြောင်း ပြောဆိုသည်။
ရွှေ့ပြောင်းအလုပ်သမားများထဲတွင် အထူးသဖြင့် အမျိုးသမီး အလုပ်သမားများမှာ တစ်ရက်လျှင် လုပ်အားခ (၂၀၀) ဘတ်သာ ရရှိကြသည်။
ထိုင်းနိုင်ငံတွင် တစ်ရက်ပြီးတစ်ရက် ကုန်ဈေးနှုန်း မြင့်တက်လာသည့်ကြား ကြက်ဥတစ်လုံး ၅ ဘတ်၊ ဝက်သား တစ်ကီလိုဂရမ် (၁၈၀) ဘတ်နှင့် မိသားစု ထမင်းတစ်နပ်အတွက် ဘတ် (၃၀၀) ခန့် ကုန်ကျနေချိန် လိမ္မော်ခြံထဲရှိ ရွှေ့ပြောင်းအလုပ်သမားများ၏ တစ်ရက်လုပ်အားခမှာ အခြေခံလုပ်အားခ ပြည့်မီအောင် ရရှိရန် မဆိုထားနှင့်၊ မိသားစုထမင်းနပ်မှန်ရေး ဘတ် (၃၀၀) တောင် မရကြပေ။

ဖန်မြို့တွင် နှစ်ပေါင်း ၂၀ ကျော်ကြာ အလုပ်လုပ်ကိုင်နေသည့် စိုင်းဆု (အမည်လွှဲ) သည် လက်ရှိအချိန်ထိ တစ်ရက်လုပ်အားခ အမြင့်ဆုံး ဘတ် (၂၀၀) မှ (၃၀၀) ဘတ်အတွင်းသာ ရရှိကြောင်း ပြောသည်။
“ဒီမှာ နှစ်အတော်ကြာ အလုပ်လုပ်ဖူးတဲ့ သူတွေတောင် အများဆုံး ဘတ် (၂၀၀) ကျော်ပဲ ရတယ်” ဟု ၁၉၉၆ ခုနှစ်မှ ၁၉၉၈ ခုနှစ်အတွင်း မြန်မာစစ်တပ်၏ သျှမ်းပြည်တောင်ပိုင်း ဖြတ်လေးဖြတ် စီမံချက်ကြောင့် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် စိုင်းဆုက ပြောသည်။
“အခုမှ ဝင်လာတဲ့သူတွေ တော်တော် ဒုက္ခရောက်တယ်၊ ရှာသလောက် စားဖို့မလောက်ဘူး” ဟု စိုင်းဆုက ဝမ်းနည်းစွာဖြင့် ပြောလေသည်။
နေထိုင်စားသောက်စရိတ် လောက်ငှခြင်း မရှိဘဲ ရွှေ့ပြောင်းအလုပ်သမားများ ခေါင်းပုံဖြတ်ခံရပြီး လုပ်ကိုင်နေရသည့် လိမ္မော်သီးခြံ၊ လိုင်ချီးသီးခြံတို့သည် ထိုင်းအလုပ်ရှင်များအတွက် နိုင်ငံတကာ ဝင်ငွေရှာပေးသည့် အလုပ်ဖြစ်သည်။ သို့သော်လည်း ရွှေ့ပြောင်းအလုပ်သမားများမှာ မလောက်ငှသော လုပ်ခလစာဖြင့် မိမိ၏ မိသားစု စားဝတ်နေရေးကို မနည်းရုန်းကန် ဖြေရှင်းနေရသည်။

လုပ်ခလစာနှင့် အသုံးစရိတ် ကွာဟမှု မြင့်မားခြင်းကြောင့် တခါတရံ အလုပ်မလုပ်ရသော လများတွင် သူဌေးထံ ပိုက်ဆံ ချေးငှားရသည့် အခြေအနေအထိ ရှိသလို ပိုက်ဆံကြိုထုတ်ရသည့် အခြေအနေအထိလည်း ကြုံရသည်ဟု ရွှေ့ပြောင်းအလုပ်သမားများက ပြောသည်။
သို့မှသာလျှင် ထမင်းနပ်မှန်အောင် စားရကြောင်း စိုင်းဆုက ဝမ်းနည်းစွာဖြင့် ပြောပြသည်။
“တစ်ခါတစ်လေ စားစရာ မရှိတော့လို့ သူဌေးဆီမှာ ပိုက်ဆံသွားချေးရတယ်။ ဒါပေမယ့် ကျနော်တို့ မိသားစုအတွက် မလောက်ပါဘူး၊ မိသားစုဝင်တွေက များတော့ လမကုန်ခင် ပိုက်ဆံက အရင်ကုန်ပြီ” ဟု စိုင်းဆုက စိတ်ပျက်အားငယ်စွာ ပြောပြသည်။
