သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့ရှိ တာလော့ဂိတ်မှတဆင့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၇၁) ဦးကို စစ်ကော်မရှင်မှ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းသိရသည်။
ယမန်နေ့ (ဩဂုတ်လ ၁၇ ရက်)တွင် မိုင်းလားတပ်ဖွဲ့ NDAA နှင့် စစ်ကောင်မရှင်တို့ ပူးတွဲထိန်းချုပ်ထားသည့် မိုင်းလားမြို့ တာလော့နယ်စပ်ဂိတ်တွင် ကျိုင်းတုံမြို့ လူဝင်မှုကြီးကြပ်ရေးဌာန လဝက မှ တရုတ်နိုင်ငံဘက်သို့ ပြန်လည်ပို့ဆောင်သည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၇၁) ဦးကို လွှဲပြောင်းပေးခဲ့ကြောင်း NDAA ဘက်မှ သတင်းထုတ်ပြန်သည်။
နယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို မြှင့်တင်သွားရန် စစ်ကော်မရှင် သက်ဆိုင်ရာဌာနနှင့် တရုတ်နိုင်ငံတို့ ကျားဖြန့်လုပ်ကိုင်သူ လွှဲပြောင်းရေးလုပ်ငန်း အဆင်ပြေချောမွေ့ရန် မိုင်းလားတပ်ဖွဲ့ NDAA ထိန်းချုပ် အထူးဒေသ(၄)က ကူညီဆောင်ရွက်ခြင်းဖြစ်ကြောင်း NDAA သတင်းပြန်ကြားရေးဌာန ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
သို့သော် ၎င်းကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားများကို မည်သည့်ဒေသ၊ မည်သည့်အချိန်တွင် ဖမ်းဆီးရမိခဲ့ကြောင်း အသေးစိတ် အချက်အလက်များ ဖော်ပြထားခြင်း မရှိပေ။
ယခုတစ်ကြိမ် ပူးပေါင်းဆောင်ရွက်မှုသည် မိုင်းလားတပ်ဖွဲ့ NDAA ထိန်းချုပ် အထူးဒေသ(၄) ၏ စစ်ကော်မရှင်နှင့် တရုတ်နိုင်ငံတို့ကြား နယ်စပ်ရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်သည်ကို ထင်သာမြင်သာရှိစေပြီး အပြန်အလှန်ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို ပိုမိုခိုင်မာစေကြောင်း ထုတ်ပြန်ချက်တွင် ဆိုသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၇ ရက်နှင့် ၈ ရက်တို့တွင် စစ်ကော်မရှင် လက်အောက်ခံ သျှမ်းပြည်နယ်အစိုးရ ကိုယ်စားလှယ်အဖွဲ့များသည် မိုင်းလားမြို့သို့ သွားရောက်ပြီး အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ ခေါ် မိုင်းလားတပ်ဖွဲ့ NDAA ထိပ်ပိုင်းခေါင်းဆောင်များနှင့် ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စများ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် စစ်ကော်မရှင်လက်အောက်ခံ သျှမ်းပြည်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင် ဦးဆောင်သည့်အဖွဲ့ကို တရုတ်-မြန်မာ နယ်ခြားမှတ်တိုင်သို့ NDAA ခေါင်းဆောင်များမှ လိုက်ပါပို့ဆောင်ခဲ့ကြောင်း NDAA ဘက်မှ သတင်းထုတ်ပြန်ထားသည်။
ပုံစာ – မိုင်းလားမြို့ တာလော့ဂိတ်တွင် ကျားဖြန့်လုပ်ကိုင်သူများကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးစဉ် (ဓာတ်ပုံ-Mongla SR4 ESS)












Leave a Comments