သျှမ်း-ကရင်နီ နယ်စပ်တကြောကို စစ်ကောင်စီတပ် နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ စစ်အင်အား အလုံးအရင်းဖြည့်တင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းကြောင့် တိုက်ပွဲများပြင်းထန်နေကြောင်း စုံစမ်းသိရသည်။
ယနေ့ (ဇွန်လ ၂၄ ရက်) မိုးဗြဲမြို့ နှင့် ဖယ်ခုံမြို့နယ်ရှိ ဆောင်းနန်းခဲကျေးရွာ-နန်းတုန်ကျေးရွာ နှင့် ကုန်းသာကျေးရွာတို့တွင် စစ်ကြောင်းထိုးတိုက်ခိုက်နေသည့် စစ်ကောင်စီ ၊ပအိုဝ်းပြည်သူ့စစ် PNOပူပေါင်းတပ်ဖွဲ့ နှင့် တော်လှန်ရေးတပ်ပေါင်းစုတို့ သည် မြေပြင် ၃ နေရာတွင် စစ်ရေး ပြင်းထန်နေကြောင်း စစ်ရေးသတင်း အရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“စစ်ကောင်စီ နဲ့ PNO တို့က ဖယ်ခုံရှေ့ဘက်ကမ်းကို ထိုးဖောက်ချင်တာမျိုးပါ။ အခုက ဒီနေ့ (ဇွန်လ ၂၄ ရက်)တိုက်ပွဲတွေဖြစ်နေတာပါ။ကုန်းသာကနေတကြောင်း၊ မိုးဗြဲကနေတကြောင်း၊ နန်းတုန်-ဆောင်နန်းခဲတကြောင်း၊ စစ်ကြောင်းတွေထိုးပြီး တိုက်ပွဲ ၃ နေရာဖြစ်နေပါတယ်။”ဟု စစ်ရေးသတင်း အရင်းမြစ်တစ်ဦးက ပြောသည်။
ဆက်လက်၍ ယနေ့ ( ဇွန်လ ၂၄ ရက် ) ဖယ်ခုံမြို့ အရှေ့ဘက်ခြမ်း ဆောင်နန်းခဲကျေးရွာကို စစ်ကောင်စီ နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့က သာလွန်အင်အားဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အတွက် တော်လှန်ရေးတပ်ပေါင်းစုတို့ နှင့် တိုက်ပွဲများပြင်းထန်နေခဲ့ပြီး စစ်ကောင်စီမှ လေကြောင်းဖြင့်ပါ ဗုံးကြဲတိုက်ခိုက်နေကြောင်း ၎င်းစစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
“သူတို့ စစ်အင်အားတွေကို အတိအကျတော့မသိနိုင်ပေမယ့် အင်အားများတာတော့သေချာပါတယ်။ ဆောင်းနန်းခဲမှာ မနေ့(ဇွန်လ ၂၃ရက်)ညကနေစပြီး ကြီးကြီးကျယ်ကျယ်တိုက်ပွဲတွေဖြစ်နေတာပါ။ ဒီနေ့ လေကြောင်းဗုံးကြဲသွားတာကတော့ ၂ ကြိမ်ရှိပါပြီ။ ဖယ်ခုံ ခမရ ၃၃၆ ကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ကူနေတာပါ”ဟု စစ်ရေးသတင်း အရင်းမြစ်တစ်ဦးကပြောသည်။
စစ်ကောင်စီ နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့က ဖယ်ခုံမြို့ အရှေ့ဘက်ခြမ်း ဆောင်နန်းခဲကျေးရွာကို ယမန်နေ့ ( ဇွန်လ ၂၃ ရက် ) တွင်စစ်အင်းအားဖြည့်တင်းခဲ့ပြီး စတင်စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့ကြောင်း ၎င်းကဆက်ပြောသည်။
စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO အင်အားတို့သည် မိုးဗြဲမြို့ နှင့် ဖယ်ခုံမြို့ တစ်ကြောကို ပြန်လည်ထိန်းချုပ်နိုင်ရန် ပြီးခဲ့သည့် ယခုနှစ်ဆန်းပိုင်းမှစ၍ မြေပြင်ထိုးစစ်ဆင်မှုအပြင် ဝေဟင်လေကြောင်း တိုက်ခိုက်မှုများလည်း ပြုလုပ်နေလျက်ရှိသည်။
တော်လှန်ရေးတပ်ဖွဲ့များတို့ (၁) နှစ်ကျော်ကြာ ထိန်းချုပ်ထားသည့် မိုးဗြဲမြို့ကို ပြန်လည်ရယူရန် စစ်ကောင်စီက ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှစ၍ စစ်ကြောင်းများ ထိုးနေသော်လည်း လက်ရှိမချိန်ထိ ပြန်လည်ထိန်းချုပ်နိုင်ခြင်းမရှိပေ။
ပြီးခဲ့သည့် (ဇွန်လ ၂ ရက်) မှစ၍ စစ်ကောင်စီတပ် ၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်ဖွဲ့နှင့် တော်လှန်ရေး တပ်ပေါင်းစု တို့တိုက်ပွဲများကြောင့် ဖယ်ခုံအရှေ့ခြမ်းနေကျေးရွာ ၁၃ ခု နှင့် လူဦးရေ ၈၀၀၀ ကျော် ထွက်ပြေးနေရသည်။












Leave a Comments