တရုတ်နိုင်ငံအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆည်များ၏ ရေပိုလွှဲများ ဖောက်ချလိုက်သဖြင့် သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ရွှေလီမြစ် (နမ့်မောဝ်း) ရေကြီးလာပြီး သီးနှံစိုက်ခင်း ဧကပေါင်း (၄,၀၀၀) ကျော် ရေလွှမ်းမိုးသွားကြောင်း သတင်းရရှိသည်။
ဇူလိုင်လဆန်းမှစပြီး တရုတ်နိုင်ငံအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆည်များ၏ ရေပိုလွှဲများ ဖောက်ချနေသည့် အကျိုးဆက်သည် တရုတ်နိုင်ငံမှ ဖြစ်ဖျားခံပြီး စီးဆင်းလာမှုကြောင့် ရွှေလီမြစ်ရေ တိုးလာခြင်းဖြစ်ကြောင်းနမ့်ခမ်းမြို့ဒေသခံ စိုင်းတိုင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ရေကတော့ တဖြည်းဖြည်းနဲ့ တက်လာတယ်၊ အိမ်အနီးအနားမှာ ရောက်နေပြီ။ ရိတ်ရမယ့် စပါးတွေလည်း မရိတ်သေးဘူး။ တရုတ်ပြည်က ဆည်ရေဖောက်ချလိုက်တော့ ပိုဆိုးတယ်” ဟု စိုင်းတိုင်းက ပြောသည်။
ရွှေလီမြစ်ရေကြီးမှုကြောင့် မြစ်ကမ်းဘေး တစ်လျှောက်ရှိ သီးနှံစိုက်ခင်းများ ရေလွှမ်းမိုးခံရနေပြီး သီးနှံစိုက်ခင်း ဧကပေါင်း (၄,၀၀၀) ကျော်ရှိကြောင်း နမ့်ခမ်းမြို့ တောင်သူလယ်သမားများထံမှ သိရသည်။
ထိုထဲတွင် စပါးပျိုးခင်း အပါအဝင် ပြီးခဲ့သည့် ရက်ပိုင်းမှ စိုက်ပျိုးထားသော စပါးခင်းများ၊ မရိတ်သိမ်းရသေးသော စပါးခင်းများလည်း ပါဝင်ကြောင်း တောင်သူအမျိုးသမီးတစ်ဦးက ပြောသည်။

“ပျက်စီးဆုံးရှုံးမှုကတော့ များတယ်၊ ပြီးခဲ့တဲ့ ရက်ပိုင်းမှ စိုက်ထားတဲ့ စပါးတွေကော ပါတယ်။ စရိတ်ရသေးတဲ့ စပါးတွေလည်း ပါတာပေါ့။ ရေကြီးနေတာ တစ်ပတ်လောက်ရှိတော့မယ်၊ အခုထိ စပါးပင်တောင် ရေမပေါ်သေးဘူး” ဟု တောင်သူအမျိုးသမီးတစ်ဦးက ပြောသည်။
ထိုသို့ သဘာဝဘေးကြောင့် စပါးစိုက်ခင်းများ ရေလွှမ်းခံရသည့် အခြေအနေတွင် စပါး တစ်ဧကမှာ မြေသြဇာအပါအဝင် ၁၀ သိန်းအထိ ကုန်ကျစရိတ်ရှိကြောင်း ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင်လည်း တရုတ်နိုင်ငံ ကြယ်ဂေါင်ဒေသအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆည်ရေပိုလွှဲ ဖျောက်ချလိုက်သဖြင့် ရွှေလီမြစ်ရေကြီးပြီး သီးနှံစိုက်ဧကပေါင်း (၄၀၀၀) ကျော် ရေလွှမ်းမိုးခံခဲ့ရသည်။












Leave a Comments