သျှမ်းပြည် နောင်ချိုမြို့ပေါ်ရှိ အရပ်ဘက်ဆိုင်ရာ စီမံအုပ်ချုပ်မှုရုံးလုပ်ငန်းများကို လုံခြုံသည့်နေရာသို့ ပြောင်းရွှေ့ထားကြောင်း TNLA ဘက်မှ ထုတ်ပြန်လိုက်သည်။
မေလတွင် စတင်ခဲ့သည့် စစ်ကောင်စီတပ်၏ ပြင်းထန်သည့် ထိုးစစ်ဆင်မှုကြောင့် နောင်ချိုမြို့တွင် တိုက်ပွဲများ ပြင်းထန်နေပြီး မြို့စီမံအုပ်ချုပ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် ခက်ခဲလာခြင်းကြောင့် ယမန်နေ့ (ဇူလိုင်လ ၁၅ ရက်) မှ စတင်ပြီး နောင်ချိုမြို့ပေါ်ရှိ အရပ်ဘက်ဆိုင်ရာ စီမံအုပ်ချုပ်မှုရုံးလုပ်ငန်းများကို အခြားလုံခြုံသည့်နေရာသို့ ပြောင်းရွှေ့ထားကြောင်း TNLA ဘက်မှ ယနေ့ (ဇူလိုင်လ ၁၆ ရက်) နေ့လယ်ပိုင်းတွင် သတင်းထုတ်ပြန်သည်။
နောင်ချိုဒေသတွင် TNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်အကြား မေလမှ ဇူလိုင်လ (၁၅) ရက်အထိ တိုက်ပွဲဖြစ်ပွားမှု (၃၁၉) ကြိမ်၊ တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု (၁၀၆) ကြိမ်၊ ဒရုန်းတိုက်ခိုက်မှု (၁၆၂) ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု (၄၆၉၂) ကြိမ်နှင့် အဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုက်မှု (၁၈၆) ကြိမ် ပြုလုပ်ခဲ့ပြီး ယနေ့အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

အလားတူ မေလမှ ဇူလိုင်လ (၁၅) ရက်အထိ စစ်ကောင်စီတပ်မှ ပြည်သူလူထုအား ဦးတည်တိုက်ခိုက်မှုကြောင့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် မိုင်းငေါ့မြို့ရှိ အရပ်သားသေဆုံးသူ (၂၃) ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ (၈၈) ဦး၊ ဘာသာရေးအဆောက်အဦ (၈) ကျောင်း၊ စာသင်ကျောင်း (၈) ကျောင်းနှင့် ပြည်သူနေအိမ် (၂၂၀) လုံး ထိခိုက်ပျက်စီးသွားကြောင်း TNLA ထုတ်ပြန်ချက်အရ သိရသည်။
နောင်ချိုမြို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေမည်ဖြစ်သောကြောင့် တိုက်ပွဲကြား ပြည်သူလူထု ကြားညှပ်မပိတ်မိစေရန် လုံခြုံရေး သတိထားပြီး နေထိုင်သွားလာရန်၊ လေကြောင်းအန္တရာယ် ကာကွယ်ရေးလမ်းညွှန်ချက်များ လိုက်နာကြရန် TNLA ဘက်မှ သတိပေးထားသည်။
ထို့အပြင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုင်းငေါ့မြို့တို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု မကြာခဏ လုပ်ဆောင်လာခြင်းကြောင့် ပြည်သူများမှ သတိဝီရိယဖြင့် နေထိုင်သွားလာရန် လိုအပ်ကြောင်း ဆိုထားသည်။
အခြားတစ်ဘက်တွင် ယမန်နေ့ (ဇူလိုင်လ ၁၅ ရက်) ညနေပိုင်းကတည်းက နောင်ချိုမြို့ပေါ် ပန်ဟတ်နှင့် ဈေးရပ်ကွက်ရှိ ဌာနဆိုင်ရာရုံးများ၊ ဘဏ်များသို့ စစ်ကောင်စီတပ်သားများ ဝင်ရောက်နေရာယူ ထိန်းချုပ်လိုက်ပြီး မြို့ပြင်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း နောင်ချိုဒေသခံများက ပြောသည်။
ပုံစာ – နောင်ချိုမြို့ ဈေးရပ်ကွက်ရှိ ဌာနဆိုင်ရာရုံးများသို့ စစ်ကောင်စီတပ်သားများ ပြန်လည်ဝင်ရောက်လာစဉ် (ဓာတ်ပုံ – တယ်လီဂရမ်)












Leave a Comments