Thursday, May 30, 2024

နမ္မတူမြို့ လယ်ယာများ ရေလွှမ်းမိုးမှုကြောင့် လယ်သမားများ စားဝတ်နေရေး စိုးရိမ်ရ

Must read

သျှမ်းပြည် နမ္မတူမြို့နယ် ကျေးရွာအချို့ရှိ လယ်ယာများ ရေလွှမ်းမိုးမှုကြောင့် နောက်လာမည့် နှစ်အတွက် စားဝတ်နေရေး အခက်အခဲဖြစ်လာမည်ကို လယ်သမားများက စိုးရိမ်နေကြောင်း စုံစမ်းသိရသည်။

နမ္မတူမြို့နယ် ရေကြီးရေလျှံ လယ်ဧက ရာချီပျက်စီး၊ လူသေဆုံးမှုထိရှိ

နမ္မတူမြို့နယ်ရှိ ကျေးရွာအချို့တွင် အောက်တိုဘာလလယ်၌ လယ်ယာမြေ ဧက ၅၀၀ ကျော် ရေလွှမ်းမိုးမှုကြောင့် စပါးနှင့် ပြောင်းခင်းများ ပျက်စီးခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တချို့လယ်တွေက ရိတ်ပြီး မသိမ်းလိုက်ရတာ့ လုံးဝ ဆုံးရှုံးသွားတယ်။ စပါးတွေက မအောင်ခင်မှာ အပင်က လဲပြီး ရေမြှုပ်သွားတာဆိုတာ့ ဒီစပါးပင်တွေက စပါးအဖျင်းတွေကြီးပဲ ဖြစ်သွားတာ”ဟု နမ္မတူဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အတူ ပြောင်းဖူးများလည်း ရေလွှမ်းမိုးမှုကြောင့် ပျက်စီးခဲ့ရပြီး ပြောင်းစိုက်တောင်သူများ အတွက် အခက်အခဲများစွာ ရင်ဆိုင်နေရသည်။

“ တချို့ပြောင်းဖူးချိုးလာပြီး အခွံခွာထားလည်း အပင်ပေါက်ကုန်ပြီပေါ့၊ ဘယ်မှာပြန်သုံးမလည်း အဲ့ဒါကိုတော့ စဉ်းစားနေရတာပေါ့။ စိုက်ခင်းကိုတော့ ဘာမှ ပြန်မလုပ်နိုင်သေးဘူး”ဟု နမ္မတူဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ္မတူမြို့နယ် ရေကြီးရေလျှံ လယ်ဧက ရာချီပျက်စီး၊ လူသေဆုံးမှုထိရှိ

ထိုပျက်စီးဆုံးရှုံးမှုများကြောင့် ပြည်သူများ စားဝတ်နေရေး ခက်ခဲလာပြီး ပိုက်ဆံများကို ချေးငှားကာ သုံးနေရကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ဆက်ပြောသည်။

စပါးနှင့် ပြောင်းချိုးရမည့် အချိန်ရောက်ခါနီး ယခုလို ရေလွှမ်းမိုးမှုကြောင့် ပျက်စီးသွားသဖြင့် တောင်သူများ စိတ်ဒုက္ခရောက်နေကြပြီး၊ သီတင်းကျွတ်ရာသီ ရောက်ခါနီး စားသောက်ရန် ခက်ခဲနေချိန် အလှူအတန်း ပြုလုပ်ရန်လည်း မလွယ်တော့ပေ။

“ဒီလိုပျက်စီးသွားတာဆိုတော့ စားဝတ်နေရေးအတွက် ခက်ခဲတာပေါ့၊ သီတင်းကျွတ် ရောက် တော့မှာဆိုတော့ စားဖို့သောက်ဖို့ လှူဖို့တန်းဖို့တွေလည်း ပါလာတော့ ငွေတိုးတွေယူပြီး ချေးငှား ရတယ်၊ စားဖို့အတွက်ဆိုရင်လည်း ပိုက်ဆံတွေက မရှိ”ဟု ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့ပြင် ယခုကာလသည် နိုင်ငံရေး၊ စီးပွားရေး ခက်ခဲနေချိန် ကူညီမှုများ အထောက်အပံ့များ နည်းပါးနေပြီး သက်ဆိုင်ရာမှလည်း စာရင်းကောက်ယူထားသော်လည်း အကြောင်းပြန် ဖြေရှင်းပေးခြင်း မရှိသေးကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် (အောက်တိုဘာလ ၁၂ရက်နေ့တွင်) တောင်ကျရေကြောင့် နမ္မတူမြို့နယ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး လယ်ယာမြေ ဧက ၅၀၀ ကျော်၊ ပြောင်းဖူးခြံ ၃၀ ဧက ခန့် ၊ အိမ် ၂ လုံး၊ တံတားနှင့်လမ်းအချို့ ပျက်စီးမှုများရှိခဲ့ပြီး ထိခိုက်သေဆုံးမှုလည်း ရှိခဲ့ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article