သိန္နီမြို့မှ MNDAA ထပ်မံတပ်ဆုတ်မည်ဟု သတင်းထွက်နေသော်လည်း ပြန်လည်ထူထောင်ရေး ဆက်လုပ်နေ

သျှမ်းပြည် သိန္နီမြို့နယ်မှ ကိုးကန့်တပ်ဖွဲ့ MNDAA တပ်ဆုတ်ခွာနိုင်ကြောင်း သတင်းထွက်ပေါ်နေသော်လည်း ပြန်လည်ထူထောင်ရေးကို အရှိန်မပျက် ဆက်လက်လုပ်ဆောင်နေကြောင်း စုံစမ်းသိရသည်။

သိန္နီမြို့ကို တစ်နှစ်ခွဲကျော် ထိန်းချုပ်ထားသည့် ကိုးကန့်တပ်ဖွဲ့ MNDAA သည် လာမည့် စက်တင်ဘာလအတွင်း ထပ်မံတပ်ဆုတ်ရမည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသော်လည်း သိန္နီမြို့ပေါ်တွင် ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဲ့သို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်မပျက် ဆက်လက်လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

“သိန္နီကနေ ကိုးကန့်ပြန်ဆုတ်ရမယ် ဆိုတာလည်း ကြားတာ ကြာပြီပဲ၊ အခုမှ ကြားတာ မဟုတ်ဘူး။ ကွမ်းလုံ၊ လောက်ကိုင်ဘက်ထိ ဆုတ်မယ်လို့တောင် ကြားရတော့ နားမလည်ဘူး ဖြစ်နေတာ။ ကိုးကန့်ဘက်က တာဝန်ရှိသူတွေလည်း ပညာရေးအတွက် ကျောင်းဖွင့်ဖို့ လုပ်နေတော့လည်း ဘာဆက်ဖြစ်မယ်ဆိုတာ စဉ်းစားမရဘူး၊ ဆေးရုံလည်း ပြန်ပြင်နေတာပဲ”ဟု သိန္နီဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သိန္နီမြို့ကို “၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်း စတင်ခဲ့ချိန် ၂၀၂၃ စက်တင်ဘာလကုန်ကတည်းက ကိုးကန့်တပ်ဖွဲ့ MNDAA က ချင်းရွှေဟော်မြို့နည်းတူ ပထမဆုံး ထိန်းချုပ်နိုင်ခဲ့သည့် မြို့ဖြစ်ပြီး မြို့ပေါ်ရပ်ကွက်များကို မူလ (၄) ရပ်ကွက်မှ (၆) ရပ်ကွက်အဖြစ် ပြောင်းလဲသတ်မှတ်ပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်လျက်ရှိသည်။

သိန္နီမြို့သိမ်းတိုက်ပွဲအတွင်း ဗုံးဖောက်ခွဲခံရပြီး ပျက်ဆီးသွားသည့် သိန္နီမြို့ဝင်တံတားကို ကွန်ကရစ်တံတားအဖြစ် ပြန်လည်ပြင်ဆင် ပြီးစီး၍ မေလ ၂၉ ရက်တွင် MNDAA ဘက်မှ တံတားဖွင့်ပွဲ ပြုလုပ်ခဲ့ပြီး ကုန်တင်ကားကြီးများပါ ဖြတ်သန်းသွားလာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

အလားတူ သိန္နီမြို့ရှိ အထက(၂) စာသင်ကျောင်းကို လားရှိုးမြို့ ပြည်သူ့ဆေးရုံမှ သယ်ယူလာသည့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများဖြင့် MNDAA မှ ယာယီဆေးရုံ ဖွင့်လှစ်ထားခဲ့ရာ လက်ရှိတွင် သိန္နီပြည်သူ့ဆေးရုံကို ပြန်လည်ပြင်ဆင်ပြီး ဆေးကုသမှု တိုးချဲ့နိုင်ရန် လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