မသေချာ မရေရာတော့သည့် လိမ္မော်ခြံလုပ်ငန်း
တစ်ဖက်တွင်လည်း ထိုင်းနိုင်ငံ၏ စီးပွားရေး ကျဆင်းလာမှုကြောင့် သစ်သီးဝလံများ အထူးသဖြင့် လိမ္မော်သီး ဈေးကွက်မှာ ဝယ်ယူသူ မရှိသလောက် နည်းပါးလာသောကြောင့် “နည်းနည်းရောင်း၊ များများရောင်း တောင်းမပြည့်” ဖြစ်လာသည်။
ကိုဗစ်-၁၉ ရောဂါကြောင့် ၂၀၂၀ ခုနှစ် နိုင်ငံတကာ ဈေးကွက်များ၊ လေကြောင်းလိုင်းများ ရပ်ဆိုင်းလိုက်ရသည့်အတွက် ချင်းမိုင်ခရိုင် ဖန်မြို့နယ် အပါအဝင် ထိုင်းနိုင်ငံအတွင်းရှိ ရာသီပေါ်သီးနှံများ ဈေးကွက်ပျက်ခဲ့ရကြောင်း လိမ္မော်ခြံပိုင်ရှင် ခွန်ဝမ် (အမည်လွှဲ)က ပြောသည်။
“လိမ္မော်ဈေးက နေ့တိုင်းပြောင်းနေတယ်။ သစ်သီးတွေရှားတဲ့ ကာလမှာဆိုရင် လိမ္မော် ၁ ကီလိုကို ဘတ် ၄၀ အထိ ရောင်းရပေမယ့် သစ်သီးပေါ်တဲ့ ကာလမှာဆိုရင်တော့ လိမ္မော် ၁ ကီလိုကို ၁၀ ဘတ်၊ ၉ ဘတ်၊ ၈ ဘတ်၊ ၅ ဘတ် အထိလည်း လျှော့ရောင်းရတယ်” ဟု ခွန်ဝမ်က ပြောသည်။

လိမ္မော်သီး အရည်အသွေး ကောင်းမွန်ပြီး အထွက်နှုန်း တိုးတက်မြင့်မားစေရန်အတွက် မြေသြဇာများ၊ ပိုးသတ်ဆေးများကို တစ်နှစ်ထက်တစ်နှစ် ပိုမိုအသုံးပြုလာရသည့်အတွက် စိုက်ပျိုးရေးနှင့် ပြုစုပျိုးထောင်စရိတ်တို့မှာ ပိုမိုကုန်ကျလာနေသည်ဟု ၎င်းက ဆက်ပြောသည်။
ယင်းကဲ့သို့ လိမ္မော်သီး ဈေးနှုန်းကျဆင်းလာမှုနှင့် ကုန်ကျစရိတ် မြင့်မားလာခြင်းတို့ကြောင့် အချို့လုပ်ငန်းရှင်မှာ ရပ်နားထားရသလို လိမ္မော်သီး အစားထိုးအဖြစ် ဒူးရင်းသီးကို စမ်းသပ်ပြောင်းလဲ စိုက်ပျိုးလာကြသည်ဟု ခွန်ဝမ်က ပြောပြသည်။
ထိုအခြေအနေများကြောင့် ရွှေ့ပြောင်းအလုပ်သမားများသည် လုပ်ခလစာ အပြည့်အဝ မရရှိဘဲ ခေါင်းပုံဖြတ်ခံနေရခြင်း ဖြစ်ကြောင်း လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (HRDF) မှ စိုင်းကောင်းက မှတ်ချက်ပြုသည်။
“သူဌေးတွေက ဈေးရောင်းမကောင်းတော့ အလုပ်သမားတွေကို ပိုက်ဆံအပြည့်အဝ မပေးချင်ဘူး။ တစ်ဖက်မှာလည်း အလုပ်တွေက ရှားတော့၊ အလုပ်သမားတွေက ပိုက်ဆံသိပ်မရလည်း သည်းခံပြီး လုပ်နေကြရတယ်” ဟု စိုင်းကောင်းက ပြောသည်။
ထိုင်းနိုင်ငံ၏ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဥပဒေအရ အလုပ်သမားများ၏ လုပ်အားခမှာ ဝာရားဝင် သတ်မှတ်နှုန်းထားအောက် မနည်းစေရကြောင်း သတ်မှတ်ထားသည်။
