ထိုင်းနိုင်ငံသားများသာ လုပ်ခွင့်ရှိသော အလုပ်များကို မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများ မလုပ်စေရေးအတွက် ထိုင်းနိုင်ငံအတွင်းရှိ နိုင်ငံခြားအလုပ်သမားများကို စစ်ဆေးရန် ထိုင်းနိုင်ငံအလုပ်သမား ဝန်ကြီးဌာနမှ ညွန်ကြားရေးမှူးချုပ်က အမိန့်ပေးလိုက်ကြောင်း သိရသည်။
ဇန်နဝါရီလ ၁၁ ရက်နေ့က ထိုင်းနိုင်ငံ စမွတ်ပရာကန်ခရိုင်တွင် မြန်မာအလုပ်သမားများက ထိုင်းနိုင်ငံသား အစားအသောက်ပို့ဆောင်သူတစ်ဦးကို ဝိုင်းဝန်းရိုက်နှိက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ယနေ့ ဇန်နဝါရီလ ၁၅ ရက်တွင် ညွန်ကြားရေးမှူးချုပ်က အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားအပါအဝင် နိုင်ငံခြားသားများ ကိုယ်တိုင် လုပ်ကိုင်ခွင့်မရှိသော အထူးသဖြင့် ထိုင်းဥပဒေအရ ထိုင်းနိုင်ငံသားများကို အကာအကွယ်ပေးထားသော အလုပ် ၂၇ မျိုးရှိသည်။
အဆိုပါတားမြစ်ထားသော အလုပ်များကို နိုင်ငံခြားသားများ လုပ်ကိုင်နေကြောင်း တွေ့ရှိပါက ဥပဒေဖြင့် ပြတ်ပြတ်သားသား အရေးယူသွားမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသော နိုင်ငံခြားသား အလုပ်သမားများအနေဖြင့် ဥပဒေကို လေးစားလိုက်နာရမည်ဖြစ်ပြီး တရားဝင် မှတ်ပုံတင် စာရွက်စာတမ်းများနှင့် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်များ ကိုင်ဆောင်ထားရမည်ဟု ၎င်းက အလေးပေး ပြောကြားခဲ့သည်။
နိုင်ငံခြားသားအလုပ်သမားများအနေဖြင့် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်မရှိဘဲ အလုပ်လုပ်ခြင်း (သို့မဟုတ်) ၎င်းတို့ ခွင့်ပြုထားသော အလုပ်အကိုင်များ၏ ဘောင်ပြင်ပတွင် အလုပ်လုပ်ကိုင်နေကြေင်း စစ်ဆေးတွေ့ရှိပါက ဘတ် ၅,၀၀၀ မှ ၅၀,၀၀၀ အထိ ဒဏ်ငွေနှင့် မိမိနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရမည် ဖြစ်သလို ပြစ်ုစ်ချမှတ်သည့်နေ့မှစ၍ ၂ နှစ်ကြာ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် လျှောက်ထားခွင့်ကိုလည်း ပိတ်ပင်သွားမည် ဖြစ်သည်။
ထို့အတူ အလုပ်ရှင်/ အဖွဲ့စည်းများကိုလည်း ဒဏ်ငွေ ဘတ် ၁၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ချမှတ်ခံရမည် ဖြစ်သည်။ ပြစ်မှုကို ထပ်မံကျူးလွန်ပါက ထောင်ဒဏ် ၁ နှစ်အထိ (သို့မဟုတ်) ဒဏ်ငွေ ဘတ် ၅၀,၀၀၀ မှ ၂၀၀,၀၀၀ အထိ ချမှတ်ခံရမည်ဖြစ်ပြီး နိုင်ငံခြားအလုပ်သမားများကို ၃ နှစ်ကြာ ဌားရမ်းခွင့်ကိုလည်း ပိတ်ပင်ထားမည် ဖြစ်ကြောင်း ညွန်ကြားရေးမှူးချုပ်က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ နိုင်ငံခြားသားများ ကိုယ်တိုင် လုပ်ကိုင်ခွင့်မရှိသော အလုပ် (၂၇) မျိုးမှာ ဧည့်လမ်းညွှန်လုပ်ငန်း၊ ယာဉ်မောင်းလုပ်ငန်း၊ အတွင်းရေးမှူးလုပ်ငန်း၊ ပွဲစားနှင့် အေဂျင်စီ လုပ်ငန်း၊ ဆံပင်ညှပ် အလှပြင်လုပ်ငန်း၊ ထိုင်းရိုးရာ အရုပ်ပြုလုပ်ခြင်းလုပ်ငန်း၊ ဈေးရောင်း/ လှည့်လည်ရောင်းခြင်း လုပ်ငန်း၊ စက္ကူ/ ပိတ်ဖြင့် ပြုလုပ်သောထီးလုပ်ငန်း၊ ပိုးချည်လုပ်ငန်း၊ ပန်းယွန်းလုပ်ငန်း၊ ယက်ကန်းလုပ်ငန်း၊ ထိုင်းတူရိယာလုပ်ငန်း၊ ဖျာယက်ခြင်းလုပ်ငန်း၊ သစ်သားပန်းပုလုပ်ငန်း၊ စက္ကူထုတ်လုပ်ခြင်း လုပ်ငန်း၊ကျောက်မျက်ရတနာလုပ်ငန်း၊ လေလံတင်အရောင်းအဝယ်လုပ်ငန်း၊ သပိတ်လုပ်ငန်း၊ ချည်ယက်လုပ်ငန်း၊ ကြေးထည်လုပ်ငန်း၊ ရွှေထည်ငွေထည်လုပ်ငန်း၊ ထိုင်းရိုးရာအနှိပ်လုပ်ငန်း၊ ဆေးလိပ်လိပ်ခြင်း လုပ်ငန်း၊ ထိုင်းအက္ခရာစီခြင်း လုပ်ငန်း၊ ကြေးထည်ကနုတ်ဖော်ခြင်းလုပ်ငန်း၊ ဗုဒ္ဓရုပ်ပွားတော် ထုဆစ်ခြင်းလုပ်ငန်းတို့ ဖြစ်ကြသည်။
အကယ်၍ တားမြစ်ထားည့် အလုပ်များကို နိုင်ငံခြားအလုပ်သမားများ လုပ်ကိုင်နေကြောင်း တာဝန်ရှိသူများက စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေ ဘတ် ၅,၀၀၀ (ငါးထောင်) မှ ၅၀,၀၀၀ (ငါးသောင်း) အထိ ပေးဆောင်ရမည်ဖြစ်သလို ထိုင်းနိုင်ငံတွင် (၂) နှစ် အလုပ်လုပ်ခွင့် ပိတ်သိမ်းခံရပြီး မိမိနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရမည် ဖြစ်သည်။












Leave a Comments