“လားရှိုးကနေ ဆုတ်ဖို့ လုပ်တုန်းကလည်း ကျောင်းတို့ ဆေးရုံတို့ကို အခုလို ပြင်ဆင်နေတာပဲ။ တကယ်လည်း တပ်ဆုတ်ရော အကုန်လုံးကို ထားခဲ့တာပဲ။ ကိုးကန့်စစ်သားတွေတော့ ဘာမှ ထူးခြားမှုတော့ မရှိပါဘူး။ လားရှိုး ပတ်ပတ်လည်လည်း အခု ၆ လပိုင်းအကုန်မှာ ထပ်ဆုတ်လာရမယ် ပြောတယ်”ဟု သိန္နီမြို့မှ ၎င်းဒေသခံ အမျိုးသားက ဆက်ပြောသည်။

တရုတ်၏ ဖိအားပေးမှုကြောင့် ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်တွင် လားရှိုးမြို့ပေါ်မှ MNDAA တပ်များ ဆုတ်ခွာပေးခဲ့ရသော်လည်း လားရှိုးမြို့နှင့် ၄ မိုင်အကွာအဝေးတွင် ဆက်လက်တပ်စွဲထားပြီး မြို့ပေါ်ရပ်ကွက် (၁၂) ခုကို စစ်ကောင်စီမှ ပြန်လည်အုပ်ချုပ်ခဲ့သည်။

ပုံစာ – သိန္နီမြို့ဝင်တံတားကို MNDAA ပြန်လည်ပြုပြင်ပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ – The Kokang)

ဇွန်လဆန်းပိုင်းမှ စတင်ပြီး လားရှိုးမြို့ပြင်ရှိ မန်ပျဉ်၊ နမ့်ပေါင်နှင့် နမ္မကျေးရွာအုပ်စုများတွင် လက်နက်ကြီးများကို ရွှေ့ပြောင်းမှုများ ရှိနေကြောင်း လားရှိုးဒေသခံများထံမှ သိရသည်။

“ကိုးကန့်ဘက်က လက်နက်ကြီးတွေ ရွှေ့ပြောင်းနေတာ ရှိတယ်၊ ထုနဲ့ထည်နဲ့ ကြီးကြီးမားမား ရှိတာတွေ နေရာရွှေ့နေတယ်။ နမ့်ပေါင်နဲ့ နမ္မဘက်ကနေ သယ်ထုတ်နေတာ။ တပ်ဆုတ်ဖို့ ရှိတယ်လို့တော့ အတည်မပြုနိုင်တဲ့ သတင်းတွေတော့ ကြားရတယ်”ဟု လားရှိုးမြို့နယ်မှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တရုတ်နိုင်ငံဘက်မှ ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်ရန်နှင့် ပိုးလမ်းမစီမံကိန်း BRI စတင်လာပါက လားရှိုးမြို့နည်းတူ သိန္နီမြို့မှ ကိုးကန့်တပ်ဖွဲ့ တပ်ဆုတ်သွားနိုင်ကြောင်း ၎င်းစစ်ရေးသတင်းရင်းမြစ်က ဆက်ပြောသည်။

“တပ်ဆုတ်ဖို့လည်း ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ပိုးလမ်းမစီမံကိန်း ဝင်လာတော့မှာ၊ အဲ့အချိန်ရောက်ရင် လမ်းမကြီးရဲ့ ဘယ်နှမိုင်အတွင်း လက်နက်ကိုင် မရှိရဆိုပြီး တရုတ်က လုပ်လိမ့်မယ်။ သိန္နီကတော့ ဘယ်လမ်းကြောင်းက လာလာ သူက လမ်းဆုံပဲ၊ သိန္နီက တပ်ဆုတ်ရလည်း ကိုးကန့်အတွက် ချင်းရွှေဟော်ဂိတ် ကျန်သေးတာပဲ” ဟု စစ်ရေးသတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။

ပြီးခဲ့သည့် မေလနောက်ဆုံးပတ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ၏ ခရိုင်စစ်ဦးစီးမှူးများကို တရုတ်ဘက်မှ ထပ်မံခေါ်ယူတွေ့ဆုံခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့သော်လည်း သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

လက်ရှိ သိန္နီမြို့တွင် လူသူနေထိုင်ခြင်း မရှိသည့် အိမ်နှင့် ဆိုင်ခန်းများကို တရုတ်စီးပွားရေးသမားများက ဈေးကြီးပေးကာ ငှားရမ်းနေကြပြီး မြို့အနီးတဝိုက်တွင် တရုတ်ဆက်သွယ်ရေး ဖုန်းလိုင်းများပါ ရရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...