ထို့ပြင် နေ့စားအလုပ်သမား၊ အချိန်ပိုင်း နာရီစားနှင့် ပုတ်ပြတ် အလုပ်သမားများမှ လွဲ၍ အလုပ်သမားများသည် အပတ်စဉ် အားလပ်ရက်၊ ထုံးတမ်းစဉ်လာအရ အားလပ်ရက်၊ နှစ်စဉ် အားလပ်ရက်များတွင် လုပ်အားခများ ခံစားခွင့် ရှိကြသည်။
သို့သော် ရွှေ့ပြောင်းအလုပ်သမားများသည် ဥပဒေပါ အကြောင်းအရာများ၊ အခွင့်အရေး ရပိုင်ခွင့်များနှင့် ပတ်သက်၍ သိရှိနားလည်မှု အားနည်းနေသည်ဟု စိုင်းကောင်းက ပြောသည်။
“အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဥပဒေတွေနဲ့ ပတ်သက်ပြီး သူတို့ကို ပြောပြတယ်။ ဒါပေမယ့် သူတို့တွေ မတောင်းဆိုရဲဘူး၊ တောင်းဆိုလိုက်ရင် အလုပ်ထုတ်ခံရမှာ ကြောက်ကြတယ်” ဟု စိုင်းကောင်းက ပြောပြသည်။
ပိုးသတ်ဆေးနှင့် ယဉ်ပါးခြင်း
ပိုးသတ်ဆေးဆိုသည်မှာ သီးနှံကာကွယ်ရန်နှင့် ပိုးမွှားများကို နှိမ်နင်းရန်အတွက် သုံးစွဲရသော်လည်း သုံးစွဲသည့် ပိုးသတ်ဆေးအချို့သည် ပစ်မှတ်ကို မထိဘဲ ပတ်ဝန်းကျင် ရေထု၊ လေထု၊ မြေထုတို့ကို ညစ်ညမ်းစေသည့်အပြင် လူနှင့် သတ္တဝါအားလုံး၏ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ကြောင်း သိပ္ပံလေ့လာမှုများအရ သိရသည်။
ထိုပိုးသတ်ဆေးများ ကိုင်တွယ်ရာတွင် အကာအကွယ်အင်္ကျီများ ပြည့်စုံအောင် ဝတ်ဆင်သင့်ကြောင်း ထိုင်းကျန်းမာရေး ဝန်ကြီးဌာနမှ အကြုံပြုထားသည်။
သို့သော် ရွှေ့ပြောင်းအလုပ်သမား အများစုသည် ဦးထုပ်၊ နှာခေါင်းစည်း၊ လက်အိတ်၊ မျက်မှန်၊ ခြေစွပ်ဖိနပ်၊ အကာအကွယ်အင်္ကျီများ ပြည့်စုံအောင် ဝတ်ဆင်ထားခြင်း မရှိကြပေ။ အလုပ်သမား အများစုသည် မျက်နှာအုပ်ခေါင်းစွပ် တစ်ခုတည်းကိုသာ ထပ်ခါတလဲလဲ အသုံးပြုနေကြသည်ဟု ရွှေ့ပြောင်းအလုပ်သမားများက ပြောသည်။

“သူဌေးက ဆေးဖြန်းဖို့ပြောတော့ ကျနော်တို့ လုပ်ရမှာ အန္တရာယ်ရှိမှန်း သိပေမယ့် ဒါက ကျနော်တို့ အလုပ်မလို့ ပြောလို့မရဘူး” ဟု စိုင်းဆုက ပြောသည်။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် ဖန်မြို့နယ်ရှိ စိုက်ပျိုးရေးလုပ်ငန်းခွင်တွင် အများဆုံး အသုံးပြုနေသော ပိုးသတ်ဆေးမှာ (Emamectin Benzoate) အမျိုးအစား ဖြစ်သည်။
Emamectin Benzoate သည် အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များနှင့် လက်ဖက်ခြောက် ကဲ့သို့သော သီးနှံများတွင် ပိုးမွှားများကို ထိန်းချုပ်ရန်အတွက် စိုက်ပျိုးရေးတွင် အသုံးများသော အစွမ်းထက် ပိုးသတ်ဆေး ဖြစ်သည်။
