သျှမ်းပြည် မြောက်ပိုင်း၊ မူဆယ်မြို့တွင် အမည်မသိ လက်နက်ကိုင်အမျိုးသားနှစ်ဦးက နေအိမ် တစ်အိမ်အတွင်း ဝင်ရောက်ကာ အိမ်ရှင်အမျိုးသမီးတစ်ဦးကို ရိုက်နှက်ကာ ဓားပြတိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့ (စက်တင်ဘာလ ၁၀ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ စွန်စော်ရပ်ကွက်တွင် အမည်မသိ လက်နက်ကိုင်အမျိုးသားနှစ်ဦးက နေအိမ်တစ်အိမ်အတွင်း ဝင်ရောက်ကာ နေအိမ်အတွင်းရှိ အမျိုးသမီးကို ရိုက်နှက်ခဲ့ပြီး ယွမ် ၅ သောင်းဝန်းကျင် နှင့် ရွှေများ ဓားပြတိုက်လုယူခဲ့ကြောင်း မူဆယ်မြို့ခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“အမျိုးသမီးတယောက်တည်း ရှိနေတဲ့ အချိန်ဖြစ်သွားတာ။ဓားပြတိုက်ခံရတဲ့ အချိန်ဘယ်သူမှ မသိကြဘူး။ အဲ့အမျိုးသမီးကို ရိုက်လိုက်တာ သတိမေ့သွားတဲ့။သေနတ်တွေပါနဲ့ အမျိုးသားနှစ်ယောက် ဆိုင်ကယ်နဲ့ လာပြီး ဓားပြတိုက်သွားတာ။ ယွမ်ငွေ ၅ သောင်းနဲ့ ရွှေတွေ ယူသွားတယ်ရွှေက ဘယ်လောက်ပါသွား လဲတော့မပြောတက်ဘူး” ဟု မူဆယ်မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
ရိုက်နှက်ခံရသည့် အမျိုးသမီးကို ဖြစ်စဉ်ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံဘက်ရှိ ဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း သိရသည်။
ထိုနောက် အခင်းဖြစ်ပွားသည့် နေအိမ်အနီးရှိ CCTV မှတ်တမ်းများကို စစ်ဆေးကာ ကျူးလွန်သူများကို သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံရှာဖွေခဲ့ကြောင်း သိရသည်။
မူဆယ်မြို့တွင် အမည်မသိလက်နက်ကိုင်အဖွဲ့များက ဒေသခံများထံ သေနက်ဖြင့် ခြိမ်းခြောက်ပြီး ဓားပြတိုက်ခြင်း၊ လူပြန်ပေးဆွဲခြင်း မကြာခဏ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများကပြောသည်။
မူဆယ်မြို့အနီးတဝှိက်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားလျက်ရှိသကဲ့သို့ မြို့အတွင်း၌လည်း စစ်ကော်မရှင်တပ်ဖွဲ့များနှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ၁၅ ဖွဲ့ထက်မနည်းလှုပ်ရှားနေကြောင်း သိရသည်။












Leave a Comments