သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် သိမ်ကုန်းကျေးရွာ အုပ်စုတွင် တောင်ကျရေကြောင့် စပါးခင်းအားလုံးနီးပါး ပျက်စီးသဖြင့် နောက်နှစ်အတွက် ဆန်ရှားပါးမှုကြုံတွေ့လာနိုင်ကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်နေ့တွင် သိမ်ကုန်းကျေးရွာအုပ်စု ကုန်းစောင်းကျေးရွာနှင့် အုံအက်ကျေးရွာတွင် တောင်ကျရေကြောင့် နေအိမ်နှင့် စိုက်ပျိုးထားသည့် စပါးခင်းများပျက်စီးခဲ့ပြီး လူ(၈)ဦးသေဆုံးခဲ့သည်။
ထိုတောင်ကျရေ တိုက်စားပြီးနောက် ပင်းတယ မြို့နယ် သိမ်ကုန်းကျေးရွာ၊ အုံအက်ကျေးရွာနှင့် ကုန်းစောင်းကျေးရွာ ၊ကံသာကျေးရွာ၊ တပ်ကြီးကျေးရွာ၊ ရွှေပုထိုးကျေးရွာ၊ နောင်တခေါကျေးရွာ ၊ ဇော်ဂျီကျေးရွာ ၊ မိုင်းအင်ကျေးရွာနှင့် သပြေကုန်ကျေးရွာတို့တွင် စပါးစိုက်ပျိုးထားသည့် ဧကအားလုံးနီးပါး ပျက်စီးသွားခဲ့သည်။
ထို့ကြောင့် နောင်လာမည့်နှစ်အတွက် ရွှေရင်အေးဆန်များရှားပါးနိုင်ကြောင်း သိမ်ကုန်းကျေးရွာနေ အသက် ၃၀ အရွယ်ရှိ အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“ရေထွက်သီးနှံတွေ အကုန်ပျက်စီးကုန်တယ်။ စပါးတို့ မုန်ညင်းတို့ ခရမ်းချဉ်တို့ဆို ဘာမှမကျန်တော့ဘူး။ အကုန်ပျက်ကုန်တယ်။နောက်ပြီး ဒီနှစ်က စိုက်ထားတဲ့ စပါးခင်းတွေ အကုန်ပျက်ကုန်တော့ နောက်နှစ်ဆန်တွေ ရှားလာနိုင်တယ်။”ဟု ၎င်းကပြောသည်။
ထိုသို့ တောင်ကျရေကြောင့် အုံအက်ကျေးရွာနှင့် ကုန်းစောင်ကျေးရွာ ဒေသခံများသည် သိမ်ကုန်းကျေးရွာသို့ ရွာလုံးကျွတ်ပြောင်းရွှေ့ခဲ့ရကြောင်း ၎င်း အမျိုးသမီးက ဆက်ပြောသည်။
အလားတူ ရပ်စောက်မြို့နယ်တွင်လည်း တောင်ကျရေကြောင့် လယ်ဧက ရာချီပျက်စီးသွားပြီး၊ တံတားနှင့် လမ်းများ ပျက်စီးသွားသောကြောင့် ကုန်စည်ကူးသန်ရန် အတွက် ခက်ခဲမှုကြုံတွေ့နေရကြောင်း သ ရပ်စောက်ဒေသခံ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ရပ်စောက်ဘက်မှာလည်း ရေတွေ တက်တာ၊အိမ်ထဲထိပါ ရေတွေဝင်တာ။ စိုက်ထားတဲ့ စပါးခင်းတွေလည်း အကုန်မြုပ်။ နောက်နှစ်တော့ ဆန်တွေစားစရာ ခက်မယ်ထင်တယ်။ ဒီနှစ်က တော်တော် ပျက်စီးကုန်တာ။ ပင်းတယလည်း အများကြီးပျက်တယ် ကြားတယ်။ ရပ်စောက် -ပင်းတယ ဆက်ထားတဲ့ တံတားလည်း ကျိုးဆိုတော့ သွားလာရလည်း အဆင်မပြေဘူး။” ဟု ၎င်းအမျိုးသားက ဆိုသည်။
အဆိုပါ ပျက်စီးသွားသော တံတားသည် ဒေသခံများ နေ့စဉ် အသုံးပြုနေသော တံတားဖြစ်ပြီး ယခုကဲ့သို့ ပျက်စီးသွားသောကြောင့် ကုန်စည်ကူးသန်း ရောင်းဝယ်မှု၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာအတွက် နှောင့်နှေးကာ ဒုက္ခကြုံရသည်ဟု အဆိုပါ အမျိုးသားက ပြောသည်။
ထို့ပြင် ပင်းတယမြို့နယ် ပန်းစစ်ကျေးရွာနှင့် ကြံခင်းမြောင် ကျေးရွာတွင်လည်း တောင်ကျရေကြောင့် လမ်းများ မြေပြိုက ပျက်စီးသွားပြီး ဖြတ်သန်းသွားလာမှု မရတော့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်တွင် ဆီဆိုင်မြို့နယ် ပုံးအင်းဒေသ၌ မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး တောင်သူများ အကြွေးယူ စိုက်ပျိုးထားသည့် စပါးခင်း ဧက တစ်သောင်းကျော် ရေနစ်မြုပ်သွားသည်။
ပုံးအင်းဒေသသည် သျှမ်းပြည် တောင်ကြီး၊ ဟိုပုံးနှင့် ဆီဆိုင်မြို့နယ် တွင်ပါဝင်ပြီး ဆန်စပါးစိုက်ပျိုးရေးကိုသာ အဓိကလုပ်ကိုင်ကြသည့် ဒေသဖြစ်သည်။
ယခုလက်ရှိ သျှမ်းတောင်ရှိ ကလော၊ အောင်ပန်း၊ ညောင်ရွှေ၊ ရပ်စောက်၊ ပင်းတယ ၊ရွာငံ နှင့် အင်းလေးဒေသဘက်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး အရေးပေါ်ကူညီများ လိုအပ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင်လည်း သျှမ်းတောင်အပါဝင် တစ်နိုင်ငံလုံးနီးပါး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ရေဘေးသင့်သူ ထောင်ချီရှိခဲ့သည်။












Leave a Comments