သျှမ်းပြည် ကလောမြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ရန်ကုန်မှ ခရီးသည်တင်ယာဉ်ဖြင့် လိုက်ပါလာသည့် အမျိုးသမီးတစ်ဦး မှတ်ပုံတင်စစ်ဆေးပြီးနောက် ဖမ်းဆီးခံလိုက်ရကြောင်း စုံစမ်းသိရသည်။
ဇူလိုင်လ (၂) ရက်တွင် သျှမ်း-မန္တလေးနယ်စပ် ကလောမြို့နယ်အဝင် စစ်ကောင်စီ၏ နန့်ပန်တက် စစ်ဆေးရေးဂိတ်၌ ရန်ကုန်မှ ထွက်ခွာလာသည့် Elite ခရီးသည်တင်ယာဉ်ပေါ် လိုက်ပါလာသူများ၏ မှတ်ပုံတင်ကို PSMS အက်ပလီကေးရှင်း အသုံးပြု၍ စစ်ဆေးခဲ့ရာ အသက် (၂၉) နှစ်အရွယ် မသက်ထားသူဇာ ကို PDF တပ်ဖွဲ့များအား အလှူငွေ ကောက်ခံပေးသည်ဟု ဆိုကာ ဖမ်းဆီးလိုက်ကြောင်း ဖြစ်စဉ်သိရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“သူတို့ (စစ်ကောင်စီ) ဆော့ဖ်ဝဲနဲ့ စစ်လိုက်တော့ အမှုဟောင်းရှိတယ် ဆိုပြီး ကားပေါ် ပေးမတက်တော့ဘူး။ အဲ့မိန်းကလေးက ခရီးသွားဖို့ ရပ်ကွက်ထောက်ခံစာလည်း ပါတယ်၊ အဲ့တာကို အမှုစစ်ဖို့ ခေါ်ထားတာ။ သူကိုယ်တိုင်လည်း ဘာအမှု လုပ်ထားမှန်း မသိဘူး”ဟု ကလောမြို့ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်မှ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ကလောမြို့နယ် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရသည့် မသက်ထားသူဇာ သည် ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်တွင် နေထိုင်ပြီး ထောက်ကြန့်နယ်မြေ ရဲစခန်း၌ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ (၅၀-ည) ဖြင့် အမှုဖွင့်လှစ်ခံထားရသူ ဖြစ်ကြောင်း စစ်ကောင်စီဘက်မှ ဇူလိုင် (၂) ရက်တွင် သတင်းထုတ်ပြန်သည်။

လက်ရှိတွင် ဖမ်းဆီးခံရသည့် အဆိုပါအမျိုးသမီးကို စစ်ကောင်စီမှ ကလော မြို့မရဲစခန်းတွင် ထိန်းသိမ်းထားပြီး အမှုရင်ဆိုင်နေကြောင်း ဖြစ်စဉ်သိရှိသူ ၎င်းအမျိုးသမီးက ဆက်ပြောသည်။
ပြီးခဲ့သည့် မေလ ၂၅ ရက်ကလည်း နမ့်စန်မြို့နေ ကျောင်းသူတစ်ဦးသည် တောင်ကြီးမြို့သို့ တက္ကသိုလ်တက်ရောက်ရန် ခရီးသည်တင်ယာဉ်ဖြင့် ထွက်ခွာလာစဉ် နမ့်စန်မြို့အဝင် ထင်းရှူးမြိုင် စစ်ဆေးရေးဂိတ်၌ တက်ဘလက်ဖြင့် မှတ်ပုံတင် တိုက်ဆိုင်စစ်ဆေးခံရပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၀ (ည) ဖြင့် ဖမ်းဆီးခံရကာ အေးသာယာ မြို့မရဲစခန်းတွင် အမှုဖွင့်လှစ် တရားစွဲခံထားရသည်။
အလားတူ မေလ ၂၂ ရက်ကလည်း ကျေးသီးမြို့နယ် မိုင်းနောင်မြို့အနီး စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွင် PSMS ဆော့ဖ်ဝဲဖြင့် စစ်ဆေးခဲ့ရာ ကျေးသီးမြို့မှ နမ့်စန်မြို့သို့ ဦးတည်မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်ပေါ်တွင် ဒဂုံ(မြို့သစ်) တောင်ပိုင်းမြို့နယ်မှ အသက် (၂၅) နှစ်အရွယ် မချစ်စု ဆိုသူ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ မီဒီယာများတွင် ဖော်ပြသည်။
လက်ရှိတွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်များ၌ စစ်ဆေးမှုတင်းကြပ်နေခြင်းကြောင့်မဖြစ်မနေ ခရီးသွားရန် လိုအပ်သူများအနေဖြင့် မိမိ၏ လက်ကိုင်ဖုန်းများ၊ ဓာတ်ပုံများ၊ Facebook နှင့် Telegram ကဲ့သို့ ဆိုရှယ်မီဒီယာ အကောင့်များကို ဂရုတစိုက် စစ်ဆေးပြီးမှ အိမ်ပြင်ထွက်ရန်၊ Wave Money နှင့် KPay ၊ AYA Pay ကဲ့သို့ အွန်လိုင်းငွေလွှဲဝန်ဆောင်မှုများ အသုံးပြုရာတွင် ငွေလွှဲငွေထုတ် သေချာစစ်ဆေးပြီး အထူးသတိပြုလုပ်ရန် လိုအပ်သည်။
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့နှင့် ကျေးသီးမြို့နယ် မိုင်းနောင်မြို့များရှိ စစ်ဆေးရေးဂိတ်များတွင်လည်း ရုရှားနည်းပညာသုံး ဆော့ဖ်ဝဲတစ်ခုဖြစ်သည့် (PSMS Application) သုံး၍ စစ်ကောင်စီ အလိုရှိသော CDM များ၊ ပုဒ်မ ၅၀၅ ဖြင့် စွပ်စွဲခံရသူများနှင့် PDF များကို ငွေကြေးထောက်ပံ့သူများအား လိုက်လံစစ်ဆေးနေကြောင်း သိရသည်။












Leave a Comments