အဆိုပါပိုးသတ်ဆေးကို ထိုင်းနိုင်ငံရှိ စိုက်ပျိုးရေးခြံ၊ ဥယျာဉ်ခြံများတွင် အများအားဖြင့် အသုံးပြုကြလေ့ရှိပြီး Proclaim ၊ Affirm နှင့် Mabento ဆိုသည့် အမှတ်တံဆိပ် အမည်အမျိုးမျိုးဖြင့် ရောင်းချကြသည်။
ထိုပိုးသတ်ဆေးသည် ပိုးမွှားများကို ထိန်းချုပ်ရာတွင် ထိရောက်မှုရှိသော်လည်း အကာအကွယ်အင်္ကျီများ ပြည့်စုံအောင် မဝတ်ဆင်ထားသည် ရွှေ့ပြောင်းအလုပ်သမားများအတွက် သိသာထင်ရှားသည့် ကျန်းမာရေး ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ အဆိုပါ ပိုးသတ်ဆေး အမျိုးအစားကို “အတော်အတန် အန္တရာယ်များ”သော အဆင့်အဖြစ် သတ်မှတ်ထားသည်။
Emamectin Benzoate သည် အင်းဆက်များ၏ အာရုံကြောစနစ်များကို ပစ်မှတ်ထားသော်လည်း အကာအကွယ်မရှိဘဲ ကိုင်တွယ်မိပါက ပျို့အန်ခြင်း၊ မူးဝေခြင်းအပြင် ရေရှည် အာရုံကြောဆိုင်ရာ ထိခိုက်မှုများကိုလည်း ဖြစ်စေနိုင်သည်။
အထူးသဖြင့် နာတာရှည် ရောဂါများဖြစ်သည့် အသည်းနှင့် ကျောက်ကပ်ဆိုင်ရာ ရောဂါများနှင့်လည်း ဆက်စပ်မှုရှိသည်။ အကာအကွယ် ပစ္စည်းများမပါဘဲ Emamectin Benzoate ကို အသုံးပြုခြင်းမှာ အသက်အန္တရာယ်ရှိနိုင်ကြောင်း ထိုင်းနိုင်ငံ၏ ဇီဝနည်းပညာဆိုင်ရာ အချက်အလက်ဗဟိုဌာနမှ ဖော်ပြထားသည်။

သို့သော် ရွှေ့ပြောင်းအလုပ်သမားများသည် ထိုဓာတုပိုးသတ်ဆေးများ ဖျော်စပ်သည့် ရေကန်အနီးရှိ အခန်းကျဉ်းလေးထဲတွင် နေထိုင်ကြရသည်။ ထိုအခန်းကျဉ်းလေးမှာ သူတို့အတွက် အိပ်စရာ၊ စားရာနှင့် ကလေးများ ကစားရာ တစ်ခုတည်းသော နေရာလေး ဖြစ်သည်။
“ကျန်းမာရေးနဲ့ ပတ်သက်လာရင် များသောအားဖြင့် ဒီက လူတွေတော့ သိပ်ပြီး ဂရုမစိုက်ဘူး။ အခုနောက်ပိုင်း ကင်ဆာရောဂါ ဖြစ်တာတွေ့တယ်၊ ပြီးတော့ ကျောက်ကပ်ရောဂါလည်း ဖြစ်ကြတယ်” ဟု လိမ္မော်ခြံတွင် အလုပ်လုပ်နေသည့် စိုင်းဆုက ပြောသည်။
အဆိုပါရောဂါများကို ခံစားနေရသော ရွှေ့ပြောင်းအလုပ်သမားသည် လိမ္မော်ခြံထဲတွင် နှစ်ပေါင်းအတော်ကြာ ၁၀ နှစ်မှ ၁၅ နှစ်အတွင်း လုပ်ကိုင်နေကြသူအချို့ဖြစ်ကြောင်း ၎င်းက ပြောသည်။
“အဲ့လိုရောဂါ ဖြစ်ရင်တော့ ကုလို့မရတော့ဘူး” ဟု စိုင်းဆုက ဝမ်းနည်းစွာဖြင့် ပြောလေသည်။
ထိုသို့ ရောဂါများ ခံစားနေရသည့် ရွှေ့ပြောင်းအလုပ်သမားအချို့သည် အဆိုပါရောဂါကို နှစ်နှင့်ချီ တမြေ့မြေ့ ခံစားလာရသော်လည်း မိမိတွင် ရောဂါရှိ၊ မရှိ မသိကြ။ ရောဂါလက္ခဏာ မပြင်းထန်လျှင် သတိမထားမိကြပေ။
နေမကောင်း၊ မကျန်းမမာ ဖြစ်လာမှသာလျှင် ရွှေ့ပြောင်းအလုပ်သမားများသည် ဆေးသောက်လိုက်ရုံနှင့် ပျောက်ကင်းသည်ဟု ယူဆချက်ဖြင့် ဆေးခန်းမပြဘဲ နေထိုင်ကြသည်။
