TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ တွင် စစ်ကော်မရှင်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးအပါအဝင် အမျိုးသမီး ၁၆ဦး နှင့် အမျိုးသား ၅ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့ (သြဂုတ် ၁၄) ရက် ည၈နာရီတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့် မိုးကုတ်မြို့ အရှေ့ပိုင်း ရှိ ရွှေဂူရပ်ကွဥ် လင်းရောင်ခြည် ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်က လေကြောင်းဗုံးကြဲခဲ့ပြီး အရပ်သား ၂၁ဦးသေဆုံးခဲ့သည်။
ထိုသေဆုံးသွားသည့် ထဲတွင် ကိုယ်ဝန်ဆောင် တစ်ဉီး၊အမျိုးသမီး ၁၆ဦး နှင့် အမျိုးသား ၅ဦး တို့ ဖြစ်ကြောင်း သိရသည်။
“ အခုထိတဲ့သူတွေက ပြည်သူတွေ အမျိုးသမီးတွေများတယ်။ နောက်ကိုယ်ဝန်သည် တစ်ဉီးပါတယ်၊ မိုးကုတ်က TNLA ထိန်းချုပ်ပေမယ့် ထိခိုက်ရင် အရပ်သားပဲထိ သေနေတာ။ TNLA ကို ထိမှန်တာမရှိဘူး။ “ ဟု မိုးကုတ်ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
စစ်ကော်မရှင်နှင့် TNLA တို့သည် သြဂုတ် ၂၀ ရက်တွင် တွေ့ဆုံဆွေးနွေးမည်ဟု သတင်းများထွက်ပေါ်ပြီး၊ မတွေ့ဆုံခင် ပြည်သူများအနေဖြင့် စိုးရိမ်စရာဖြစ်နေပြီး၊ တွေ့ဆုံပြီးနောက်လည်း စစ်ကော်မရှင် လိုချင်သည့် အရာမရခဲ့လျှင်လည်း ပြည်သူများထပ်မံပေးဆပ်ရမည်ဖြစ်ကြောင်းလည်း ၎င်းက ထပ်လောင်းပြောသည်။

ယမန်နေ့ (သြဂုတ် ၁၄)ရက် ညနေ ၈နာရီတွင် စစ်ကော်မရှင် လေကြောင်းဗုံးကြဲမှု လုပ်ရက်သည် ဆိုးရွားကြောင်း၊ ဗုံးဒဏ်ကြောင့် လူများလည်း တစစီဖြစ်သွားကြောင်း။ စစ်ကော်မရှင် အနေဖြင့် အရပ်သားကို ဦးတည်ပြီး လေကြောင်းဗုံးကြဲမှုကို ရပ်တန့်ပေးစေလိုကြောင်းလည်း မိုးကုတ်ဒေသခံ အမျိုးသမီး တစ်ဉီးကပြောသည်။
“ မနေ့က ဖြစ်ရပ်ကတော်တော်ဆိုးရွားတယ်။ ဒဏ်ရာရသူလည်း စိုးရိမ်ရသလို သေတဲ့သူတွေလည်း အလောင်းတွေ တစစီဖြစ်သွားတယ်။ အရပ်သားကို ဦးတည်ပြီး ပစ်တာ ရပ်စေချင်တယ်” ဟု ၎င်းအမျိုးသမီးက ဆိုသည်။
အလားတူ ပြီးခဲ့သည့် ဩဂုတ်လ ၉ ရက်နေ့ နှင့် ဩဂုတ်လ ၂ ရက်နေ့တွင်လည်း မိုးကုတ်မြို့ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရဟန်းသံဃာတော် တစ်ပါးအပါအဝင် ပြည်သူ ၁၇ဦးသေဆုံးပြီး ပြည်သူ ၁၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီလမှ ဩဂုတ်လ ၁၄ ရက်အထိ (၈)လအတွင်း စစ်ကောင်စီ၏လေကြောင်း ဗုံးကြဲမှုကြောင့် ကလေး ၁၂ ဦး အပါအဝင် ၅၈ သေဆုံးခဲ့ပြီး ကလေး ၄ဦး အပါအဝင် ၈၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း ကောက်ယူထားသော စာရင်းအရ သိရသည်။












Leave a Comments