သျှမ်းပြည် နမ္မတူမြို့နယ် မန်လီကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။
ယနေ့ (ဇွန်လ ၁၂ ရက်) နံနက်အစောပိုင်း (၁) နာရီကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ် မန်လီကျေးရွာရှိ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
“အဲ့နားမှာ တကယ်တမ်း ဘာမှ မရှိဘူး၊ တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းက ကပ်ရပ်ပဲ။ ဘုန်းကြီးကျောင်းထဲကို ပထမတစ်လုံး ကြဲတုန်းက ချက်ချင်းရှောင်လိုက်တော့ ဘုန်းကြီးနဲ့ ကိုရင်တွေ ကံကောင်းသွားတာ၊ ထိခိုက်မှုတော့ မရှိလိုက်ဘူး။ ဒီတခေါက်ဆိုရင် သုံးကြိမ်မြောက်ပေါ့ ဗုံးကြဲခံရတာ”ဟု နမ္မတူဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
စစ်ကောင်စီတပ်သည် မန်လီကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ပြည်သူလူထုများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ပြီး ဗုံးကြဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် ပြည်သူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA မှ ယနေ့နံနက်ပိုင်းတွင် သတင်းထုတ်ပြန်သည်။
သီပေါ-နမ္မတူ ကားလမ်းမကြီးပေါ် မန်လီကျေးရွာရှိ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို ၂၀၂၃ ဒီဇင်ဘာတွင် တစ်ကြိမ်၊ ၂၀၂၄ ဇန်နဝါရီလတွင် တစ်ကြိမ် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ထိုစဉ်က TLEC ကျောင်းဆရာမတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
တစ်နှစ်ခွဲကြာပြီးနောက် ယခုတစ်ခါ တတိယအကြိမ် ထပ်မံဗုံးကြဲခံရပြီးနောက် မန်လီကျေးရွာ ဒေသခံများသည် လေကြောင်းအန္တရာယ် စိုးရိမ်မှုကြောင့် မိုးတေ၊ ပန်လုံနှင့် ပန်သပြေရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း နမ္မတူဒေသခံ ၎င်းအမျိုးသားက ဆက်ပြောသည်။
နမ္မတူမြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA အပြင် ကချင်လွတ်လပ်ရေးတပ် KIA နှင့် သျှမ်းတပ် SSPP/SSA တို့လည်း သွားလာလှုပ်ရှားနေကြောင်း ဒေသခံများထံမှ သိရသည်။












Leave a Comments