အဆိုပါ ရောဂါလက္ခဏာများ ပြင်းထန်လာလျှင်လည်း အချို့အလုပ်သမားမှာ ဆေးကုသရန် မတတ်နိုင်သဖြင့် အလုပ်ထွက်ပြီး ပြင်ပတွင် သီးခြားနေထိုင်လိုက်သည်ဟု လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (HRDF) မှ စိုင်းကောင်းက ပြောသည်။

“တချို့ဆိုရင် ခန္ဓာကိုယ်တွေ ပိန်လှီလာပြီး အသားအရေတွေ မွဲခြောက်လာတဲ့အထိ အခြေအနေတွေ ဆိုးလာပြီရင် ဆေးလည်း မကုတော့ဘူး။ အပြင်မှာ တစ်ယောက်တည်း သွားနေလိုက်တာ” ဟု စိုင်းကောင်းက ဝမ်းနည်းစွာဖြင့် ပြောလေသည်။
ရွှေ့ပြောင်းအလုပ်သမား အများစုသည် တရားဝင် စာရွက်စာတမ်းများ မရှိခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု မရရှိခြင်းတို့ကြောင့် ပြင်ပဆေးခန်းသို့ သွားရောက်ပြသလျှင် ဘတ် ၁၀,၀၀၀ (တစ်သောင်း) မှ ၂၀,၀၀၀ (နှစ်သောင်း) အတွင်း ကုန်ကျသည်။
“ကျန်းမာရေး အာမခံကတ် မရှိတော့ သူများတောင်းသလောက် ပေးရတယ်”ဟု စိုင်းဆုက ရွှေ့ပြောင်းအလုပ်သမားများ ရင်ဆိုင်ရသည့် အခက်အခဲကို ဝမ်းနည်းစွာဖြင့် ပြောပြသည်။
ယင်းကဲ့သို့ တရားဝင် စာရွက်စာတမ်းများ မရှိသဖြင့် ရွှေ့ပြောင်းအလုပ်သမားများသည် ခံစားခွင့် ဆုံးရှုံးကြောင်း ၎င်းက ပြောသည်။
လိမ္မော်ခြံတွင် အလုပ်လုပ်နေသည့် ရွှေ့ပြောင်းအလုပ်သမား အများစုသည် နေ့စားအလုပ်သမားများ ဖြစ်ကြသည့်အလျှောက် အားလပ်ရက်များ သိပ်မရှိကြပေ။ အကယ်၍ နေမကောင်း၊ မကျန်းမမာဖြစ်သည့်အခါ အလုပ်ရှင်ထံ ခွင့်ယူလိုက်လျှင်လည်း လုပ်အားခ မရတော့ပါ။
လုပ်အားခနှင့် ပတ်သက်၍ ရွှေ့ပြောင်းအလုပ်သမားများသည် အလုပ်ရှင်ကို လုပ်ခလစာ တိုးမြှင့်ပေးရန် သွားရောက်တောင်းဆိုသည့် အခါတွင် အလုပ်ရှင်ဘက်က “နေစရာအပြင် ရေနှင့် မီး ပေးထားတယ်” ဆိုသည့် အကြောင်းပြချက်ဖြင့် လုပ်ခလစာ မတိုးပေးကြောင်း အလုပ်သမားများက ပြောသည်။
“လောလောဆယ် အထောက်အထားတွေ၊ စာရွက်စာတမ်းတွေ မရှိသေးတော့ ဒီမှာ ရှိတဲ့ အလုပ်ကိုပဲ လုပ်ရတာပေါ့” ဟု လိမ္မော်ခြံတွင် အလုပ်လုပ်နေသည့် နန်းအောင် (အမည်လွှဲ) ကလည်း ပြောသည်။
“အထောက်အထားတွေ လုပ်ပြီးပြီဆိုရင်တော့ ချင်းမိုင် ဒါမှမဟုတ် အခြားမြို့တွေမှာ အလုပ်သွားလုပ်ဖို့ စဉ်းစားထားရတယ်။ ဒါပေမယ့် အဲ့ဒီ အချိန်ထိတော့ အောင့်အီးသည်းခံရမယ်” ဟု နန်းအောင်က မျှော်လင့်ချက်ဖြင့် ပြောလေသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံရှိ လူငယ် ၁၀ ယောက်တွင် ၄ ယောက်သည် ပဋိပက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့် နိုင်ငံအတွင်းမှ ထွက်ခွာလိုကြောင်း ၂၀၂၅ ခုနှစ် သြဂုတ် ၁၂ ရက်ထုတ် ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (UNDP) ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။
အဆိုပါ လူငယ်များ အသွားချင်ဆုံး နိုင်ငံမှာ ဂျပန်နိုင်ငံဖြစ်ပြီး လက်တွေ့မှာတော့ ထိုင်းနိုင်ငံကို သွားရောက်မှု အများဆုံးနိုင်ငံဖြစ်ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။
ထိုင်းအစိုးရ၏ တရားဝင် ထုတ်ပြန်ထားသော စာရင်းများအရ ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ ထိုင်းနိုင်ငံတွင် တရားဝင် မှတ်ပုံတင်ထားပြီး အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ဦးရေ ၂ ဒဿမ ၃ သန်းခန့် ရှိကြောင်း ဖော်ပြထားသည်။

သို့သော် ထိုင်းနိုင်ငံ နေရာအနှံ့တွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ဦးရေသည် ၆ ဒဿမ ၈ သန်းအထိ ရှိနိုင်ကြောင်း အလုပ်သမားအရေး လုပ်ရှားသူများက ခန့်မှန်းပြောဆိုကြသည်။
ချင်းမိုင်ခရိုင်တွင် တရားဝင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ရရှိထားသူ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၃,၀၁၁ ဦးနှင့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် လျှောက်ထားဆဲ ၉၃,၃၀၅ ဦး၊ စုစုပေါင်း ၁၅၀,၀၀၀ (တစ်သိန်းခွဲ) နီးပါးရှိကြောင်း ၂၀၂၅ ခုနှစ် သြဂုတ် ၆ ရက်နေ့က ပြုလုပ်သည့် အစည်းအဝေးတွင် ချင်းမိုင်ခရိုင် အလုပ်အကိုင်ရှာဖွေရေးရုံးမှ တာဝန်ရှိသူတစ်ဦး ပြောကြားခဲ့သည်ဟု Chiang Mai News က ဖော်ပြသည်။
ရွှေ့ပြောင်းအလုပ်သမားသည် ကိုယ့်ဇာတိ မွေးရပ်မြေ၌ လုံခြုံမှုမရှိ၍ တိုင်းတစ်ပါးကို အားကိုးနေရသော်လည်း အတည်တကျ နေခွင့်မရသေးပဲ သောင်မတင်၊ ရေမကျ ဘဝများဖြင့် ဆက်နေထိုင်နေကြရဆဲ ဖြစ်သည်။
“ပိုက်ဆံအများကြီးရှိတဲ့ တစ်နေ့ကျရင်တော့ ဒီနေရာကနေ ထွက်သွားပြီး လုံခြုံတဲ့ နေရာတစ်ခုမှာ အမေ့ကို ပျော်အောင်ထားချင်တယ်” ဟု နန်းအွမ်က ဝမ်းနည်းစွာဖြင့် ပြောလေသည်။
မည်သို့ပင်ဖြစ်စေကာမူ ထိုကဲ့သို့သော ခါးသီးလှသည့် ရွှေ့ပြောင်းအလုပ်သမား ဘဝများကို “အလုပ်သမား လူ့အခွင့်အရေး” မရှိသေးသရွေ့ ဆက်ပြီး ခါးစည်းခံနေကြရဦးမည်သာ ဖြစ်သည်။












Leave a Comments